menu

Thursday 3 May 2012

‘အောင်မြင်တယ်၊ မအောင်မြင်ဘူး ဆိုတာထက် ကိုယ်ရူးသွပ်တဲ့ ဂီတအလုပ်တွေကို လုပ်ခွင့်ရတာကိုပဲ ပျော်ရွှင်နေမိတာပါ’ Bobby Soxer နှင့် တွေ့ဆုံခြင်း





e554
အရှိန်ပြင်းသည့် ဟစ်ဟော့ပ်ဂီတရေစီးကြောင်း အတွင်း စီးဝင်မျောပါလျက် ရှိသည့် လူငယ် အနုပညာရှင်များစွာထဲက ရက်ပ်စာသားများကို မြန်ဆန်စွာ ရွတ်ဆိုတတ်ကာ ‘နှုတ်မဆက်ချင်ဘူး’၊ ‘ခုန်လိုက်’ တေးသီချင်းများဖြင့် ထင်ရှားလာခဲ့သူ ကောင်မလေး တစ်ယောက်ဟု ဆိုလျှင် Bobby Soxer ဟု အများက သိကြမည်ထင်သည်။ မကြာခင်က ထွက်ရှိထားသည့် လွှမ်းပိုင်နှင့်နှစ်ယောက်တွဲ စီးရီးဖြစ်သော ‘ဒုံးပျံ’တေးစီးရီးသည်လည်း အချိန်တိုအတွင်း ပရိသတ်လက်ခံခဲ့ကာ ‘စွာတေးလန်’၊ ‘ဒုံးပျံ’၊ ‘မြန်မြန်ချစ်ရင် ချစ်တယ်ပြော’ သီချင်းများသည်လည်း ရေပန်းစားသည့် တေးသီချင်းများ ဖြစ်လာခဲ့သည်။ ဟစ်ဟော့ပ်ဂီတ၏ အငယ်ဆုံး မျိုးဆက်ဟု ဆိုရမည့် Bobby Soxer ၏ ယုံကြည်ပုံဖော်ရာ ဂီတခရီးလမ်းကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ရာ . . .

 မေး ။ ထက်ထက် (Bobby Soxer) နဲ့လွှမ်းပိုင်တို့ရဲ့ ဒုံးပျံအခွေက သင်္ကြန်မှာ ပေါက်ခဲ့တဲ့ စီးရီးဖြစ်သွားတယ်နော်။ ကြိုးစားခဲ့ပြီး အခုလိုရလဒ် ပြန်ရလာတဲ့အခါ ခံစားရတာက။
ဖြေ ။ ထက်ထက်တို့ အဲဒီအခွေလေး လုပ်နေတဲ့အချိန်တုန်းက နှစ်ယောက်တိုင်ပင်ပြီး လုပ်ဖြစ်ခဲ့တာပါ။ သီချင်းရွေးတာကအစ နှစ်ယောက်စလုံး စိတ်ကြိုက်ဖြစ်နိုင်တာမျိုးကို ရွေးခဲ့တယ်။ တစ်ယောက်က အဆင်ပြေတယ်လို့ ထင်တဲ့သီချင်းကို နောက်တစ်ယောက်က မကြိုက်လို့ပြန်ဖြုတ်လိုက်တာလည်း ရှိတယ်။ တော်တော်လေးကို စိတ်ပင်ပန်း လူပင်ပန်းဖြစ်ပြီးမှ အချိန်ယူ ထွက်ခဲ့တဲ့အခွေပါ။ အဲဒီ အခွေထဲ က သီချင်းလေးတွေက အခွေထွက်ပြီး သိပ်မကြာခင်မှာပဲ ကြိုက်ကြတယ်လို့ ပြောသလို သင်္ကြန်မှာလည်း မဏ္ဍပ်တိုင်း မှာ လိုလိုဖွင့်ကြတယ်ဆိုတော့ အရမ်းပျော်စရာ ကောင်းပါတယ်။ ပင်ပန်းရကျိုးလည်း နပ်သွားတာပေါ့။
မေး ။ ရက်ပ်စာသားတွေကို ထူးထူးခြားခြား မြန်မြန်ရွတ်နိုင်တဲ့သူတစ်ယောက်အဖြစ် အသိအမှတ်ပြု ခံရတဲ့အပေါ်မှာရော ဘာပြောချင်လဲ။
ဖြေ ။ သီချင်းဆိုတယ်ဆိုတာ ထက်ထက် ငယ်ငယ်ကတည်းက ရူးသွပ်တဲ့ အရာပါ။ အားတဲ့အချိန်တွေဆို ရက်ပ်စာသားတွေ ရွတ်ကြည့်တယ်၊ သူများဆိုဟန်တွေ နားထောင်တယ်။ နိုင်ငံတကာက ရက်ပ်အဆိုတော် တော်တော်များများရဲ့ သီချင်းတွေကို နေ့စဉ်နဲ့အမျှ နားထောင်ဖြစ်တယ်။ ထက်ထက် တကယ်တမ်း သီချင်းဆိုဖြစ်တဲ့ အခါကျတော့လည်း တီးလုံးသံကြားတာနဲ့ကို ဘယ် flow နဲ့ဆိုမယ်ဆိုတာမျိုး စဉ်းစားပြီးသား ဖြစ်နေပြီ။ ထက်ထက်ရဲ့ ကိုယ်ပိုင်စတိုင်လ်တစ်ခုလည်း ရှိစေချင်တာကြောင့် သီချင်းဆိုတဲ့အခါ ကိုယ်ပိုင်ဟန်တစ်ခုနဲ့ ဆိုဖြစ်တာပါ။
မေး ။ ဟစ်ဟော့ပ်ဂီတရဲ့အငယ်ဆုံးမျိုးဆက်လို့ ဆိုရမယ့် ထက်ထက်တို generation အနေနဲ့ ဟစ်ဟော့ပ်ရေစီးကြောင်းကိုရော ဘယ်လိုမြင်လဲ။
ဖြေ ။ အရှိန်အဟုန် အပြင်းဆုံးအချိန်လို့ဆိုရမှာပါ။ ၂၀၀၀ပြည့်နှစ်ဝန်းကျင်က စတင်မွေးဖွားလာခဲ့တဲ့ ဟစ်ဟော့ပ်ဂီတက သူ့မျိုးဆက်အလိုက် ကြိုးစားလာခဲ့တာကြောင့် အခုချိန်မှာ အရှိန်အမြင့်ဆုံး အနေအထားတစ်ခု ကို ရောက်နေပြီလို့ ဆိုရမှာပါ။ ဒီအတွက် ထက်ထက်တို့က အများကြီး ထပ်ကြိုးစားရမှာပါ။
မေး ။ ဂီတလောကရဲ့ရပ်တည်မှုကရော ရှိုးပွဲအပေါ် ရပ်တည်ရတဲ့ အနေအထားကနေ ပုံစံပြောင်းလာမယ်လို့ မျှော်လင့်လား။
ဖြေ ။ အခုနှစ်ပိုင်းအတွင်းမှာ ပုံစံပြောင်းလာတယ်လို့ မြင်ပါတယ်။ ရှိုးပွဲ တွေမှာဆိုလည်း ပါဖောမန့်မျိုးစုံနဲ့ တင်ဆက်ကြတဲ့အတွက် ပွဲတွေစိပ်ပေမယ့်လည်း တကယ်တမ်းပရိသတ် အင်အားနည်းတဲ့ပွဲဆိုတာ ရှားပါတယ်။ အခုနောက်ပိုင်းက အင်တာနက်က တစ်ဆင့်လည်း ကိုယ့်သီချင်းက ပျံ့နှံ့သွားနိုင်တယ် ဆိုတော့ အရင်ထက်စာရင် ကိုယ့်သီချင်းပျံ့နှံ့နိုင်တဲ့ နည်းလမ်းက ပိုများလာတယ်လေ။
မေး ။ အောင်မြင်မှုတစ်ခု ရလာဖို့ ကြိုးစားရတဲ့ အချိန်က ပင်ပန်းတယ်ဆိုပေမယ့် ရလာတဲ့ အောင်မြင်မှုကို ထိန်းသိမ်းရတာမျိုးက ပိုခက်ခဲတယ်လေ။ အဲဒီအပေါ်မှာ လူငယ်တစ်ယောက် အနေနဲ့ ဘယ်လိုခံယူထားလဲ။
ဖြေ ။ ထက်ထက်က တကယ်တမ်း ပြောရရင် အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာထက် ကိုယ်ရူးသွပ်တဲ့ လုပ်ချင်တဲ့ဂီတအလုပ်တွေကို လုပ်ခွင့်ရတာကိုပဲ ပျော်ရွှင်နေမိတာပါ။ စိတ်ကိုလည်း အမြဲတမ်းပဲပေါ့ပေါ့ပါးပါး ထားတယ်။ ထက်ထက် နားလည်လက်ခံထားတာက ဘယ်အလုပ်ပဲ လုပ်လုပ် ကိုယ်ဝါသနာပါတဲ့အလုပ်၊ ကိုယ်မြတ်နိုးတဲ့ အလုပ်ဖြစ်ဖို့လိုအပ်တယ်။ အဲဒီအလုပ်ကို စိတ်ပါလက်ပါ နဲ့ လုပ်နေခွင့်ရရင် ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုရနိုင်တယ်လေ။
မေး ။ မလွှဲမသွေရင် ဆိုင်ရမယ့် စိတ်ဖိစီးမှုတွေ အပေါ်မှာရော ဘယ်လိုဖြေရှင်းလဲ။
ဖြေ ။ Stress တွေ၊ Pressure တွေ ၀င်လာတော့ တစ်ခါတစ်လေသီချင်း ရေးလို့မထွက်ဘူး။ စိတ်ကြည်ပြီဆိုမှ ပြန်လုပ်တယ်။ အဲဒီလိုလုပ်တဲ့အခါ မှာ ထက်ထက်က ကိုယ်လုပ်နိုင်တာ အကုန်လုံးကိုအားစိုက်ပြီးလုပ်တယ်။ အဲဒီအပေါ် အကြီးကြီးမမှန်းထားဘူး။ စိတ်ချမ်းသာလို့ ဆက်လုပ်ဖြစ်ရာကနေ အခုလိုဖြစ်လာတဲ့အတွက် Stress ဖြစ်လာရင်ခဏနား Mood ၀င်လာရင်ပြန်လုပ်လိုက်တာပဲ။
မေး ။ ဒုံးပျံဗီစီဒီအတွက် ဘယ်လိုစဉ်းစားထားလဲ။
ဖြေ ။ ဗီစီဒီရိုက်တဲ့အခါ ထူးထူးခြားခြားလေး ဖြစ်စေချင်ပါတယ်။ သီချင်း နဲ့လိုက်တဲ့ Theme ကိုမှ ခပ်မြူးမြူးလေးဖြစ်အောင် ရိုက်မယ်လို့ စိတ်ကူးထားတယ်။ အမြန်ဆုံး ထွက်နိုင်အောင် ကြိုးစားမှာပါ။ 
EMG 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis