menu

Friday 25 May 2012

ကလေးတွေဘာကြောင့် ကျောင်းကိုမုန်း

 
သင်နည်းစနစ်တွေကလည်း ပျင်းစရာကောင်းလာ၊ ရလဒ်တွေကလည်း သဘာဝမကျ၊ ပိုင်းဖြတ်တဲ့ဆရာတွေက လည်း အရည်အချင်းမရှိ ဒါကြောင့် အမေရိကန်မှာတော့ ပညာရေးစနစ်ကို မိဘတွေနဲ့ ကျောင်းသားတွေကပါ ဝေဖန်တိုက်ခိုက်တာတွေ ဖြစ်နေပြီလို့ ဆိုပါတယ်။ ဘာကြောင့် ဒီလိုတွေဖြစ်လာရသလဲ ပြန်ဆန်းစစ်ကြည့် လိုက်တော့
‘‘အဖြေလွှာတွေကိုကြည့်ပြီး ကျွန်မ စိတ်ထဲမှာ ဖြစ်ပေါ်မိတာကတော့ အားလုံးကို မီးပုံရှို့လိုက်ချင်တော့တာပဲ’’
အဲဒီစကားကိုပြောသွားသူက မေဝေါကီပြည်နယ် ကျောင်းတစ်ကျောင်းက တတိယတန်းသင်ဆရာမ အေမီ ဂူတောစကီးဆိုသူ ဖြစ်ပါတယ်။

အေမီရဲ့ ကျောင်းသားတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလက တစ်ပတ်ကြာစာမေးပွဲ စစ်လိုက်ပါတယ်။ စတုတ္ထ လေးလပတ် စာမေးပွဲဆိုပါတော့။
‘‘စာမေးပွဲစစ်တာတော့ ကောင်းပါတယ်။ ကောင်းကောင်း ဖြေဆိုနိုင်ကြမယ် ဆိုရင်ပေါ့’’ လို့ အေမီက ထပ်ပြော ပါတယ်။ ဆရာမအေမီပြောတဲ့စကားထဲမှာ စိတ်ဝင်စားစရာကောင်းတာက
‘‘ကျောင်းသားတွေက ကျွန်မ မသင်မီကတည်းက နောက်တစ်နေ့သင်မှာတွေကို အွန်လိုင်းပေါ်တက်ပြီး ကြိုတင်လေ့လာထား ကြတယ်။ ဥပမာ အကြောင်းအရာတစ်ခုမှာ ဇာတ်သိမ်းပိုင်းကို ကြိုသိနေတော့ သင်ရတာ သိပ်အသက်မဝင်တော့ဘူး။ ပြီးတော့ သူတို့ရဲ့ ကြိုတင်မေးခွန်းတွေက ကြောက်စရာ ကောင်းလာတယ်။ စာအုပ် ထုတ်ခိုင်းရင် မထုတ်ချင်တော့ဘူး။ ပြောလိုက်ရင်လည်း သူတို့သိပြီးသားတွေချည်းဖြစ်နေတယ်။ သူတို့ပုံစံက တဖြည်းဖြည်း ကျောင်းကိုဆန့်ကျင်၊ ဆရာကိုဆန့်ကျင်၊ သင်ရိုးကိုဆန့်ကျင်တဲ့အသွင်တွေဆောင်လာတာ ဘာကြောင့်လဲဆိုတာ ပြန်လည်ဆန်းစစ်ဖို့ လိုမယ်ထင်တယ်’’ လို့ဆိုပါတယ်။
မိဘတွေကလည်း သဘောပေါက်လာကြတယ်။ သူတို့ကလေးတွေ ကျောင်းမှာ မပျော်ဘူးဆိုတာပေါ့။ ယနေ့ခေတ်ကျောင်းတွေမှာ ပျော်ရွှင်စရာတွေပျောက်ဆုံးလာပြီဆိုတာ ဝန်ခံရမယ်။
‘‘ကလေးတွေမှာ ကစားချိန်၊ ထိုးထွင်းတီထွင်ဖန်တီးချိန်တွေမရှိတော့ဘူး။ အတန်းတွေထဲမှာ ငြိမ်ငြိမ်လေးထိုင်ပြီး နေရချိန်တွေ များလာတယ်။ ဆရာပြောတာတွေ ထိုင်နားထောင်ပြီး၊ သူတို့စစ်ဆေးစမ်းသပ်တာတွေကို ခံနေကြရတယ်။ ဒါတွေကို ထိရောက်တယ်လို့ပြောရမလား’’ လို့ College Park က မန်နေဂျင်း ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ အက်လ် မေးလားကဆိုပါတယ်။
လက်ရှိ မူကြိုအဆင့်လောက်မှာကတည်းက ၄ နာရီကနေ ၆ နာရီလောက်အထိ ဆရာပြောတာနားထောင်၊ သင်္ချာတွက်၊ စာရေးစာဖတ်တွေလုပ်နေကြရတယ်။ မူကြိုမှာ ဒါတွေလိုသလား ပြန်စဉ်းစားကြပါ။ ကလေး တွေကို လွတ်လပ်စွာကစားခွင့် တစ်နေ့ တစ်နာရီတောင်ပေးမိကြရဲ့လား။
လေ့လာဆန်းစစ်သူတွေက မူကြို ၂၅၄ ကျောင်းကို လိုက်လံဆန်းစစ်ကြည့်ရာမှာ ကလေးဘဝ ပျောက်ဆုံးလောက်အောင်ကို စာတွေသင် နေကြတာ အံ့ဩဖွယ်ရာသွားတွေ့ရတယ်။ ကျောင်းလာတာ စာသင်ဖို့ဆိုတဲ့ အစွဲကို မချွတ်နိုင်သရွေ့ ဒီလိုပဲဖြစ်နေဦးမှာပဲ။


များတိုင်းကောင်းသလား
ဒီနေ့ကလေးတွေကို အရေး၊ အဖတ်၊ အတွက်ပညာတွေ အရွယ်မရောက်မီကတည်းက သင်ကြားလာတာ တွေ့ရတယ်။ ဒါကို ကောင်းတယ်လို့မြင်တဲ့သူတွေကလည်း မြင်နေကြတယ်။ အချို့ဆိုရင် ဝမ်းဗိုက်ထဲက ကလေးကိုတောင် လှမ်းသင်နေလိုက်ကြသေးတယ်။
စောစီးစွာ ပညာသင်ကြားခြင်းဟာ ကလေးကို ပညာဖြင့်ဖိသတ်ခြင်းလို့ အဓိပ္ပာယ်ဖွင့်နိုင်တယ်။ ကလေးရဲ့ ကိုယ်ပိုင် သဘာဝအရည်အသွေးနဲ့ ကလေးသဘာဝ အခွင့်အရေးကို ချိုးဖျက်ခြင်းလို့လည်း စွဲချက်တင်နိုင် တယ်။ ကလေးရဲ့သဘာဝ နှစ်သက်ခြင်းက သင်ကြားခြင်း၊ သင်ယူခြင်းမဟုတ်ဘူး။ ကလေးပီပီ ဆော့ကစား ခြင်း၊ လွတ်လပ်စွာ စူးစမ်းလေ့လာခြင်းဖြစ်တယ်။
အီဗန်စတန်ကျောင်းက ပညာရေးစိတ် ပညာရှင် စူဆန် နယူးမင်းက
‘‘ကျွန်မ ကလေးတစ်ယောက်ကို လေ့လာဖူးတယ်။ သူ့ကို မိဘတွေက အရွယ်မရောက်မီကတည်းက စာရေး သင်ပေးတယ်။ လက်ရေးလည်းလှတယ်။ ခုဆိုရင် လေးတန်းရောက်နေပြီ။ တော်လည်းတော်တယ်။ ဒါပေမယ့် အဲဒီကလေးက ခုဆိုရင် စာရေးလို့ပြောလိုက်ရင် မရေးချင်တော့ဘူး။ စာရေးရတာကို သူ အရမ်းမုန်းသွားတယ်။ ကျောင်းကိုမသွားချင်တော့ဘူး။ ခု သူ့ကို ကျွန်မကုသပေးနေရတယ်’’ လို့ပြောတယ်။
‘‘နိုင်ငံတော်က သတ်မှတ်ထားတာ အသက် ၅ နှစ်ကို စာရေးစာဖတ်သင်ဖို့ပေါ့။ ၅ နှစ်မှာ အခြေခံစာလုံး အတော်များများ သိသင့်ပြီလို့ယူဆထားတာ သိပ်တော့သဘာဝမကျဘူး။ အဲဒီအရွယ်မှာ ခံယူနိုင်စွမ်း ရှိသူတွေ လည်းရှိတယ်။ မခံယူနိုင်သေး သူတွေလည်းရှိတယ်။ စာဖတ်သင်တယ်ဆိုတာ ဟန်ဆောင်လို့လည်းရတာ မဟုတ်ဘူး။ အချို့ကလေးတွေကျတော့ အရေးအဖတ်ဆိုတာ သူ့အလိုလိုခံယူချင်ပြီး ကြိုးစားလုပ်ဆောင် တတ်တာတွေရှိတယ်။ အချို့ကလေးတွေကျတော့ အဲဒီအချိန်မှာ မဖွံ့ဖြိုးသေးတာကြောင့် နောက်ကျကျန် တာမျိုးတွေလည်း ရှိတယ်။ ဒီလိုကလေးတွေကို တစ်တန်းတည်းသတ်မှတ်ပြီး တစ်မျိုးတည်းသင်လိုက်ရင် မရသူတွေက ရသူတွေကိုကြည့်ပြီး စိတ်ဓာတ်ကျဆင်းတာတွေဖြစ်လာနိုင်တယ်’’ လို့ ဝေဖန်သွားသူကတော့ ကယ်လီ ဂယ်လာဂျာ ဆိုသူဖြစ်ပါတယ်။ သူကတော့ စာရေးဆရာပါ။

ပြောင်းလဲခြင်းဖြင့်စတင်ခြင်း
ကျောင်းတွေမှာ အမှတ်နဲ့ဆုံးဖြတ်ကြတယ်။ အမှတ်များသူကို ဘုရင်တစ်ဆူလို ကိုးကွယ်အောင် လေ့ကျင့် ပျိုးထောင်ပေးကြတယ်။ စာသင်မယ်ဆိုရင် အခန်းတံခါးပိတ်ပြီး ကိုယ်ထင်ရာမြင်ရာတွေကို ပြောဆိုကြတာကို သင်ကြားခြင်းလို့ သတ်မှတ်ကြတယ်။
ဒီနေရာမှာ ကာလီဖိုးနီးယား Corte Madera ကျောင်းက ဆရာ ခရစ်တိုဖာ စမစ်ရဲ့ စာသင်ပုံကို ပြောချင်ပါ တယ်။ သူက အတန်းထဲက ကလေးတွေကို ခဲတံမကိုင်ခိုင်းဘူး။ ကလေးတွေက ရွှံ့တုံးတွေကိုင်ထားကြတယ်။ အင်္ဂလိပ်အက္ခရာပုံတွေကို ရွှံ့နဲ့ ပုံဖော်သူဖော်၊ ရွှံ့ပြားပေါ် လက်နဲ့သရုပ်ဖော် ပုံတွေဆွဲသူဆွဲ၊ လွတ်လပ်စွာ ကစားရင်း သင်ယူနေတာကို တွေ့ရတယ်။ စာသင်ခန်းထဲမှာ ပြုံးပျော်ကြည်နူးစွာဖြင့် ပေကျံနေတဲ့ ကလေး သဘာဝကို ကြည့်ရသူတွေတောင် ကူးစက်စေတယ်။
တင်နက်ဆီပြည်နယ် ချက်တာနူးဂါးကျောင်းရဲ့ ဝိဇ္ဇာ သိပ္ပံဘာသာရပ်တွေကို ၁၂ တန်းမှာ သင်ကြားနေပုံတွေ လေ့လာကြည့်ရင်လည်း တစ်မျိုးထူးခြားနေပါတယ်။ အဲဒီကျောင်းကဆရာတွေဟာ ကျောင်းတွင်းမှာ စာရွက် တွေမသုံးဘူး။ စာကိုအာပေါင် အာရင်းသန်သန် ဟောပြောပို့ချနေတာတွေ မရှိဘူး။ သူတို့ကျောင်းက လေ့လာ သင်ယူမှု ၈ဝ ရာခိုင်နှုန်းကို ရွှေ့လျားခြင်း၊ ပြောင်းရွှေ့ခြင်း၊ လှုပ်ရှားခြင်း၊ အပြန်အလှန်တုံ့ပြန် ဆက်သွယ်ခြင်း တွေနဲ့ စီစဉ်ထားတယ်။
‘‘ကျွန်မတို့က အတင်းအကျပ်တိုက် တွန်းလုပ်ဆောင်ခိုင်းတာတွေ မရှိဘူး။ ကျွန်မတို့က လိုချင်တာကို ပြောလိုက်တယ်။ မေးခွန်းတစ်ခုခု ထုတ်လိုက်တယ်။ လက်တွေ့ဘဝနဲ့ ဆက်စပ်ပြီး ကြိုက်သလို သူတို့ လေ့လာပြီးဖြေဆိုနိုင်တယ်။ သူတို့အချင်းချင်း ဆက်သွယ်ပြီး အားထုတ်ကြတာများတယ်’’ လို့ အလယ်တန်း အဆင့်သင်ဆရာမ မေရီလင်း ဂရစ်ဖစ်ကပြောပါတယ်။
‘‘ကျွန်မက ပိုးတောင်မာကောင်တစ်ကောင်ရဲ့ အတွင်း အပြင် ကြန်အင်လက္ခဏာတွေကို ဆရာမကို တင်ပြကြပါ ဆိုတာမျိုးကို တောင်းဆိုလိုက်တယ်။ သူတို့ရှာဖွေတင်ပြချက်တွေက စနစ်ကျချင်မှလည်းကျမယ်။ အမျိုးမျိုး ကွဲပြားနေတာတွေကို ပေါင်းစပ်ပေးလိုက်ရင် ကျမ်းတစ်စောင်လောက်တောင်ဖြစ်သွားနိုင်တယ်။ သူတို့ ဘယ်လို လေ့လာရမယ်၊ ဘယ်မှာလေ့လာရမယ်၊ ဘယ်သူတွေနဲ့ လေ့လာရမယ်ဆိုတာ ဘဝအတွက်ပါ အခြေချပေး လိုက်ပြီးသားဖြစ်သွားတယ်’’ ဆိုတဲ့ပြောဆိုချက်ဟာ ပြောင်းလဲမှုတစ်ခုကို ကြိုဆိုခြင်းဖြစ်ပါတယ်။

နည်းပညာအလှည့်အပြောင်း
ကလေးတွေဟာ သင်ယူမှုမှာ နည်းပညာကို ပိုပြီးစိတ်ဝင်စားလာကြတယ်။ ဒါကြောင့်လည်း ‌ဒေးဗစ် မားကပ်စ်ဆိုသူက ‘‘နည်းပညာကို စာသင်ခန်းထဲယူလာပါ’’ လို့ ပြောခဲ့ပါတယ်။ နည်းပညာကို မိဘတွေရော ဆရာတွေကပါ သင်ကြားရေးအတွက် အနှောင့်အယှက်ဖြစ်စေတယ်လို့ ခံယူနေကြဆဲဖြစ်တယ်။ ဒါပေမယ့် ‌ဒေးဗစ်ကတော့ ‘‘ကလေးတွေက နည်းပညာကို သဘောကျကြတယ်။ ဒါကြောင့် သူတို့နဲ့ အဆင် အပြေဆုံး၊ အံဝင်ခွင်ကျမှုအရှိဆုံးဖြစ်အောင် စီစဉ်ပေးနိုင်ရမယ်။ တစ်နည်းပြောရရင် နည်းပညာနဲ့ ပညာရေးကို ပေါင်းစပ်ပေးပြီး၊ သူတို့ စိတ်ဝင်စားစွာ လေ့လာသင်ယူချင်အောင် လုပ်ပေးရမယ်’’ လို့ဆိုပါတယ်။

ပျော်ရွှင်စွာပညာသင်ယူရေး ပြန်လည်ဖော်ဆောင်ပေးပါ
ကလေးဆိုတာ စိတ်လှုပ်ရှားလွယ်တယ်။ ခံစားလွယ်တယ်။ စူးစမ်းလေ့လာလိုစိတ်တွေလည်းရှိတယ်။ ပညာရေးမှာ ကလေးတစ်ယောက်မှ မကျန်စေချင်ရင် လက်ရှိ ကျင့်သုံးနေတဲ့ စာမေးပွဲနဲ့ ပိုင်းဖြတ်နေတာကို ပြင်ရပါလိမ့်မယ်။ စိတ်ကိုဖိစီးထားတဲ့ စနစ်တွေ၊ အမြင်တွေ၊ သဘောတရားတွေကို ဖြေလျော့ပေးရပါလိမ့်မယ်။
ကလေးကို ကလေးလိုမြင်ပြီး၊ ကလေးလို ပျော်ရွှင်စွာ ပြန်လည်ပညာပေးတဲ့ပညာရေးစနစ်ကို ပြန်လည်ပြုပြင် ပေးရပါလိမ့်မယ်။ ကျောင်းဆိုတာ ထောင်မဟုတ်ဘူးဆိုတာ ဆရာဆရာမတွေကို နားလည်အောင် ပြန်လုပ်ရပါ လိမ့်မယ်။
Ref : Why Kids Hate School, by Nancy Kalish
တင်ညွန့်
MAUKKHA

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis