menu

Wednesday 21 March 2012

ပုသိမ်သူ အမည်ရှိ ပုသိမ်-ငပုတော-သရက်တော သင်္ဘောလိုင်းမှ ရှပ်ပြေး အမြန်ယာဉ်သင်္ဘောမှာ ကံဆိပ်ရွာအနီး(င၀န်မြစ်အတွင်း) နစ်မြုပ်ပြီး ခရီးသည် ၆၀ ဦး အသက်ရှင်ကာ လတ်တလော ၂ ဦး သေဆုံး ၁၀ ဦးကျော် ပျောက်ဆုံးနေဆဲ






ပုသိမ်မြို့မှ ငပုတောမြို့အား ဖြတ်သန်းကာ သရက်တောကျေးရွာအထိ ပြေးဆွဲလျက်ရှိသော ပုသိမ်သူအမည်ရှိ ရှပ်ပြေး အမြန်ယာဉ် သင်္ဘောမှာ မတ်လ ၂၀ ရက်နေ့၊ နေ့လည် ၃ နာရီဝန်းကျင်က ငပုတောမြို့နယ်၊ ကံဆိပ်ကျေးရွာ အနီး င၀န်မြစ်အတွင်း နစ်မြုပ်သွားပြီး လိုက်ပါလာသည့် ခရီးသည်များထဲမှ ၆၀ ဦးသာ အသက်ရှင်ရက် ကယ်ဆယ်ထားနိုင်ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ ပုသိမ်မြို့မှ သရက်တောမြို့သို့ ထွက်ခွာလာသည့် ပုသိမ်သူအမည်ရှိ ရှပ်ပြေးအမြန်ယာဉ်မှာ ကံဆိပ်ကျေးရွာတံတားသို့ ဆိုက်ကပ်ရန် သင်္ဘောအား ကွေ့လိုက်စဉ် တစ်ရှိန်ထိုး တိမ်းစောင်းကာ နစ်မြုပ် သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

သင်္ဘောနစ်မြုပ်သည်နှင့် အနီးအနားရှိ ငါးဖမ်းလှေများမှ သွားရောက် ကယ်ဆယ်ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ကံဆိပ်ကျေးရွာမှ လှေများထွက်ကာ ကယ်ဆယ်ခဲ့ကြောင်း၊ ထို့နောက် ငပုတောမြို့မှ လမင်းရတနာ သင်္ဘောဖြင့် သွားရောက် ကယ်ဆယ်ခဲ့ကြောင်းနှင့် ကယ်ဆယ်ရရှိသူများကို ငပုတောမြို့၊ မြောက်ပိုင်းရှိ အ.မ. က(၁)ကျောင်းတွင် ခေတ္တထားရှိကာ ကူညီပေးခဲ့ကြောင်း သိရသည်။

