menu

Friday 25 May 2012

၈၈ ခုနှစ်ဝန်းကျင် တက္ကသိုလ်နောက်ခံ ဇာတ်ကား ‘လွမ်းစိမ့်’ ကို ပြင်ဆင်ချက် ၂၅ ချက် ပြန်လည် ပြင်ဆင်စေပြီးနောက် ဆင်ဆာအဖွဲ့မှ ပြသခွင့်ပြု




e584 ၈၈ ခုနှစ်ဝန်းကျင် တက္ကသိုလ် နောက်ခံဇာတ်ကား ‘လွမ်းစိမ့်’ ကို ပြသဖြန့်ချိရန်အတွက် ပြင်ဆင်ချက် ၂၅ ချက်ကို ပြန်လည်ပြင်ဆင်စေပြီးနောက် ဆင်ဆာအဖွဲ့မှ ပြသခွင့်ပြုပေးခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါဇာတ်ကားအား ယခင်က ဆင်ဆာ ပိတ်ပင်ထားခဲ့သော်လည်း ယခုအခါ ပြန်လည်စိစစ်ကြည့်ရှုပြီးနောက် ပြန်လည်ပြင်ဆင်ရန် လိုအပ်သည့် အချက် ၂၅ချက်အား ထုတ်ပြန်ပေးခဲ့ကာ ယင်းအချက်များပြင်ဆင်ပြီး နောက် ဖြန့်ချိပြသရန် ခွင့်ပြုပေးခဲ့ ခြင်းဖြစ်သည်။

‘‘ဒီဇာတ်ကားကို ရိုက်ကူးထားတာ တော်တော်ကြာပါပြီ။ ဆင်ဆာအဖွဲ့က ပြသခွင့်မပြုခဲ့တာကြောင့် ဒီအတိုင်းပဲ ထားခဲ့ရတာပေါ့လေ။ အခုဆင်ဆာပိတ်ပင်ထားတဲ့ ဇာတ်ကားတွေကို ပြန်လည်စိစစ်မယ်ဆိုတဲ့ အတွက် ပြန်လည်တင်ပြတဲ့အခါမှာ ပထမတစ်ခါ ဆင်ဆာအဖွဲ့က ထောက်ချက် ၁၈ ချက် ရှိတယ်ဆိုပြီး ထွက်လာပါတယ်။ အဲဒီအချက်တွေ ကို ပြင်ဆင်ပါဆိုတဲ့အတွက် ဖြတ်ခိုင်းတဲ့ အခန်းတချို့ကိုလည်း ဖြတ်တောက်ခဲ့ရပါတယ်။ နောက်တစ်ခါ ထပ်မံစိစစ်ရာမှာတော့ ထောက်ချက် ၇ ချက်ထပ်ထွက်လာပါတယ်။ အဲဒီ အချက် ၂၅ ချက်ကိုပြင်ဆင်ပြီးပြီ ဆိုမှ ပြသခွင့်ပြုခဲ့တာပါ။ ဒီအတွက်ဇာတ်ကို ဘာထိခိုက်သလဲမေးရင် တော့ ဇာတ်ရဲ့လေးနက်မှုကို အများကြီး ထိခိုက်ပါတယ်။ ဒီကားလေးက တက္ကသိုလ် ကျောင်းသားတွေရဲ့life ကို ရိုက်ကူး တင်ပြထားတာပါ။ ဒါကြောင့် ဒီ life နဲ့ အတူပူးတွဲတင်ပြရမယ့် တကယ်ဖြစ်ခဲ့တဲ့ အကြောင်းအရာ အဖြစ်အပျက်တွေကို ဖြတ်တောက်စေခဲ့တာဆိုတော့ ဇာတ်ရဲ့ လေးနက်မှုကိုတော့ အများကြီး ထိခိုက်သွားတယ်လို့ ဆိုရမှာပါ’’ ဟု အဆိုပါဇာတ်ကားအား ထုတ်လုပ်သည့် ဆာတိုရီဗီဒီယို ထုတ်လုပ်ရေးမှ ကိုမျိုးဇော်က ရှင်းပြခဲ့သည်။
ထို့ပြင်ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခဲ့သူ တစ်ဦးဖြစ်သည့် သရုပ်ဆောင် ပြေဇင်ကလည်း ‘‘ကျွန်တော်တို့ ဒီဇာတ်ကား ရိုက်ကူးစဉ်တုန်း က တော်တော်လေးကို အပင်ပန်းခံ ရိုက်ကူးခဲ့တာပါ။ ရိုက်ကူးရတဲ့နေရာက အစ တကယ့် တက္ကသိုလ်ကျောင်း နောက်ခံပုံစံနဲ့တူအောင် ဖန်တီးရိုက်ကူးခဲ့ကြရပါတယ်။ အဲဒီတုန်းက ရန်ကုန်တက္ကသိုလ်မှာ ရိုက်ကူးခွင့် ဆိုတာမျိုးလည်း မရှိသေးဘူးလေ။ အားလုံးကြိုးစား လုပ်ခဲ့တဲ့အရာတစ်ခု ကို အခုလိုပရိသတ်ရှေ့မှာ ပြန်လည် ပြသခွင့်ရမှာဖြစ်တဲ့အတွက် ၀မ်းသာ ပေမယ့် အများကြီးဖြတ်တောက် လိုက်ရတယ် ဆိုတာကြောင့်တော့ စိတ်မကောင်းပါဘူး’’ဟု ပြောပြခဲ့သည်။
‘လွမ်းစိမ့်’ ဗီဒီယိုဇာတ်ကားသည် ၈၈ ခုနှစ်ဝန်းကျင်ကာလက တက္ကသိုလ်နောက်ခံ ဇာတ်ကား တစ်ကားဖြစ်ပြီး ဇာတ်လမ်းနှင့် ဒါရိုက်တာ ချိုတူးဇော်က ရိုက်ကူးဖန်တီးထားကာ ရဲတိုက်၊ ပြေဇင်၊ အေးမြတ်သူ၊ နိုဗယ်ကျော်ကျော်နှင့် လူငယ်သရုပ်ဆောင် များစွာ ပါဝင်သည်ဟု သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis