menu

Thursday 7 June 2012

ဆက်သွယ်ရေးဈေးကွက်သို့ ဆွီဒင်နှင့်အမေရိကန်အခြေစိုက်ကုမ္ပဏီများဝင်ရောက်မည်

မြန်မာနိုင်ငံဆက်သွယ်ရေးဈေးကွက်အတွင်းသို့ ဆွီဒင်နှင့် အမေရိကန်အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီများ က ၀င်ရောက်လာတော့မည်ဖြစ်ကြောင်း သိရှိရသည်။

ဆွီဒင်နိုင်ငံ အခြေစိုက် ကုမ္ပဏီဖြစ်သော Ericsson နှင့် ဖရန်ကိုအမေရိကန်ဆက်သွယ်ရေး ကုမ္ပဏီ Aleatel-Lucent တို့က ၂၀၁၂ ခုနှစ်၊ ဇွန်လ အတွင်း မြန်မာ့ဆက်သွယ်ရေး ဈေးကွက်အတွင်းသို့ နေရာတစ်ခုရရှိရန် ဝင်ရောက်လာတော့မည်ဖြစ်သည်။

“ပြည်ပကုမ္ပဏီတွေဝင်လာရင် ပြည်တွင်းမှာ ဆက်သွယ်ရေးစနစ်တွေ ပိုကောင်းလာမယ်လို့ ကျွန်တော်တို့ ထင်တယ်။ ဒီလထဲတောင် ပြည်ပနိုင်ငံကုမ္ပဏီတွေ ၀င်လာပြီး ကုမ္ပဏီရုံးခန်း လာဖွင့်မယ်”ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ  တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ဆက်သွယ်ရေးဈေးကွက်ဝေစုတစ်ခု ရရှိစေရန် ရန်ကုန်မြို့တွင် ယခုလအတွင်း Ericsson ကုမ္ပဏီက ရုံးခန်းလာရောက် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

မြန်မာနိုင်ငံမှ ဆက်သွယ်ရေးကုမ္ပဏီကြီးများမှာ ရတနာပုံ၊ Elite Tech၊  Fortune ၊Asia Maker Link တို့မှ လက်ရှိအချိန်တွင် အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိသည်။

အလားတူ Nokia၊တရုတ်နိုင်ငံအခြေစိုက် Huawei၊ Technologies ZTE ကုမ္ပဏီတို့မှာလည်း   မြန်မာ့ ဆက်သွယ်ရေးဈေး ကွက်အတွင်းသို့ ပိုမိုဝင်ရောက်ရန် ကြိုးစားကြမည်ဖြစ်ကြောင်း မိုဘိုင်းဖုန်းဈေးကွက်အတွင်းက သိရှိရသည်။

လက်ရှိ ပြည်တွင်းမိုဘိုင်းဖုန်းဈေးကွက်၌ လူသုံးအများဆုံး မိုဘိုင်းဖုန်းများမှာ တရုတ်နိုင်ငံထုတ်ဖုန်းများဖြစ်ပြီး၊ နယ်ဈေးကွက်အား ပိုမိုအားပြုရောင်းချလျက်ရှိကြောင်း ရန်ကုန်မြို့တွင်ရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်များက သိရှိရသည်။

“လက်ရှိမှာ အရောင်းအကောင်းဆုံးဖုန်းတွေက HTC, Nokia ပါ။ ဒီမိုဘိုင်းဖုန်းတွေက နယ်တွေမှာ အသုံး များတယ်။ ကျွန်မတို့ဆီမှာ တစ်လကို အနည်းဆုံးအလုံးရေ (၃၀၀၀) ကျော်လောက် ရောင်းရတယ်။” ဟု မင်္ဂလာဈေးရှိ ကိုစိန်မြင့် ဖုန်းအရောင်းဆိုင်မှ တာဝန်ရှိသူက ပြောသည်။

မိုဘိုင်းဆက်သွယ်ရေးစနစ်မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးလာပြီးနောက် မိုဘိုင်းဖုန်းအရောင်းဆိုင်များအနေဖြင့် တစ်နေ့လျင် ပျမ်းမျှဖုန်းအလုံးရေ(၂၀)မှ(၁၀၀)အကြား နေရာအလိုက် ရောင်းချနေရကြောင်း မိုဘိုင်းဖုန်း အရောင်းဆိုင်များက စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်း အလုံးရေသန်း(၃၀)စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဆက်သွယ် ရေးကုမ္ပဏီများ   ဈေးကွက်အတွင်းသို့ ၀င်ရောက်မှုများပြား လာပါက ဈေးကွက်ယှဉ်ပြိုင်မှုသဘောတရားအရ ဆက်သွယ်ရေးပစ္စည်းများအား   ဈေးနှုန်းသက်သာစွာဖြင့် ပိုမိုအသုံးပြုနိုင်မည်ဖြစ်ကြောင်း ဈေးကွက်လေ့လာသူများက သုံးသပ်ကြသည်။

by Myit Makha Mediagroup

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis