menu

Wednesday 4 April 2012

မိုးခါးရေ(နန္ဒ၀င်း(ဆေး-၁))

တစ်နေ့နေ့ တစ်ချိန်ချိန်တော့ ၀န်ထမ်းအားလုံးကို အခွင့်အရေး တစ်ခုအနေနှင့် ပြီးပြည့်စုံတဲ့ အခမဲ့ ကျန်းမာရေး စောင့်ရှောက် လွှမ်းခြုံမှု ပေးချင်ပါသေးတယ်။ ကောင်းမွန်တဲ့ သန့်ရှင်းတဲ့ အစိုးရဖြစ်အောင် ကျန်းမာတဲ့ ၀န်ထမ်းတွေရဲ့ ပံ့ပိုးမှု မဖြစ်မနေ လိုအပ်မှာပါ ...


ဝန်ထမ်း လစာတွေကို တိုးမှာလား၊ မတိုးဘူးလား ဖြစ်နေတဲ့ကာလတုန်းက ကျွန်တော်ဟာ လူတစ်ယောက်နှင့် သူပြောတဲ့စကားတွေကို သတိရမိနေပါတယ်။ သူဆိုတာက ကျွန်တော် ဆရာဝန်ဖြစ်စ ဟိုးတောင်တန်းဒေသ မှာ တာဝန်ကျတုန်းက တွေ့ခဲ့ဖူးတဲ့ ကျန်းမာရေး ၀န်ထမ်းတစ်ဦးပါ။ အဲဒီ တောင်တန်းဒေသ မြို့ကလေးဟာ အင်မတန် ချစ်စရာကောင်းတဲ့ မြို့ကလေးပါ။ ပင်လယ်ရေမျက်နှာပြင် အထက်ပေ ငါးထောင်နှစ်ရာ ရှစ်ဆယ်မှာ ရှိလို့ ကျွန်တော်က မေတ္တာကို ၁၀ ဆ ပွားတဲ့မြို့လို့တောင် တင်စားမိပါသေးတယ်။ ဌာနဆိုင်ရာ တော်တော်များ များကလည်း ဧည့်သည်တွေ များကြပြီး အထက်အောက် သူ့ဌာန ငါ့ဌာန မခွဲခြားဘဲ မိသားစုတွေလို စိတ်သဘောထားတဲ့ လူချင်းမခွဲဘဲ တတွဲတွဲနှင့် အချိန်ကာလတစ်ခုကို ကုန်လွန်စေကြပါတယ်။ နီးစပ်ရာ အုပ်စုလေးတွေ ဖွဲ့နေတတ်ကြပါတယ်။
ကျွန်တော့်ရဲ့ သုံးသပ်ချက်အရ အဓိက အုပ်စု သုံးစု ကွဲသွားကြပါတယ်။ ဘာသာရေး လိုက်စားတဲ့ အုပ်စု၊ အေးမြတဲ့ တောင်ပေါ်ရာသီဥတုကို ယမကာနှင့် စုပေါင်း အန်တုကြတဲ့ အုပ်စု၊ တပျော်တပါးကြီး စုဝေး အိမ်လည်ကြ တဲ့ အုပ်စုဆိုပြီးတော့ ဖြစ်ပါတယ်။
ကျွန်တော့်လို လူသစ်တစ်ယောက် ရောက်လာရင် အုပ်စုအသီးသီးက သူတို့ လူဖြစ်အောင်  ၀ိုင်းဝန်းပြီးဆွယ်ကြပါတယ်။ ရောက်ရောက်ချင်း နောက်နေ့မှာပဲ ဘာသာရေး အဖွဲ့က တောင်ပေါ်က ဘုရားတစ်ဆူ ပြုပြင်ပြီးလို့ အနေကဇာတင်ပွဲ လိုက်ခဲ့ပါဆိုလို့ လိုက်သွားခဲ့ပါတယ်။  ပင်လယ်ရေမျက်နှာပြင် အထက်သုံးထောင် ပေလောက်ပဲမြင့်တဲ့ တောင်အောက်တစ်နေရာကို ကားနှင့်ဆင်းပြီးမှ ပေငါးထောင်ကျော်မြင့်တဲ့ တောင်ထိပ်ကို ခြေကျင်ပြန်တက်ရတာပါ။ အားလုံးတောင် အောက်ကနေတက်တော့ အတူတူပေမယ့် တောင်ထိပ်ကို ကျွန်တော်ရောက်တော့ အရင်တက် သွားကြသူတွေက အနေကဇာတောင် တင်ပြီးလုဆဲ ဖြစ်နေပါပြီ။
အဲဒီနေ့က ကိုက်ခဲပြီး ဖျားတောင် ဖျားသွားပါတယ်။ ဧည့်ဝတ်ကျေတတ်တဲ့ တောင်ပေါ်ဒေသဖြစ်လို့ ခင်မင်ရာ အိမ်တွေမှာ ဧည့်သည်လိုက်လုပ်ဖို့ စကားပြောရင်း စားသောက်ရင်း အချိန်တွေကုန်ဖို့ နောက်တစ်အုပ်က လာခေါ်ပြန်ပါတယ်။ နဂိုကတည်းက အိမ်မလည်တတ်တဲ့ ကျွန်တော့်စရိုက်နှင့် မကိုက်ပါဘူး။ အဲဒီမှာညနေဆို ယစ်ရွှေရည်နှင့် ရင်တွင်းခံစားချက်တွေကို ဖလှယ်နေကြတဲ့ အုပ်စုတစ်စုဖြစ်တဲ့ အစောပိုင်းကဆိုခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းက သူတို့ဆီကိုလာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အရက်မသောက်တတ်တဲ့ ကျွန်တော်က ငြင်းဆန်ပေ မယ့် သူကမသောက်တတ်တဲ့ ဆရာ့အတွက် စားစရာကောင်းကောင်း စီစဉ်ပေးပါ့မယ်ဆိုပြီး အတင်းဖိတ်ခေါ်လို့ သွားခဲ့ရပါတယ်။
မလာချင်ဘဲနှင့် မကောင်းတတ်လို့လာတဲ့ ကျွန်တော့်ကို အိမ်ပေါက်ဝ ရောက်ရောက်ချင်းပဲ သူတို့တစ်ဖွဲ့လုံးက တရိုတသေ မတ်တပ်ရပ် နှုတ်ဆက်ကြပါတယ်။ နောက်ကျနေပြီဖြစ်လို့ သူတို့ အတော်ထွေနေကြပါပြီ။ ကျွန်တော့်ဝန်ထမ်းက အားလုံးနှင့် မိတ်ဆက်ပေးပါတယ်။ ဘယ်ဌာနက ဘယ်သူဆိုပြီး မိတ်ဆက်နေကြတာဟာ ကျွန်တော် အံ့အားသင့်လာပါတယ်။ သူတို့ အုပ်စုထဲမှာ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲတွေ  တောင် ပါနေပါတယ်။ စာရေးစာချီအဆင့် ကျွန်တော့်ဝန်ထမ်းဟာ မြို့နယ်နှင့် ခရိုင်အဆင့်လူကြီးတွေနှင့် ဖက်လဲတကင်း နေထိုင်နေပါတယ်။ အယ်ကိုဟောဒီပလိုမေစီလို့ ပြောရမလားတောင် မသိပါဘူး။ လူတွေကို မှတ်တဲ့ မှတ်ဉာဏ်နည်းတဲ့ ကျွန်တော်ခမျာ ရာထူး နှင့် နာမည်တွေကို တွဲမနည်းမှတ်နေရချိန်မှာ သူ့ရဲ့မိတ်ဆက်ခြင်းက ပြီးဆုံးသွားခဲ့ပါတယ်။ အတော် ရေချိန်ကိုက်နေတဲ့သူဟာ မိတ်ဆက်အပြီးမှာ စကားတစ်ခွန်းကို အထွန့်တက်ပြီး ပြောလိုက်ပါတယ်။
ခုမိတ်ဆက်ပေးတဲ့လူအားလုံးဟာ သူခိုးတွေချည်းပါပဲတဲ့။ သူတို့ချင်း ဘယ်လောက် ရင်းနှီးမယ်မသိပေမယ့် ကျွန်တော်အတော့်ကို မျက်နှာပူသွားတာပါ။ ဟာမဟုတ်တာဗျာ ခင်ဗျားလျှောက် မပြောပါနှင့် လူကြီးတွေကို အားနာစရာလို့ဆိုတော့ သူကပိုလို့တောင် ကဲလာပါသေးတယ်။ ဟာ ဆရာကလည်း သူတို့ကို ၀န်ခံခိုင်းပြမယ်ဆိုပြီး တစ်ယောက်ချင်းကို ပြောခိုင်းပါတော့တယ်။ ထန်းရည်မူး ကျွဲခိုးပေါ်ဆိုတာ အမှန်ပါပဲ။ အားလုံးက  စားဝတ်နေရေး၊ ကုန်ကျစရိတ်နှင့်လစာ အချိုးမညီမှုတွေ ဆက်ကြေး၊ လိုင်းကြေး၊ ဘာကြေး၊ ညာကြေးတွေကြောင့် ဘယ်လိုဘယ်ပုံ လုပ်ကိုင်ရတဲ့အကြောင်း ပြောပြကြပါတယ်။ သူတို့ကို အမြည်းလုပ်ပေးနေတဲ့ ကျွန်တော့်ဝန်ထမ်းရဲ့ စကားကို ထောက်ခံကြပါတယ်။ အာလေးလျာ လေးစွာနှင့် ကျွန်တော်သူခိုးပါလို့ အဆုံးသတ်ဝန်ခံပြီး တိုင်းရှေ့မှာရှိတဲခွက်ကို တစ်ချက်တည်းနှင့် မော့သောက်လိုက်ကြပါတယ်။
သူ့စကားကို ထောက်ခံလို့ မာန်တက်သွားပုံရတဲ့ ကျွန်တော့်ဝန်ထမ်းက ဆက်ပြီးပြောပါတယ်။ ခုခေတ်မှာ ၀န်ထမ်းအားလုံး သူခိုးချည်းပဲတဲ့။ ဒါတော့ တဆိတ်လွန်ပါပြီ။ ၀န်ထမ်းသက် ရက်ပိုင်းပဲ ရှိသေးတဲ့ကျွန်တော်လည်း သူခိုးစာရင်းဝင် သတဲ့လား။ လုပ်သက် နုနယ်သေးပြီး အတွေ့အကြုံနည်းသေးလို့ သူများအတွက် အာမမခံနိုင်ပေမယ့် ကျွန်တော့် အတွက်တော့ ကျွန်တော် အာမခံနိုင်ပါတယ်။ ထောင်းခနဲ ထွက်သွားတဲ့ ဒေါသနှင့် ကျွန်တော်ဆို ဘာမှမခိုးဘူးလေ ခင်ဗျားက ဘာလို့ အားလုံးလို့ ပြောရတာလဲလို့ မေးလိုက်ပါတယ်။ ရှိန်းကနဲ တစ်ကိုယ်လုံးကို ပူနွေးသွားပြီး လက်သီးတွေကိုဆုပ် အံကြိတ်ထားတဲ့ သွားကြားကလေသံနှင့် မေးလိုက်တဲ့ ကျွန်တော့်ကိုသူက အေးဆေးစွာ တုံ့ပြန်ပါတယ်။ ခိုးတာပေါ့ဆရာရယ် အချိန်ခိုးတယ်လေတဲ့။ အမှန်ဆို ဆရာ့ဂျူတီချိန်က မနက် ၈ နာရီဆို ဆေးရုံပေါ်ရောက်ရမှ လေ အဲဒီအချိန်မှာ ဆရာက ဆေးခန်းမှာပဲ ရှိသေးတာကိုး။
တာဝန်ချိန်တွေကို ခိုးတာပေါ့။ ကျွန်တော် မပြောသာတော့ပါဘူး။ သူက ဆက်ပြီးတော့ ခုသာငယ်သေးလို့ ဆရာရေ နောက်နောင် ရာထူးကြီးလာရင် ဟိုလက်မှတ်ထိုး ဒီလက်မှတ်ထိုးနှင့် ကိုယ့်အတွက်မဟုတ်တောင် ငတ်နေတဲ့ ကျွန်တော်တို့တွေအတွက် ဆရာတို့က ခိုးကျွေးရဦးမှာလို့ ဆိုပါတယ်။ စိတ္တဇလိုဖြစ်သွားတဲ့ ကျွန်တော်ဟာ မနက်ပိုင်း ဂျူတီချိန်ကို အရောက်တက်နိုင်ဖို့ မဖြစ်နိုင်ဘဲ ဆေးခန်းထိုင်မိတိုင်း နာရီကိုကြည့်မိရင်း ငါခိုးမိနေတာပါလားဆိုတဲ့ ဥပါဒါန်က ခုထိဖိစီးနေပါတော့တယ်။ ကျွန်တော့်မှာသာ အတိုင်းအတာတစ်ခုရှိတဲ့ ၀င်ငွေတစ်ရပ်ရှိခဲ့ရင် မနက်ဆေးခန်း မထိုင်တော့ဘူးလို့ အမြဲစဉ်းစားမိပါတယ်။ များသောအားဖြင့် နယ်က လူတွေဟာ မနက် ဆေးခန်းကိုပဲအားပြုလာကြတော့ သူတို့အတွက် ဘယ်လိုလုပ်ပေးမှာလဲလို့ တွေးစရာရှိပါတယ်။ အဖြေက ရှင်းပါတယ်။ ဆေးရုံမှာပဲ ပြင်ပလူနာအနေနှင့် ကြည့်ပေးလိုက်မှာဖြစ်ပါ  တယ်။ ခုတော့ ၀မ်းစာအတွက် မိ သားစုရပ်တည်ဖို့အတွက် ကျားကြီးတော့ ခြေရာကြီးဆိုသလို ရာထူးနောက်က လိုက်လာတဲ့ ကုန်ကျစရိတ်တွေအတွက် မိမိတတ်ထားတဲ့ ပညာကလေးနှင့် သမာအာဇီဝလို့ သတ်မှတ်ပြီး ဟိုလူပြောသလို အလုပ်ချိန်ထဲကနေ နာရီလေး နည်းနည်းခိုးပြီး မနက်ဘက် ဆေးခန်းထိုင်ကာ ငွေရှာနေရပါသေး တယ်။ ရသေ့စိတ်ဖြေဆိုသလို မိမိရဲ့ အလုပ်ချိန်ကို အကာလညအခါ အချိန်မတော်မှာ ထထပြီး လူနာတွေကို မငြူမဆူ ကြည့်ပေးနေရတာပဲ။ ခိုးတယ်လို့ ထင်ထားတဲ့ အချိန်တွေအတွက် ပြန်ပေးဆပ်နေရပါတယ်လို့ စိတ်ထဲမှာ ဖြေသိမ့်နေရပါတယ်။ မဟုတ်လို့ရှိရင် အဲဒီအစွဲကြောင့် ရုတ်တရက် သေဆုံးသွားရင် ဆေးရုံမှာပဲ မကျွတ်မလွတ်တဲ့ ဘ၀တောင် ရောက်မလား မသိပါဘူး။

တစ်နေ့နေ့ တစ်ချိန်ချိန်တော့ ၀န်ထမ်းအားလုံးကို အခွင့်အရေး တစ်ခုအနေနှင့် ပြီးပြည့်စုံတဲ့ အခမဲ့ ကျန်းမာရေး စောင့်ရှောက် လွှမ်းခြုံမှု ပေးချင်ပါသေးတယ်။ ကောင်းမွန်တဲ့ သန့်ရှင်းတဲ့ အစိုးရဖြစ်အောင် ကျန်းမာတဲ့ ၀န်ထမ်းတွေရဲ့ ပံ့ပိုးမှု မဖြစ်မနေ လိုအပ်မှာပါ ...
လစာတွေ တိုးမယ်ဆိုတာရယ် သီလစောင့်ဖို့ အူမတောင့်လောက်အောင် ပေးမယ်ဆိုတာရယ် ကြားစက ကျွန်တော်တော့ ကျွန်တော့်ရဲ့ ခြောက်အိပ်မက်ကို ရပ်တန့်နိုင်တော့မယ်။ အပြည့်အ၀ ပေးဆပ်နိုင်တော့မယ်လို့ မျှော်မှန်းမိပါတယ်။ အစိုးရအပိုင်းက အခြေအနေ မပေးတဲ့အကြောင်း သေချာ ရှင်းပြတော့ နားလည်ရပါတယ်။ အောက်ခြေမှာ အလုပ်မလုပ်ဘဲ ပိုလျှံနေသလို ဖြစ်နေတဲ့ ၀န်ထမ်းတွေ အတော်ရှိသေးတာကို ကျွန်တော်တို့ သိနေပါတယ်။ ရုံးမှန်မှန် မတက်သူတွေ၊ ရုံးတက်ပြီး အလုပ်မလုပ်သူတွေ၊ စာရွက်ပေါ်မှာသာ လူရှိပြီး အပြင်မှာ လူမရှိသူတွေ၊ ဒီလိုလူတွေအတွက်တော့ အခွင့်အရေးဆိုတာ မရှိသင့်ပါဘူး။ လစာမတိုးခင်မှာ လူစစ်ဖို့ လိုမယ်လို့တောင် ထင်မိပါတယ်။ ဒါပေမဲ့ လစာတွေတိုးလာရင်တော့ သူတို့တွေရဲ့ အကျင့်တွေကို ပြင်လာပါလိမ့်မယ်လို့လည်း မဲတင်းပေးမယ်ဆို ပေးနိုင်ပါသေးတယ်။
ကျွန်တော်ကတော့ လစာတိုးတာထက်စာရင် အခွင့်အရေးတိုးတာမျိုးကို ပိုလို့ အားပေးပါတယ်။ အခွင့်အရေးတိုးတာဟာ လစာမှမတိုးသေးဘူး ကုန်ဈေးနှုန်းက တက်လိုက်မယ် ဟဲ့ဆိုတဲ့ ဆိုးသွမ်းသံသရာကြီးကိုလည်း ရှောင်ရှားနိုင်ပါလိမ့်မယ်။ ၀န်ထမ်းတွေကို ဘယ်လိုအခွင့်အရေး တွေ ပေးသင့်ပါသလဲ။ လိုအပ်တဲ့နေရာတွေကတော့ အများကြီး ရှိမှာပါ။ စားဝတ်နေရေး နေရာစုံမှာ လိုအပ်တာတွေ ရှိမှာပါပဲ။
ကျွန်တော်ကတော့ ကျန်းမာရေး လိုအပ်ချက်ကိုပဲ တင်ပြပါရစေ။ ၀န်ထမ်းအားလုံးကို မှန်ကန်တဲ့ ကျန်းမာရေး အာမခံမှုစနစ်တစ်ခုအောက်မှာ ရှိသင့်ပါတယ်။ အပေါ်ယံကြော အဖြစ်လောက်ပဲ အလုပ်ကနေ ခွင့်ရရုံလောက် သာ ပေးနိုင်တဲ့ ဗိုက်နာ ချောင်းဆိုးလောက်သာ ဆေးပေးနိုင်တဲ့ စနစ်တစ်ခုမဟုတ်ဘဲ အားလုံးက တကယ့်ကို အပြည့်အ၀ အားထားရလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်တစ်ခု ၀န်ထမ်းအားလုံး အပေါ် လွှမ်းခြုံဖို့ လိုအပ်နေတာပါ။ နောက်ဆုံး ကျွန်တော်တို့ ကျန်းမာရေး ၀န်ထမ်းတွေတောင် ဖောင်စီးရင်းရေ ငတ်နေရတဲ့ဘ၀ပါ။ လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်က ကျွန်တော် တိုက်နယ်ဆေးရုံတစ်ခုမှာ တာဝန်ကျနေတုန်းကဆို ကျွန်တော့်အောက်ခြေ၀န်ထမ်း တစ်ယောက် တာဝန်ထမ်းဆောင်ရင်း အောင့်လို့ဆိုပြီး ညဘက် ဆေးရုံဝင်းထဲမှာပဲရှိတဲ့ ကျွန်တော့်အိမ်ကို ရောက်လာပါတယ်။
အိမ်ရှေ့ခန်းက ကွပ်ပျစ်ကလေးပေါ်မှာ လူးလှိမ့်အော်ဟစ်နေတဲ့ သူ့ကို သေချာစမ်းကြည့်တော့ အူခေါက်နေတာလို့ ယူဆရပါတယ်။ ခွဲစိတ်ကုသရတော့မယ့် အခြေအနေပါ။ အဲဒီတုန်းက ကျွန်တော်ဟာ ခုကာလ လိုအတွေ့ အကြုံ မရှိသေးတဲ့ အချိန်ဖြစ်ပါတယ်။ ကိုယ်ဓားတင်ရမယ့်သူက ကိုယ်နှင့် လက်ပွန်းတတီး နေတဲ့ကိုယ့်တပည့် ဖြစ်နေပါတယ်။ ရှင်းရှင်းပြောရရင် ကျွန်တော်မခွဲရဲပါဘူး။ ကျောင်း တုန်းက ဆရာတွေသင်ပေးခဲ့တဲ့ ခြင်္သေ့ တစ်ကောင်ရဲ့ နှလုံးသားရှိရမယ်။ ရဲရင့်ရမယ်လို့ ကိုယ့်ကိုယ်ကို မာန်တင်းပေမယ့် မရပါဘူး။ အနာပျောက်ဆေးတွေ တပုံတပင် ထိုးထားပေမယ့် ကွပ်ပျစ်ပေါ်မှာ လူးလှိမ့်နေတဲ့ တပည့်ကိုကြည့်ရင်း သက်ပြင်းတွေသာ အတွင်ချမိနေတာပါ။ နောက်ဆုံးတော့ အထက်အဆင့် ဆေးရုံကြီးကိုပဲ ငွေစုပြီး ပို့လိုက်ရပါတယ်။
အသက်ရှင်သွားပါတယ်။ ဒါပေမဲ့ ကျန်းမာရေးဝန်ထမ်းလည်း အခမဲ့ စောင့်ရှောက်မှုတော့ မခံစားခဲ့ရပါဘူး။ အကြောင်းကြောင်းတွေရှိနိုင်ပေမယ့် ကျွန်တော်ကတော့ ကိုယ့်အလှည့်ကျ မဖြစ်စေရဘူးလို့ စိတ်ထဲမှာ တွေးထားပါတယ်။ အဲဒီတပည့်ကိစ္စ ပြီးတဲ့နောက်မှာ ကျွန်တော့် အတွက် လေ့လာခွင့်တွေ ကံကောင်းစွာ ရခဲ့ပါတယ်။ တည်ငြိမ်မှုတွေလည်း ပိုမိုရခဲ့လို့ ခုနောက်ပိုင်းကာလမှာ အရေးပေါ်ကြုံလာရင် ကိုယ်ကိုယ်တိုင် ခွဲပေးခဲ့တဲ့ တပည့်တွေ မနည်းတော့ပါဘူး။ ကျန်းမာရေး ဌာနကမဟုတ်တဲ့ တခြားသောဌာနက ၀န်ထမ်းတွေ ဆေးရုံတက်လာရင်လည်း ခုချိန်မှာ တတ်နိုင်သလောက် စောင့်ရှောက်ပေး နေပါတယ်။ အခြားဆင်းရဲတဲ့ လူနာတွေနှင့် တိုက်မနေရင် ဆေးပဒေသာပင်တွေ ဆေးဝါးလှည့်ပတ်ရန်ပုံငွေတွေထဲကနေ အကုန်အကျခံပြီး အခမဲ့ စောင့်ရှောက်မှုပေးနေပါတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်တော့ ၀န်ထမ်းအား လုံးကို အခွင့်အရေး တစ်ခုအနေနှင့် ပြီးပြည့်စုံတဲ့ အခမဲ့ ကျန်းမာရေး စောင့်ရှောက်လွှမ်းခြုံမှု ပေးချင်ပါသေးတယ်။ ကောင်းမွန်တဲ့ သန့်ရှင်းတဲ့ အစိုးရဖြစ်အောင် ကျန်းမာတဲ့ ၀န်ထမ်းတွေရဲ့ ပံ့ပိုးမှု မဖြစ်မနေ လိုအပ်မှာပါ။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis