menu

Friday 25 May 2012

ပြည်မြို့တွင် လျှပ်စစ်မီးအပြည့်အ၀ရရှိရေးအတွက် ဆန္ဒထုတ်ဖော်သူများ အင်အားသုံး၍ဖြိုခွဲခံခဲ့ရကြောင်းသိရ




ပြည်မြို့တွင် မေလ ၂၃ ရက်နှင့် ၂၄ ရက်များက လျပ်စစ်မီးအပြည့်အ၀ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့ရာ မေလ ၂၄ ရက် နံနက်ပိုင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အင်အားသုံးဖြိုခွဲခြင်းကိုခံခဲ့ရကြောင်း သတင်းရရှိပါသည်။

မေလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်ပွဲတွင် နံနက် ၉ နာရီမှ ၁၁ နာရီအချိန်အထိ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ညပိုင်းတွင်လည်း မြို့လည်ရှိ ဗိုလ်ချုပ်ကျောက်ရုပ်တွင် ဖယောင်းတိုင်မီးများ စုပေါင်းထွန်းညှိခဲ့ကြောင်းသိရသည်။ မေလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်ပွဲတွင် နံနက် ၉ နာရီအချိန်မှစ၍ လူဦးရေ ၅၀ ကျော်ခန့်ရှိသည့် ဆန္ဒဖော်ထုတ်သူများမှ ပြည်မြို့တွင်းရှိ လမ်းများ၌ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခဲ့ကြရာ လမ်းရှည်လမ်းနှင့် လက်သမားလမ်းထောင့် အရောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပထမအကြိမ် အင်အားသုံးဖြိုခွဲခဲ့ကြောင်း သိရသည်။ ထိုသို့ဖြိုခွင်းမှုကြောင့် ဆန္ဒဖော်ထုတ်သူများထဲမှ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်အား ဆန္ဒဖော်ထုတ်သူများအား လိုက်လံအားပေးသည့် မြို့ခံလူထုအင်အား ၅၀၀ ကျော်မှ ၀ိုင်းဝန်းကာကွယ်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါဆန္ဒဖော်ထုတ်သူများသည် လမ်းမတော်လမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံရာ ဗိုလ်ချုပ်ကျောက်တိုင် အနီးအရောက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဒုတိယအကြိမ် အင်အားသုံးဖြိုခွင်းခြင်းခံခဲ့ရပြီး လူ ၆ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အချုပ်ကားဖြင့် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။ အကျဉ်းထောင်အတွင်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ လွှတ်တော်အမတ်များနှင့် ဆွေးနွေးမှုများပြုလုပ်ပြီး မွန်းလွဲ ၂ နာရီကျော်တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ထိန်းသိမ်းခံရသော ၆ ဦးအား ပြန်လည်လွှတ်ပေးရာ၌ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားကြောင်း အသိပေးခဲ့ပြီး အာမခံဖြင့်ပြန်လည်လွှတ်ပေးခြင်း ဖြစ်ကြောင်းသိရပါသည်။

''ကျွန်တော့်နာမည် ဦးကျော်ဆွေပါ။ ထိန်းသိမ်းခံရတဲ့ ၆ ဦးထဲက တစ်ဦးပါ။ ကျွန်တော်တို့တွေ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တာပါ။ ဆူပူအကြမ်းဖက်ဖို့ လုံးဝရည်ရွယ်ချက်မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကို လုံခြုံရေးတွေက အင်အားသုံးပြီး ဖြိုခွင်းခဲ့ပါတယ်။ ပထမအကြိမ်ဖြိုခွင်းတာမှာ မြို့ခံလူထုကောင်းလို့သာ ဒဏ်ရာရတဲ့သူ နည်းခဲ့တာပါ။ ဒုတိယအကြိမ်မှာတော့ ဗိုလ်ချုပ်ကျောက်ရုပ် မရောက်ခင်မှာ လုံခြုံရေးတွေက အင်အားသုံးဖြိုခွဲတာ ခံရပါတယ်။ ကျွန်တော်အပါအ၀င် အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁ ဦးကို ဖမ်းပြီး အချုပ်ကားနဲ့ ပြည်ထောင်ကို ခေါ်သွားပါတယ်။ ထောင်ပိုင်ကြီးရဲ့ရုံးခန်းမှာ ကျွန်တော်တို့ကို ထားပါတယ်။ ထောင်ပိုင်ကြီးကတော့ အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်အရ ခေတ္တထိန်းသိမ်းထားရတာ ဖြစ်ကြောင်းရှင်းပြပြီး ထမင်းတောင်ကျွေးပါသေးတယ်။ အဲဒီနောက် လွှတ်တော်အမတ်တွေအပါအ၀င် အာဏာပိုင်အဖွဲ့အစည်းတွေ ရောက်လာပြီး ကျွန်တော်တို့အားလုံး ခွင့်ပြုမိန့်မရဘဲ စီတန်းလှည့်လည်ဆန္ဒပြမှုနဲ့ အမှုဖွင့်ထားကြောင်းနဲ့ အခုအာမခံနဲ့ ပြန်လွှတ်ပေးတာဖြစ်ပြီး ခံဝန်လက်မှတ် ထိုးခိုင်းပါတယ်။ လွှတ်တော်အမတ် ၅ ယောက်ရဲ့ အာမခံနဲ့ ပြန်လွှတ်ပေးတာဖြစ်ပါတယ်'' ပြန်လည်လွတ်မြောက်လာသူ ဦးကျော်ဆွေမှ ပြောကြားပါသည်။

အဆိုပါပြစ်မှုအား ဥပဒေနှင့်အညီ ပြန်လည်တရား ရင်ဆိုင်သွားမည်ဟု သိရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အင်အားသုံး ဖြိုခွင်းမှုကြောင့်  ဒဏ်ရာရရှိသွားခဲ့သူ ၃ ဦးမှလည်း အမှုဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။EMG
  

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis