မြန်မာနိုင်ငံ၏ လေကြောင်း သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုလျက်ရှိသည့်
လေယာဉ်များ၏ သက်တမ်း သတ်မှတ်ချက်အား မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး
ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သတင်း ရရှိပါသည်။
၂၀၁၂
ခုနှစ် မေလ ၁၆ ရက်နေ့ နောက်ပိုင်း မြန်မာနိုင်ငံသို့ တင်သွင်းလာမည့်
ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းသုံး လေယာဉ်များ၏ အသုံးပြုနိုင်မည့်
သတ်တမ်းသတ်မှတ်ချက်မှာ လေယာဉ် ထုတ်လုပ်ခဲ့သည့်နေ့မှ စတင်ကာ နှစ်ပေါင်း ၂၀
အတွင်း(သို့) လေ ယာဉ်ဆင်းသက်သည့် အကြိမ်အရေအတွက် ငါးသောင်း
ပြည့်မြောက်သည်အထိသာ အသုံးပြုရမည် ဖြစ်သည်။
''မေလ ၁၆ရက်နေ့
နောက်ပိုင်း ၀ယ်ယူတဲ့ လေယာဉ်တွေအကုန်လုံး စထုတ်တဲ့နေ့ကစပြီး နှစ် ၂၀
သက်တမ်းရှိတဲ့ လေယာဉ်တွေကိုပဲ ၀ယ်ယူရမှာ ဖြစ်ပါတယ်။ ဥပမာ သူများနိုင်ငံမှာ
၁၀ နှစ်အသုံးပြုပြီးတဲ့ လေယာဉ်ကို ၀ယ်မယ်ဆိုရင် ဒီမှာ နောက်ထပ် ၁၀ နှစ်ပဲ
သုံးရမှာပါ။ ဒီလိုပဲလေယာဉ် သက်တမ်းက နှစ် ၂၀ မပြည့်သေးပေမယ့် ဆင်း၊ တက်
ပြုလုပ်တဲ့အကြိမ်ရေကလည်း ငါးသောင်းကျော်သွားရင် ဆက်သုံးခွင့်
မပြုတော့ပါဘူး''ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့်
နီးစပ်သူတစ်ဦးက ပြောကြားသည်။
သို့သော်လက်ရှိ မြန်မာနိုင်ငံတွင် သုံးစွဲနေသည့် ခရီးသည်
သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် အသုံးပြုနေသည့် လေယာဉ်များ၏ သက်တမ်းကိုမူ
နှစ်ပေါင်း ၂၅ နှစ်နှင့် ဆင်း၊ တက်ပြုလုပ်သည့် အကြိမ်ရေ
ခုနစ်သောင်းပြည့်မြောက်သည် အထိ သုံးစွဲနိုင်ရန် သတ်မှတ်ပေးခဲ့ကြောင်း
သိရသည်။
မြန်မာနိုင်ငံတွင် လက်ရှိအသုံး ပြုနေသည့် လေယာဉ်အမျိုးအစားတွင် ATR
လေယာဉ်အမျိုးအစားမှာ အများဆုံးဖြစ်ပြီး၊ မြန်မာ့လေကြောင်းသည် ဖော်ကာ ၂၈၊
ATR နှင့် MA60, Beech craft 900 စသည့် လေယာဉ်အမျိုးအစားများဖြင့်
ပျံသန်းပြေးဆွဲလျက်ရှိသည်။
မြန်မာ့လေကြောင်းသည် သက်တမ်းရင့်ပြီး
အပိုပစ္စည်းရှားပါးသည့် လေယာဉ်များနေရာတွင် လေယာဉ်သစ်များ ၀ယ်ယူပြေးဆွဲခဲ့ကာ
F-27 လေယာဉ်များကို တရုတ်နိုင်ငံလုပ် MA60 လေယာဉ် လေယာဉ်သစ်များဖြင့်
အစားထိုး ပြေးဆွဲခဲ့သည်။
၁၉၇၈ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည့်
ဖော်ကာ F-28 လေယာဉ်မှာ ၃၂ နှစ်သက်တမ်းရှိပြီး၊ ATR-72 နှင့် ATR-42
လေယာဉ်များမှာမူ ပြေးဆွဲသည့် သက်တမ်း ၁၀ နှစ်နှင့် ၁၅ နှစ် သက်တမ်းဝန်းကျင်
အသီးသီးရှိပြီဖြစ်ကြောင်း သိရသည်။
EMG |
No comments:
Post a Comment