menu

Wednesday 21 March 2012

လာမည့် ကြားဖြတ် ရွေးကောက်ပွဲများကို စောင့်ကြည့်လေ့လာရန် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှ စောင့်ကြည့် လေ့လာသူများအား မြန်မာ ဖိတ်ခေါ်




လာမည့် ကြားဖြတ် ရွေးကောက်ပွဲများကို စောင့်ကြည့် လေ့လာရန်အတွက် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှ စောင့်ကြည့် လေ့လာသူများအား စေလွှတ်ရန် မြန်မာနိုင်ငံက ဖိတ်ခေါ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံရုံးမှ ပြောရေး ဆိုခွင့်ရှိသူ အေဒရီယန်နတ်ဇ်မင်းန် က Eleven Media Group သို့ မတ်လ ၂၁ ရက်နေ့က ပြောကြားခဲ့သည်။

''အာဆီယံရဲ့ ဆွေးနွေးဖက် ဖြစ်တဲ့ အမေရိကန်လည်း စောင့်ကြည့် လေ့လာသူတွေ စေလွှတ်ဖို့ ဖိတ်ခေါ် ခံခဲ့ရပါတယ်။ အာဆီယံ၊ ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့ အပါအ၀င် နိုင်ငံတကာကိုယ်စားလှယ်တွေကို စောင့်ကြည့်လေ့လာသူများအဖြစ်  မြန်မာအာဏာပိုင်များက ဖိတ်ခေါ်ခဲ့တဲ့အတွက် ကျွန်မတို့အနေနဲ့ အားတက်မိပါတယ်။ ပြည်ပ မီဒီယာတွေကို လမ်းဖွင့်ပေးမှု တိုးလာတယ်ဆိုတာကို ပြသတဲ့အနေနဲ့ လုပ်ငန်းစဉ်ကို စောင့်ကြည့်လေ့လာဖို့ ဒီနိုင်ငံတွေက ဂျာနယ်လစ်တချို့ကို မြန်မာ အစိုးရက ခွင့်ပြုမယ်ဆိုတာဟာလည်း ထူးခြားမှုတစ်ခုပါ''ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ အေဒရီယန်နတ်ဇ်မင်းန်က Eleven Media Group သို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများကို စောင့်ကြည့်လေ့လာရန် အာဆီယံစောင့် ကြည့်လေ့လာသူ ငါးဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ ပါလီမန်အဖွဲ့ဝင် နှစ်ဦးစီအား မြန်မာနိုင်ငံသို့ လာ ရောက်ရန် ဖိတ်ခေါ်ခဲ့ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက မတ်လ ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် ၎င်းတို့နှင့်အတူ မီဒီယာသမားများကိုလည်း ဖိတ်ခေါ်ခဲ့ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်က ဆိုသည်။

အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်က လာမည့်ကြားဖြတ် ရွေးကောက်ပွဲ လွတ်လပ်တရားမျှတမှု မရှိဘူးဆိုပါက နှစ်နိုင်ငံဆက်ဆံရေးကို အထောက်အကူပြုမည် မဟုတ်ကြောင်း မတ်လ ၁၇ ရက်နေ့က Eleven Media Group နှင့်  Exclusive Interview တွင် ထည့်သွင်း ပြောကြားခဲ့သည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပရာတွင် လွတ်လပ်ပြီး တရားမျှတမှုရှိရန် နိုင်ငံတကာအသိုင်းအ၀ိုင်းက တိုက်တွန်းပြောကြားလျက်ရှိပြီး ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပရာတွင် လွတ်လပ်ပြီး တရားမျှတပါက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ် ဆို့မှုများကို တစ်ဆင့်ပြီးတစ်ဆင့် ဖြေလျော့ပေးရန်ရှိကြောင်းလည်း ပြောကြားထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသော မဲဆန္ဒနယ် ၄၈ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲများကို ဧပြီလ ၁ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည်ဖြစ်သည်။ ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲများအတွက် ပြုလုပ်မည့် မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၄၀၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ခြောက်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် နှစ်နယ်တို့ ဖြစ်ကြသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis