menu

Wednesday 21 March 2012

နိုင်ငံရေးနှင့်မပတ်သက်ရ ဆိုသည်ကို ရုပ်ရှင် လောကသားများ ကန့်ကွက်


အသစ်ပြန်လည်ဖွဲ့စည်းမည့် ရုပ်ရှင်အစည်းအရုံး၏ အမှုဆောင်များအနေဖြင့် နိုင်ငံရေးနှင့် ပတ်သက်ဖူးခြင်း မရှိသူဖြစ်ရမည်ဟု  ပြန်ကြားရေးဝန်ကြီးဋ္ဌာနမှ ပြောကြားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိရာ ယင်းအချက်ကို ရုပ်ရှင်လောကသားများက ကန့်ကွက်ပြောဆိုနေကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဒါရိုက်တာဝိုင်းက ယခုကဲ့သို့ စည်းကမ်းချက်ချမှတ်ခြင်းသည်  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှု ရှိမရှိ ဆန်းစစ်ရမည်ဖြစ်ကြောင်း၊ အကယ်၍ ထိုသိုပိတ်ပင်ခဲ့လျှင် ယင်းအချက်သည် လူ့အခွင့်အရေးကို ပိတ်ပင်ခြင်းဖြစ်ကြောင်း ပြောသည်။

၎င်းက “ တကယ်လို့ ဒီသတင်းတကယ်မှန်တယ်ဆိုရင် ပြန်ကြားရေးဝန်ကြီးဌာနကို ကျွန်တော် တရားစွဲမယ် ” ဟု YPI သို့ပြောသည်။

ဝါရင်သရုပ်ဆောင်တစ်ဦးဖြစ်သူ ဦးဇင်ဝိုင်းကလည်း ယခုကဲ့သို့ စည်းကမ်းချမှတ်ခြင်းသည် မလိုအပ်သော စည်းကမ်းချမှတ်ခြင်း ဖြစ်ကြောင်း၊ ဥပဒေလည်း မရှိကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လည်း ကိုက်ညီမှုမရှိသဖြင့် ၎င်းအနေဖြင့် သဘောမတူနိုင်ကြောင်း မှတ်ချက်ပေးသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးခိုင်မောင်ရည်ကမူ နိုင်ငံရေးဆိုသည်မှာ နိုင်ငံသူ နိုင်ငံသားအားလုံးနှင့်သက်ဆိုင်သောအရေးဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံ၊ ဒီမိုကရေစီစနစ်သို့ သွားနေသောနိုင်ငံဖြစ်ကြောင်း ပြောကြားနေသူများအနေဖြင့် ဒီမိုကရေစီစနစ်ကို တိတိကျကျ လိုက်နာရန်လိုအပ်ကြောင်း ဝေဘန်ပြောဆိုသည်။

၎င်းကထပ်မံပြီး ယခုကျင့်သုံးနေသောစနစ်သည် ပါတီစုံ ဒီမိုကရေစီစနစ်ဖြစ်သဖြင့် မည်သူမဆို၊ မည်သည့်ပါတီကိုမဆို လွတ်လပ်စွာ ၀င်ရောက်ခွင့် ရှိသင့်သည်ဟုလည်း ပြောဆိုလိုက်သည်။
“ အခုအခြေအနေမှာ နိုင်ငံရေးဆိုတာ ကန့်သတ်ထားလို့မရဘူး။ ဘယ်အဖွဲ့အစည်းမှာမဆို နိုင်ငံရေးနဲ့ မပတ်သတ်ရဘူးလို့ပြောလာရင် အဲဒီသူက ခေတ်နောက်ပြန်ဆွဲတဲ့သူပဲ ” ၎င်းကပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ ပုဒ်မခွဲ (ဂ) တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားသည့် ဥပဒေများကို မဆန့်ကျင်လျှင် အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်ခွင့်ရှိသည်။

ရုပ်ရှင်အစည်းအရုံး၏ အမှုဆောင် အဖွဲ့ကို လာမည့် ၂၃ ရက်နေ့တွင် ရုပ်ရှင် အစည်းအရုံးဝင်များက မဲစနစ်ဖြင့် ရွေးချယ်မည်ဖြစ်သည်။  

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သား အစိုးရတက်လာပြီးနောက် တနှစ်တာ ကာလအတွင်း ဥပဒေဆိုင်ရာ ပြင်ဆင်မှုများ၊ အသစ်ပြဋ္ဌာန်းမှုများ၊ စနစ်နှင့် မညီလျှော်သည်များကို ပယ်ဖျက်မှုများ ပြုလုပ်လျှက်ရှိရာ အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခွင့် ဥပဒေ၊ ငြိမ်းချမ်းစွာစုဝေးခွင့် ဆန္ဒထုတ်ဖေါ်ခွင့်ဥပဒေတို့ ကိုပြဋ္ဌာန်းခဲ့သည်။      ။
YPI

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis