menu

Wednesday 4 April 2012

မီးမပျက်တဲ့ နိုင်ငံတွေမှာ တစ်နာရီကြာ မီးမှိတ်ခဲ့ကြတဲ့ 2012 Earth Hour



နယူးယောက်မြို့ရှိ အင်ပါယာ စတိတ်အဆောက်အအုံ၊ ပါရီမြို့ရှိ အီဖယ်မျော်စင်၊ ဆစ်ဒနီမြို့ရှိ အော်ပရာ ပြဇာတ်ရုံတို့တွင် မတ်လ ၃၁ ရက်က နှစ်စဉ်ပြုလုပ်နေကျ မြေကမ္ဘာနေ့ အထိမ်းအမှတ်အဖြစ် တစ်နာရီကြာ မီးမှိတ်ခြင်းကို ဦးဆောင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရာသီဥတု ပြောင်းလဲနေမှုကို ဂရုပြုမိစေရေးအတွက် ရည်ရွယ်၍ မိနစ် ၆၀ ကြာ မီးမှိတ်ခြင်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းတွင် ရောက်ရှိနေသော ဒတ်ခ်ျအာကာသယာဉ်မှူး Andre Kuipers က ယခုနှစ် ကမ္ဘာတစ်ဝန်း မီးမှိတ်သည့် အခမ်းအနားကို စောင့်ကြည့်ပြီး ဓာတ်ပုံများတင်မည်ဟု သိရသည်။
ယခုနှစ်တွင် နိုင်ငံနှင့် ပိုင်နက် ၁၅၀ ခန့်၌ မြေကမ္ဘာနေ့ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းအခမ်းအနားကို ဦးစီးကျင်းပခဲ့သူများက မြေကမ္ဘာနေ့ အခမ်းအနားအတွက် YouTube channel တစ်ခုပြုလုပ်ခဲ့ပြီး တစ်မိနစ်လျှင် ကြည့်ရှုသူ ၂၀၀၀၀ ရှိကြောင်း သိရသည်။

ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ကုလသမဂ္ဂရုံးချုပ်တွင်လည်း တစ်နာရီကြာ မီးမှိတ်ခဲ့ပြီး လျှပ်စစ်မီး မသုံးစွဲနိုင်သော အမျိုးသား၊ အမျိုးသမီး၊ ကလေးများနှင့် တစ်သားတည်း အတူရှိကြောင်းကို ပြသခဲ့သည်ဟု ပြောကြားခဲ့သည်။
ကမ္ဘာပေါ်တွင် လျှပ်စစ်မီး မသုံးနိုင်သူမှာ ကမ္ဘာ့လူဦးရေအားလုံး၏ ၂၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းရှိ မန်ဟက်တန်တွင် ပြိုကျသွားခဲ့သော ယခင်ကုန်သွယ်ရေး မျှော်စင်ညီနောင်နေရာတွင် အသစ်တည်ဆောက်နေဆဲဖြစ်သော လွတ်မြောက်ရေး မျှော်စင်တွင်လည်း မိနစ် ၆၀ ကြာ မီးပိတ်ခဲ့သည်ဟု သိရသည်။ ၀ါ ရှင်တန်ရှိ အမျိုးသားရဲတိုက်တွင်လည်း မီးပိတ်ခဲ့ပြီး ကမ္ဘာကြီး ပူနွေးလာမှုအပေါ် အရေးတကြီး အာရုံစိုက်လာစေရန် သတိပေးခဲ့သည်။
ပစိဖိတ်ကျွန်းနိုင်ငံဖြစ်သော ဆာမိုအာတွင်လည်း ယခုနှစ်၌ မြေကမ္ဘာနေ့ အခမ်းအနားကို စတင်ဆင်နွှဲခဲ့ကြောင်း သိရသည်။ ထို့ပြင် နယူးဇီလန်နိုင်ငံရှိ Auckland's Sky Tower  နှင့် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီ ဆိပ်ကမ်းတစ်လျှောက် အဆောက်အအုံများတွင်လည်း မြေကမ္ဘာနေ့ အခမ်းအနား ပြုလုပ်ခဲ့သည်။
ဂျပန်နိုင်ငံရှိ တိုကျိုမျော်စင်ကိုလည်း မီးပိတ်ခဲ့ပြီး ယမန်နှစ်က ဖြစ်ပွားခဲ့သော ငလျင်နှင့် ဆူနာမီအဖြစ်ဆိုးအတွက် ဆုတောင်းပေးခဲ့သည်။ ဟောင်ကောင်ရှိ မိုးမျှော်အဆောက်အအုံများတွင်လည်း ယခင်က မီးများ ထိန်ထိန်ညီးခဲ့သော်လည်း မြေကမ္ဘာနေ့ ဆင်နွှဲသည့်အနေဖြင့် တစ်နာရီ ကြာ မီးမှိတ်ခဲ့သည်။
မြေကမ္ဘာနေ့ အခမ်းအနားကို ၂၀၀၇ ခုနှစ်မှစ၍ ဆစ်ဒနီမြို့တွင် စတင်ပြုလုပ်ခဲ့ပြီး ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျော့ချနိုင်ရေးအတွက် ကမ္ဘာတစ်ဝန်းမှပါဝင်မှု အကျယ်ပြန့်ဆုံး လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ တစ်ခုဖြစ်သော WWF က ထုတ်ပြန်ခဲ့သည်။
၂၀၁၂ ခုနှစ် မြေကမ္ဘာနေ့ အခမ်းအနားမှာ လူထုအားကို ပြသခြင်းဖြစ်ကြောင်း၊ ကမ္ဘာဂြိုဟ်၏ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ ကမ္ဘာပေါ်မှ လူအများဆုံး ပါဝင်ဆင်နွှဲမှုတစ်ခုဖြစ်ကြောင်း WWF မှအမှုဆောင်ချုပ်  Dermot O'Gorman  က ပြောကြားခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံရာ ပေါင်းများစွာမှ လူသန်းရာနှင့်ချီသော အရေအတွက်က လျှပ်စစ်မီးမှိတ်ခြင်းဆိုသည်ထက် ကျော်လွန်ကာ ရာသီဥတုပြောင်းလဲမှုအတွက် အပြုသဘောဆောင် ပါဝင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ကုလသမဂ္ဂရုံးချုပ်တွင်လည်း တစ်နာရီကြာ မီးမှိတ်ခဲ့ပြီး လျှပ်စစ်မီးမသုံးစွဲနိုင်သော အမျိုးသား၊ အမျိုးသမီး၊ ကလေးများနှင့် တစ်သားတည်းအ တူရှိကြောင်းကို ပြသခဲ့သည်ဟု ပြောကြားခဲ့သည်။ ကမ္ဘာပေါ်တွင် လျှပ်စစ်မီး မသုံးနိုင်သူမှာ ကမ္ဘာ့လူဦးရေ အားလုံး၏ ၂၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ အိုလံပစ်ပြိုင်ပွဲကျင်းပခဲ့သည့် ငှက်သိုက် ပုံအားကစားရုံနှင့် Water Cube  အားကစားရုံတို့တွင်လည်း မိနစ် ၆၀ ကြာ မီးမှိတ်ခြင်းဖြင့် မြေကမ္ဘာနေ့ကို ပါဝင်ဆင်နွှဲခဲ့သည်။

အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီရှိ သမိုင်းဝင်နေရာသုံးခုဖြစ်သော India Gate၊ Qutub Minar နှင့် Humayun's Tomb တို့တွင် တစ်နာရီကြာ မီးပိတ်ခဲ့ပြီး မွမ်ဘိုင်းမြို့တွင် လူပေါင်းများစွာက လမ်းများပေါ်၌ ဖယောင်းတိုင်မီးထွန်းကာ ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ၊ ဒူဘိုင်းမြို့မှ ကမ္ဘာ့အမြင့်ဆုံး အဆောက်အုံဖြစ်သော ဘာ့ဂ်ျခါလီဖာတွင်လည်း တစ်နာရီကြာ အမှောင်ချထားခြင်းဖြင့် ၂၀၁၂ ခုနှစ်၊ မြေကမ္ဘာနေ့ကို ဆင်နွှဲခဲ့သည်။
ဥရောပတိုက်မှ ကြွေးမြီပြဿနာ ဆိုးရွားနေသော ဂရိနိုင်ငံတွင်လည်း အခရိုပိုလစ် သမိုင်းဝင်အဆောက်အအုံနှင့် နိုင်ငံတစ်ဝန်းမြို့တော်ခန်းမများတွင် မိနစ် ၆၀ ကြာ အမှောင်ချထားခဲ့သည်။
ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ နာမည်ကျော် အီဖယ်မျှော်စင်မှာမူ လုံခြုံရေး အခြေအနေများကြောင့် ငါးမိနစ်သာ အမှောင်ချခဲ့ကြောင်း သိရသည်။

ကမ္ဘာ့အရှေ့ခြမ်းမှ ဘရာဇီးနိုင်ငံရှိ မြို့တော်ရီယိုဒီဂျနေရိုးတွင်လည်း ယင်းအခမ်းအနားကို ဆင်နွှဲခဲ့ပြီး နိုင်ငံတစ်ဝန်းမြို့ပေါင်း ၁၃၀ ခန့်ရှိ နာမည်ကြီး အဆောက်အအုံများ၊ ခရီးသွားများ လည်ပတ်သည့် နေရာများတွင် တစ်နာရီကြာ မီးမှိတ်ခဲ့ကြောင်း သိရသည်။

၂၀၁၁ ခုနှစ် မြေကမ္ဘာနေ့ အခမ်းအနားကို နိုင်ငံပေါင်း ၁၃၅ နိုင်ငံမှ မြို့ပေါင်း ၅၂၅၁ မြို့တွင် ပြုလုပ်ခဲ့ပြီး လူ ၁ ဒသမ ၈ ဘီလျံက ပါဝင်ဆင် နွှဲခဲ့ကြောင်း သိရသည်။
Ref:AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis