လျှပ်စစ်မီး မရှိတဲ့ပြသနာ။ လုပ်ခလစာ မလုံလောက်တဲ့ပြဿနာတွေကို
မေ့အောင်လုပ်ကြတော့မှာလား။ လွတ်လပ်မှုကို တောင်းဆိုဖို့ထက်
ဘာအရေးကြီးရဦးမှာလဲ။
၁၉၆၈ ခုနှစ် တရုတ်-ဗမာ အဓိကရုဏ်းကြီးရဲ့ ကြေကွဲဘွယ်ရာဖြစ်ရပ်တွေကို မမေ့ကြဖို့ပါပဲ။ အပြစ်မရှိတဲ့ တရုတ်-မြန်မာ တွေ သေကြရတယ်။
တရုတ် ဗမာအရေးအခင်းရဲ့ အဓိကတရားခံက ဦးနေ၀င်း၊ တရုတ်နီသံရုံးကို
စတင်တိုက်ခိုက်ပေးခဲ့တာက ဘိုးတော် တင် ဦး (ဦးနေ၀င်း တာဝန်ပေးချက်အရ)။
ဒါပေမဲ့ သူတို့ လွတ်သွားတယ်။ အပြစ်မဲ့ ပြည်သူတွေ သေရတယ်။
၁၉၆၈
ခုနစ် တရုတ်-ဗမာ အဓိကရုဏ်းကြီးကတော့ အဓိက ဆန်ပြတ်သွားတဲ့ ပြဿနာပေါ့။ ၆၂
အာဏာသိမ်းပြီးကာစ က စနစ်ပြောင်းတယ်ပေါ့။ ဖိနှိပ်တဲ့ ဘူဇွာလူတန်းစားက
အာဏာကို ဆိုရှယ်လစ်အစိုးရက လွဲပြောင်းယူလိုက်တယ်။ ပြောင်း တယ်ပေါ့။
အရွေ့ပေါ့လို့ သုံးသပ်သူတွေက ခုလိုပါပဲ များတယ်။
ဆိုရှယ်လစ်စနစ်ကို ဦးတည်ချီတက်မယ်ပေါ့။ ဒါပေမဲ့ နိုင်ငံမှာဆန်ပြတ်တယ်။
ထွက်ကုန်တွေကို ပြည်သူပိုင်သိမ်းတော့ အကုန်ရှားကုန်သပေါ့။ ဈေးထဲမှာ
အဒေါ်ကြီးတွေက ငစိန်တပြည် ၃ ကျပ် ထမိန် ခါးမကပ်လို့ ကြွေးကြော်ကုန်တယ်။
(ထမိန်ကိုပေါင်ပြီး ဆန်ဝယ်ရတဲ့ဘ၀ကို ပြောတာပါ။)
သင်္ဘောဆိပ်၊ ရထား ဘူတာတွေမှာ စစ်တပ်ချပြီး ခရီးသည်တိုင်းရဲ့ အိတ်တွေကို စစ်ကြတယ်။ ခုခေတ် လေဆိပ်မှာ ရဲတွေက ဗုံးရှာသလိုပေါ့။
ကျနော်အဖေ၊ ဘကြီး၊ ဦးလေးတို့ဟာ ရန်ကုန် တဖက်ကမ်း သုံးခွကအမျိုးတွေဆီကို
နေ့တိုင်းသွားရတယ်။ အပြန်မှာ ဆန်လေးတွေကို ခါးပုံစနဲ့ထည့်ပြီး
ပြန်လာကြတာမှတ်မိတယ်။ လွယ်အိတ်တလုံးစာထည့်ရင်တောင် စစ်တပ်ကသိမ်းတာ လေ။
ဆန်စားစရာမရှိအောင် ပြတ်သွားတာကိုး။ ကျနော်က ကျောင်းမနေသေးဘူး။ လူက
သန်ထနေတော့ ဗိုက်ပူနံကား နဲ့ ထမင်းကို သိပ်စားသပေါ့။ ရှားပါးရတဲ့အထဲမှာ
ကျနော်က ဇလုံကြီးနဲ့ နှစ်လုံးသုံးလုံး စားတယ်။
အော် … အဖေတို့ ဘကြီးတို့ ဦးလေးတို့ ကျေးဇူးကြီးပါပေတယ်။
တရုတ် ဗမာ ရိုက်ပွဲကြီး စဖြစ်တဲ့နေက ကျနော်က ရန်ကုန်မြို့ ၂၇ လမ်းက
ကျနော့် အဒေါ်ကြီးအိမ်မှာ ရောက်နေတယ်။ အဖေက စစ်တပ်ကထွက်တော့ သိမ်ကြီးဈေး
(ဒီ) ရုံမှာ ဆိုင်ခန်းလေးဖွင့်ပြီး ဈေးရောင်းစားကြတယ်။
ညနေစောင်းလောက်မှာ လူအုပ်ကြီး နှစ်အုပ်ကိုတွေ့တယ်။ ဆဲကြ ဆိုကြ။ နောက်တော့
တဘက်နဲ့ တဘက် အသေထိုး နှက် တိုက်ခိုက်ကြတော့တယ်။ ကျနော်နဲ့အတူ
ကျနော့်ညီဝမ်းကွဲ ဇော်မင်း နောက်ပိုင်း အင်းစိန်ထောင်လူမိုက် ၀က်က လေး
ဆိုသူ ဖြစ်လာသူပေါ့၊ သူက ထောင်ထဲမှာ လူပြန်သတ်တယ်ဆိုပဲ။)
ကျနော်က ၅
နှစ်ခန့် ဇော်မင်းက ၃ နှစ်ခန့်။ ကျနော်တို့ ညီအကိုနှစ်ယောက် ၀ရန်တာကနေ
ကြည့်ရတော့တာပဲ။ ကျနော် တို့ အကိုကြီးဆုံးတွေဖြစ်တဲ့ ကိုဖြူ၊
ကိုစိန်လှိုင်၊ ကိုအေင်သန်း၊ ကိုဝင်းဦး၊ ကိုတင်ထွတ်၊ ကိုတင်လှိုင်၊
ကိုရွှေသန်း စတဲ့ အကိုတွေကလဲ အလွန်ဆုံးမှာ ၁၃ နှစ် ၁၄ နှစ်တွေပေါ့။ သူတို့က
မင်းတို့ကငယ်တယ်။ အိမ်မှာနေခဲ့ဆိုတော့ နေခဲ့ရ သဗျ။ သူတို့က
ရရာလက်နှက်ကိုယ်စီဆွဲပြီး ဗမာတွေဘက်က ကူမယ်ပေါ့ဗျာ။
အကိုတွေက
ထွက်သွား၊ လူကြီးတွေအားလုံးက ဆိုင်ကနေမပြန်လာကြသေးတော့ ကျနော်တို့ အဖို့
လွတ်လပ်ရေး အ ပြည့်အ၀ရပြီး သမိုင်းဝင် အဓိကရုဏ်းကြီးကို အနီးကပ်လေ့လာခွင့်
ရနေတယ်။ ၀ါတာလူးစစ်ပွဲကို ကြည့်ရသလိုပေါ့ဗျာ။
တရုတ်တွေကို
ဒါးတွေနဲ့ ခုတ်ဖြတ်တိုက်ခိုက်လိုက်တယ်။ တရုတ်ကျောင်းသားတချို့က
မော်စီတုန်းရင်ထိုးကို ရင်ပတ်မှာ ထိုးပြီး တိုက်ပေါ်ကနေ ခုန်ချ သတ်သေပြတယ်။
လမ်းမကြီးထဲမှာ တရုတ်နဲ့ ဗမာ ရိုက်ကြတော့ ပထမပိုင်းမှာ သူမသာ ကိုယ်မသာ
ဖြစ်နေတယ်။ ရှေ့တိုးလိုက် နောက်ဆုတ်လိုက်နဲ့ အစွမ်းကုန်တိုက်ခိုက်နေကြတယ်။
မြို့ထဲ ၂၇ လမ်းအနီးက စတင်ရိုက်လိုက်တဲ့ ရိုက်ပွဲက တပြည်လုံးကို
ပြန့်သွားတယ်။ အပြစ်မဲ့တွေ သေကြေခဲ့ရတယ်။ ထူးခြားတာကတော့ မြန်မာတွေနဲ့အတူ
အိန္ဒိယနွယ်ဘွားတွေက ကူရိုက်ကြတယ်။
ကျနော့် အကိုဝမ်းကွဲတွေက
တနေ့ကုန် လူကြီးတွေရိုက်ပွဲကို နောက်ကနေလိုက်နေကြတယ်။ သူတို့ကိုယ်တိုင်တော့
ဝင် ရိုက်ကြဟန် မတူဘူး။ သူတို့ကိုယ်တိုင်က ငယ်ကြသေးတာကိုး။
ဒါပေမဲ့ သူတို့ပြန်လာရင် ပုဆိုးလှန်ပြီးသယ်လာတဲ့ ကစားစရာတွေပါလာတယ်။
တရုတ်အိမ်တွေက လုလာတဲ့ပစည်းတွေ ကို လူကြီးတွေပစ်သွားတာတွေကို
သူတို့လိုက်ကောက်ကြတာပါ။ သူတို့လုံချည်ထဲမှာ ထည့်လာတဲ့ပစ္စည်းတွေကို သွန်ချ
လိုက်တယ်။ ကျနော်တို့ လုကြတယ်။
ပစ္စည်းတွေက ကစားစရာတွေ၊ ဓါတ်ဘူး၊ မီးခြစ်၊ ဓါတ်မီး၊ ရေဒီယို ဆံညှပ်တွေပါ။
ကျနော်အတွက်တော့ သံပတ်ကားတစီး၊ ရထားတစီး သံလိုက်တုံးတတုံးနဲ့အရုပ်တွေရတယ်။
ကျနော်တို့ ပျော်ကြတယ်။ ပျော်မဆုံးခင် ကျနော်တို့ ဘကြီးတွေဖြစ်တဲ့
ဘကြီးဦးစံသိန်း၊ ဘကြီးဦးသုခ၊ ဘကြီး စိန်ဟန်တို့ရောက်လာတော့ တိုင်း
ပြည်ပျက်နေရတဲ့ထဲ အပြင်ထွက်ရကောင်းလားဆိုပြီး ကျနော်တို့ကို ဆော်တော့တာပဲ။
ဒါပေမယ့် နောက်တနေ့မနက်မှာတော့ ဘကြီးဦးစံသိန်းလက်ထဲမှာ
ကိုဖြူတို့လမ်းကကောက်လာတဲ့ ပစ္စည်းတွေထဲက တရုတ်မီးချစ်တလုံးနဲ့
ဆေးလိပ်မီးညှိနေလေရဲ့။ ဘကြီးခ က တရုတ်ဓါတ်မီးအပျက်ကို ပြန်လည်ပြုပြင်ရင်း
အလုပ်ရှုပ်နေ တယ်။ ဘကြီးစိန်ဟန် ကတော့ တရုတ်ရေဒီယို အသေးလေးကို ကလိနေတယ်။
ဒါကလဲ ကိုဖြု ဦးဆောင်တဲ့ ညီအကို တော်များစစ်ကြောင်းက သိမ်းဆည်းပစ္စည်းတွေထဲက
တခုအပါအ၀င်ပါ။ လိုင်းကောင်းကောင်းမမိသေးတော့ ရေဒီယိုက
အသံသေး အသံကြောင် မျိုးစုံထွက်နေတယ်။ ကျနော်တို့ ၀ိုင်းအုံကြည့်နေတယ်။
ကိုစိန်လှိုင်က ရေဒီယိုကအသစ် အတိုင်းပဲနော်ဆိုတယ်။ ဘကြီးစိန်ဟန် ဟိုကလိ
ဒီကလိလုပ်နေတုံး ဗျုန်းဆိုလိုင်းမိသွား တယ်။ ပီကင်းအသံလိုင်း ၀င်လာတယ်။
နေ၀င်း၊ စမ်းယု စစ်အစိုးရ ကျဆုံးပါစေ။ နေ၀င်း၊ စမ်းယု ဘူဇွာအစိုးရရဲ လူသတ်
ဝါဒကို တရုတ်ပြည်သူ့သမတနိုင်ငံက ပြင်းထန်စွာ ရှုတ်ချတယ်ဆိုတဲ့ ဗမာလို
မပီကလာပီကလာ ဆဲဆိုထားတဲ့ အသံက ထွက်လာတယ်။
ဆဲတာမှ ယောက်ကျားတလှည့်
မိန်းမတလှည့် ဆဲကြတာ။ ဘကြီးလဲ အသံကို ပြန်တိုးဖို့ခလုပ်ကို
ဘယ်ရှာရမှန်းသိဘူး ဖြစ်နေတယ်။ ဘေးအိမ်ကကြားရင် အစိုးရက လာဖမ်းမှာကိုလဲ
သူတို့ လန့်နေကြတယ်။ နောက်မှာ အသံထိမ်းခလုပ်ကို စမ်းမိပြီး
ရုတ်တရက်တိုးချလိုက်တယ်။ ဘေးအိမ်တွေက စူးစမ်းကြတယ်။ ပီးကင်းအသံကို
ကျနော်တို့ တူအရီးတအုပ် နံနက်တိုင်း နားထောင်ကြတယ်။ တရုတ်အစိုးရက
တော်တော်စိတ်ဆိုးတယ်။ စတင်လှုံ့ဆော်တဲ့ ဘိုတော် တင်ဦးကို အပြစ်ပေးဖို့
တောင်းဆိုထားတယ်။
အရေးအခင်းတွင်းမှာ တရုတ်အိမ်တွေ အဖျက်ဆီးခံတယ်။
ပထမ ၂ ရက် ၃ ရက်မှာ ဦးနေ၀င်းအစိုးရ အသာလွှတ်ထား ပါတယ်။ နောက်တော့
စစ်တပ်ဝင်လာပြီး နှစ်ဖက်စလုံးကို ပစ်တော့တယ်။ ဒီတော့ လူမျိုးရေးအဓိကရုဏ်းက
ရပ်သွား တယ်။
ကျနော်တို့ နေထိုင်ရာ သင်္ကန်းကျွန်းကို ၂ ရက် ၃
ရက်မှာ ကျနော့် မိဘတွေနဲ့အတူ ပြန်လာနိုင်တယ်။ သုံးဘီးလေးငှားပြီး လာကြတာ။
ရိုက်ပွဲက အရှိန်မသေသေးဘူး။ မအူကုန်းတို့ တာမွေကြက်တန်းတို့နားက
မြန်မာလူမျိုးတွေက ကားကိုတား ပြီး တရုတ်ပါသလားလို့ စစ်ကြသေးတယ်။
ဒီလိုစစ်ဆေးနေတာကြားလို့ ကျနော့်အဘကိုယ်တိုင် ကျနော်တို့ကို လာကြို တယ်။
သူက ရောင်ထုံးကြီးနဲ့ သူကရောင်ထုံးကို အမြဲတမ်း ပတ်ပေါင်း ပေါင်းလေ့ရှိတယ်။
တိုက်ပုံကြီးနဲ့ ကားရှေ့ ခန်းမှာ ထိုင်နေတယ်။ ဗမာစစ်သပေါ့လေ။
အဘပေါင်ပေါ်မှာ ကျနော်ကထိုင်၊ အဖေနဲ့အမေက ကားနောက်ခန်းက လိုက်ပါလာ ကြတယ်။
လမ်းတလျောက်မြင်ကွင်းကတော့ မြင်မကောင်းအောင် ဖြစ်နေတယ်။ ကားတွေကို
မီးရှို့ထားတာ တလမ်းလုံးပဲ။ လမ်းမ ပေါ်တွေမှာ တရုတ်အိမ်က ဘီဒိုတွေ၊
ကုလားထိုင်တွေ အ၀တ်စားတွေ မီးရှို့ထားတဲ့အတွက် မီးငွေ့က တငွေ့ငွေ့လူနေ တုန်း
ဖြစ်တယ်။
ယနေ့ ကြွလာမိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ
အဓိပါယ်ရှိတဲ့ တရုတ်စာလုံးကြီးတွေလဲ မဖိတ်ခေါ်ဘဲရောက်လာတဲ့ မိတ်ဆွေတွေလက်ချက်နဲ့ မီးငွေ့လူနေတယ်။ လမ်း မတလျောက်မှာ ပွစာကြဲနေတယ်။
သင်္ကန်းကျွန်းပြန်ရောက်တော့ မနက်ဆို အဘနဲ့လမ်းထိပ်က တရုတ်လက်ဘက်ရည်ဆိုင်
ထိုင်ကြတယ်။ ထူးဆန်းတဲ့ မြင်ကွင်းကို မြင်ရတယ်။ တရုတ်ဆိုင်ရှေ့မှာ
ဗိုလ်ချပ်အောင်ဆန်းပုံနဲ့ ဗိုလ်နေ၀င်ပုံကို စားပွဲပေါ်တင်ပြီး
အမွေးတိုင်ထွန်း ထားပေးတယ်။ မှတ်ရောပဲ။ လက်ဘက်ရည်သောက်တဲ့သူတွေကို တရုတ်က
ဘာစားစား အလကားပေးနေတယ်။
မိန်ရာဟင်းကောင်း၊ ခင်ရာဆွေမျိုးဆိုတဲ့
စကားလေးက ချစ်စရာကောင်းပါတယ်။ အိမ်ပြန်ရောက်တော့ အိမ်ဘေးက တ ရုတ်မကြီး
မနှင်းဆီ (ခ) အီယား အိမ်ကို မြန်မာတွေက ၀င်ရောက်တိုက်ခိုက်ကြတယ်။
မိသားစုကတော့ ရင်းနှီးတဲ့ မြန်မာ တွေကဝှက်ပေးလို့ အသက်ချမ်းသာရာ ရတယ်။
ဒါပေမဲ့ မနှင်းဆီ သူသမီးအငယ်ဆုံး ခွာအင်း မျက်နှာမြင်ပြီးကာစအချိန်၊
သွေးနုသားနုဖြစ်တော့ သွေးလှန့်ပြီး ရူးသွားရှာတယ်။
ကျနော်
မြန်မာပြည်က ထွက်ခါလာတဲ့အထိပါပဲ။ တရုတ်သီချင်းကို သူဆိုနေလေ့ရှိတယ်။
သူ့သားတွေဖြစ်တဲ့ အော်ကီ၊ စထောင်း၊ အဟိုး တို့နဲ့ ကျနော်က
ကစားဖက်တွေဖြစ်တော့ မနှင်းဆီက ကျနော်ကို ချစ်ရှာပါတယ်။ တရုတ်နှစ်ကူးမှာ
ခေါက်ဆွဲကျော်၊ အီကွေ့တွေအ၀ကျွေးတာ မှတ်မိတယ်။ ငယ်ငယ်တုန်းက
အဖေနဲ့စကားများတိုင်း သူတို့အိမ်ပေါ်တက် အိပ်နေလိုက်တယ်။
ဆွေမျိုးလိုဖြစ်နေကြတာပေါ့။ မနှင်းဆီက သူစိတ်ကောင်းနေချိန်မှာ ကျနော်ကို
တရုတ်စကားပြော သင်ခဲ့ဖူးသေးတယ်။ များသောအားဖြင့်ရင်တော့ သူဟာ သွက်သွက်ခါ
ရူးနေတယ်။
ကြီးလာတော့ တရုတ်-ဗမာ အဓိကရုဏ်းကို လေ့လာဖြစ်တယ်။
အဓိကပြဿနာက ဆန်ပြတ်တာ။ ဆီကိုရေချိုး၊ ဆေးရိုး မီးလှုံ၊ စပါးတောင်လိုပုံတဲ့
မြန်မာရိုးရာဆိုရိုးစကားက ဆန်၊ ဆီ၊ ဆား ရှားတဲ့အထိကို
မြန်မာ့ဆိုရှယ်လစ်စနစ်က ကောင်း ကျိုးပေးခဲ့တာကိုး။ လူတွေက ဆသုံးလုံး
ပျောက်တယ်လို့ ပြောကုန်ကြတဲ့အထိ ဖြစ်ခဲ့တာကိုး။
ဆန်းရှားရတဲ့အထဲမှာ ဦးနေ၀င်းက ဆန်ကို နိုင်ငံခြားပို့တယ်လေ။
ဆန်တွေကိုလာတင်တဲ့ သဘောင်္ပေါ်ကို လူတွေတက် လုကြတာ။ စစ်တွေမှာ
ဆန်လုပွဲတွေဖြစ်တာကနေ စတာပဲ။ ဒီပြဿနာက တပြည်လုံးမှာပြန့်လာတယ်။ ဆန်ပြဿနာက
အစိုးရဆန်ကျင်ရေးအထိ ဖြစ်လာမယ်။ ဒီတော့ ဦးနေ၀င်းက ဆေးမြီးတိုနဲ့ ကုတယ်။
ဒါကတော့ လူမျိုးရေးအဓိကရုဏ်းကို ဖန်တီးတော့တာပဲ။
လူမျိုးရေးတို့
ဘာသာရေးတို့ဆိုတာကလဲ လှုံ့ဆော်ပေးရတာ သိပ်ကိုလွယ်တာကိုး။ လူတွေမှာက
ကိုယ်လူမျိုး၊ ကိုယ်အုပ် စုကိုပဲ မျက်ကန်းချစ်ခင်စွဲလမ်းတဲ့စိတ်
ရှိကြသကိုး။ ဘိုင်အိုလောဂျစ် ပါမောက္ခ ရစ်ချပ်ဒန်ကင်က လူတွေရဲ့ မျိုးဗီဇမှာ
ကိုယ့်လူမျိုးအတွက် စွဲလမ်းတဲ့ မျိုးရိုးဗီဇ ပါလာတယ်။
ကိုယ့်မျိုးဗီဇအကျိုးတွက် အသက်ပါ စွန့်လွှတ် တိုက်ခိုက်တတ်တဲ့
ဗီဇမျိုးစေ့တွေ ရှိတယ်လို့ဆိုပါတယ်။ ဒီတော့ တချို့နိုင်ငံအာဏာ
ရယူထားတဲ့သူတွေအတွက် ဒီအချက်ဟာ နိုင်ငံရေး အကြပ်တည်းဆိုက်တိုင်း အသုံးချစရာ
ဖြစ်လာတယ်။
လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတိုင်းမှာ စတင်လှုံ့ဆော်လေ့ရှိတာကတော့ လိင်နဲ့ ဆက်စပ်နေတယ်။
တရုတ် ဗမာ အဓိကရုဏ်းတုံးက ဗမာဆရာမကို တရုတ်ကျောင်းသားတွေက အဓမ္မ
ကျင့်လိုက်တယ်ဆိုတာနဲ့ စတင်ခဲ့ တာပါ။ ဗမာမလေးကို တရုတ်က မုဒိမ်းကျင့်တယ်။
ဒီလိုသတင်းမျိုးသာဖြန့်လိုက်ရင် ကြားလိုက်သူက ဘယ်သူလဲ။ ဘယ် တုန်းကလဲ။
ဘယ်နေရမှာလဲဆိုတာကို မစဉ်းစားနိုင်တော့ဘူး။ ခွေးမသားတွေ
မိုက်ရိုင်းလှချည်လားလို့ မစဉ်းစားမိကြဘဲ စိတ်နောက်ကိုယ်ပါ
ဖြစ်တတ်ကြတာကိုး။
ဒီထက်ပိုပြီး ဇာတ်နာစေတာမျိုးတွေလည်း လုပ်လေ့ရှိပါတယ်။ ဒါတော့
ဗမာမလေးကို မုဒိမ်းကျင့်တယ်။
ဗမာဆရာမလေးကို မုဒိမ်းကျင့်တယ်။
ဘုန်းကြီး တူမလေးကို မုဒိမ်းကျင့်တယ် ဆိုတဲ့သတင်းမျိုးအထိ ဖြန့်လေ့ရှိကြတယ်။
ပထမ သတင်းကိုကြားရင် ဗမာတွေ ဒေါသထွက်တယ်။
ဒုတိယ သတင်းမျိုးဆိုရင် ဗမာတွေရော၊ ကျောင်းသားတွေ ဒေါသထွက်လာမယ်။
တတိယသတင်းမျိုး ဆိုရင်တော့ ဗမာ+ ကျောင်းသား+ သံဃာတွေပါ ပိုပြီး ဒေါသဖြစ်လာအောင် လုပ်တော့တာ ဖြစ်ပါ တယ်။
မုဒိမ်းမှုကို လူ့အဖွဲ့စည်းက လက်မခံပါဘူး။ ဥပဒေအရ အရေးယူအပြစ်ပေးရမှာ
ဖြစ်ပါတယ်။ သတင်းတွေမှာ မုဒိမ်းမှု သ တင်းတွေကို ကျနော်တို့မကြာခဏ ကြားရတယ်။
ဒီလိုသတင်းမျိုးမှာ လူတွေရဲ့ဒေါသက တရားခံကို သတ်မှတ် ရည်ရွယ် ထားနိုင်တယ်။
ဒါပေမဲ့ ဗမာမလေးကို ကုလား၊ တရုတ်၊ နိုင်ငံခြားသားတဦးဦးက
ကျူးလွန်လာတယ်ဆိုရင်တော့ သည်း မခံနိုင်တော့ဘူး။
အမျိုးသားရေး စော်ကားခံရမှုတခု ဖြစ်လာတယ်လို့ ကျနော်တို့ ယူဆထားလို့ ဖြစ်ပါတယ်။ ဒါကို တရားသဖြင့် တုန့်ပြန် နိုင်ပါတယ်။
တရုတ်ဗမာအဓိကရုဏ်းကို လျှို့ဝှက်လှုံ့ဆော်ပေးခဲ့သူကတော့ ဘိုတော်တင်ဦး လို့
သိရတယ်။ သူက တရုတ်သံရုံးကို စတင်ခဲနဲ့ပေါက်ပြီး
တိုက်ခိုက်ဖို့လှုံ့ဆော်ခဲ့တယ်။ တရုတ်အိမ်တွေကို တိုက်ခိုက်ပေးခဲ့တယ်။
တရုတ် ဗမာအရေးခင်းကြောင့် ဆန်ပြတ်နေတဲ့ပြဿနာကို မြန်မာတွေ မေ့သွားကြတယ်။
ဦးနေ၀င်းလက်ထက် တလျောက်လုံး မြန်မာတွေဟာ ဆန်ပြတ်ရင်းပြတ်နေတယ်။
တရုတ်တွေကိုရိုက်လို့ အဖြေမှမထွက်တာဘဲ။ တရုတ်တွေ ကို ရိုက်ပြီးတာတောင်မှ
ကျနော်တို့ ထမင်းမ၀။ ဆန်၀၀မစားရတာ ကနေ့အထိပဲ။ အခုဆို မီးတောင်မလာတော့ဘူး။
အဓိက တရားခံကိုမှ ကျနော်တို့ မရိုက်နိုင်ဘဲကိုး။
…………………….
၁၉၈၈ ခုနစ် မတ်လ၊ ဇွန်လ ကျောင်းသားလှုပ်ရှားမှုတွေက တပြည်လုံးကို
လှန့်နှိုးပေးလိုက်တယ်။ လှုပ်ရှားမှုတွေက ၈၈ ဆီကို ရည်မှန်းချက်နဲ့
ဦးတည်လာတယ်။ ဒီတော့ မဆလအစိုးရ မူဆလင် မြန်မာ အဓိကရုဏ်းနဲ့ အာရုံလွှဲဖို့
ကြိုးပမ်းခဲ့ တယ်။ တောင်ငူမှာ ဖြစ်ခဲ့တာကလွဲလို့ ကျနော်တို့ တမျိုးသားလုံး
လွတ်မြောက်ရေးလမ်းကြောင်းကို အာရုံစိုက် ဦးတည် နိုင်ခဲ့တဲ့အတွက်
ဘာသာရေးအဓိကရုဏ်းကို တားဆီးကျော်လွှားနိုင်ခဲ့ကြတယ်။
တမျိုးသားလုံး အသိတရားရှိကြပါ၊ နိုင်ငံရေးခံယူချက် မြင့်မားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
မိုးသီးဇွန်
From Min Ko Aung facebook page
No comments:
Post a Comment