ကယ်ဆယ်ရရှိသူများထဲမှ ၁၀ ဦးကို ငပုတောမြို့၊ ပြည်သူ့ဆေးရုံတွင် တက်ရောက် ကုသခံယူနေရကြောင်း သိရသည်။ သင်္ဘောနစ်မြုပ်မှု ဖြစ်ပွားပြီးပြီးချင်း သွားရောက်ကယ်ဆယ်ခဲ့သည့် ငါးဖမ်းလုပ်ကိုင်သူ ကိုကျော်သူ က''ကျွန်တော်က ငါးဖမ်းနေတာ။ ပုသိမ်သူ ရှပ်ပြေးအမြန်ယာဉ် လာနေတာတွေ့တယ်။ ရေကျတဲ့ အချိန်ဆိုတော့ ကွေ့ပြီးမှ တံတားကို ပြန်ကပ်ရတာလေ။
ကံဆိပ်တံတားကို ကပ်ဖို့ ကွေ့လိုက်တာ မှာ တစ်ခါတည်း မှောက်သွားတာ။ မှောက်တာမှ ပြောင်းပြန်ကို ဖြစ်သွားတာ။ သင်္ဘောအပေါ်ပိုင်းက ရေအောက်ဘက် မျက်နှာလှည့်ပြီး သင်္ဘော ၀မ်းဗိုက်က ရေပေါ်တစ်ချက် ပြန်ပေါ်လာတာ။ မိနစ်ပိုင်းပဲ သင်္ဘောဗိုက်ကို ရေပေါ်မှာတွေ့လိုက်ရတယ်။ စုံးစုံး မြုပ်သွားတာပဲ။
အဲဒီမှာ လူတွေ ဟိုတစ်ယောက် ဒီတစ်ယောက်ပြန်ပေါ်လာတော့ ကျွန်တော်နဲ့အတူ ပိုက်ချနေတဲ့ တင်မောင်ဆွေကလည်း လှေအတင်းခတ်သွားပြီး သွားဆယ်ကြတာ။ ကံဆိပ်ရွာက ပိုက်သမားတွေလည်း လာကယ်ကြ တယ်။ ကျွန်တော်တို့က နှစ်ခေါက် ကယ်လိုက်တယ်။ ကယ်လို့ရတဲ့အထဲမှာ ယောက်ကျားတွေများတယ်။ သားသမီးတွေ ရေထဲနစ်သွားတဲ့ သင်္ဘောထဲမှာ ကျန်နေတဲ့အကြောင်း ပြောပြောပြီး ငိုတဲ့သူကငို ကြောက်နေတဲ့ သူကြောက် ဖြစ်နေကြတယ်။ ကျွန်တော်တွေ့တာကတော့ ကွေ့လိုက်တာနဲ့ အရှိန်မထိန်းနိုင်ပဲ မြုပ် သွားတာ''ဟု ဖြစ်စဉ်ဖြင့် ကိုယ်တိုင်ကြုံကာ ကိုယ်တိုင် ကယ်ဆယ်ခဲ့ရပုံအား ပြောကြားခဲ့သည်။
''ကံဆိပ်ကို ကပ်ပြီးတာနဲ့ ငပုတောကို သင်္ဘောက ကပ်မှာ။ ငပုတော ဆိပ်ကမ်းမှာ အဲဒီသင်္ဘော ကပ်တာနဲ့ ဈေးရောင်းမယ့်သူတွေက သင်္ဘောလာတာကို စောင့်နေတာ။ သင်္ဘောက လှမ်းမြင်နေရတယ်လေ။ ကံဆိပ်နား ရောက်တာကို မြင်နေရတယ်။ ပြီးတော့မှ သင်္ဘောက ပျောက် သွားတာ။ အဲဒီတော့မှ သင်္ဘော မှောက်ပြီဆိုပြီး ပြောကြတာ။ အဲဒီအချိန်မှာ ကျွန်မတို့ လမင်းရတနာ သင်္ဘောက ကုန်တွေ ချနေတာ။ ချက်ခြင်းပဲ သင်္ဘောနဲ့ သွားကယ်တာ။ ငပုတောနဲ့ ကံဆိပ်ကို နှစ်ခေါက်မောင်းပြီး ကယ်လိုက်ရတယ်။ မှောက်တဲ့နေရာမှာတော့ ရေနစ်လို့ အမျိုးသမီး ကြီးတစ်ဦး သေဆုံးတာ တွေ့လိုက်ရတယ်။ အဲဒီသင်္ဘောက ဒီဇယ်အင်ဂျင်မဟုတ်ဘူး၊ ဆန်စက်တွေမှာ သုံးနေတဲ့ ဖွဲကနေ ဂက်စ်ထုတ်ပြီး မောင်းရတဲ့ သင်္ဘောပါ''ဟု လမင်းရတနာ သင်္ဘောပိုင်ရှင်မှ ပြောကြားခဲ့သည်။
''အခု ကယ်ဆယ်ထားတာ ၅၀ ဦး၊ ဆေးရုံမှာ ၁၀ ဦး။ ဆေးရုံက ၁၀ ဦးစလုံးကတော့ မှောက်တဲ့  သင်္ဘောပေါ်မှာ ပါလာတာဆိုပေမယ့် ၆ ဦးက လူနာ၊ ၄ ဦးက လူနာကို ပြန်စောင့်ပေးနေရတာ။ စုစုပေါင်း ၆၀ အသက်ရှင် တယ်။ သေဆုံးတာကတော့ မျက်မြင်တွေ့တာ နှစ်ဦးရှိပါတယ်။ ငပုတော အမက(၁)မှာ ကယ်ဆယ် ပြုစုပေးခဲ့တယ်။ ကြောက်တာလန့်တာ မပြေကြသေးတာနဲ့ ၀မ်းနည်းနေကြတာတွေနဲ့ဆိုတော့ ၀ိုင်းပြုစုပေးနေကြ ရတာပေါ့။ အခု ကယ်ဆယ်ထားတဲ့သူတွေကို သက် ဆိုင်ရာ ကျေးရွာတွေက ပဲ့ဒေါင်တွေ နဲ့မောင်းပြီး ငပုတောတက်လာပြီး ပြန်ခေါ်သွားကြပါတယ်''ဟု ငပု တောမြို့၊ ပြည်သူ့ဆေးရုံတွင် တာ ၀န်ထမ်းဆောင်နေသူ မပပခက်က ပြောပြခဲ့ပါသည်။
''ကျွန်တော်တို့ သိသလောက်တော့ သင်္ဘောပေါ်မှာ လူ ၇၀ ကျော်လောက် ပါလာတာဖြစ်တဲ့အတွက် အခု ကယ်ဆယ်ထားတဲ့အရဆိုရင် ၁၀ ဦးနဲ့အထက် ပျောက်ဆုံးနေတယ်လို့ ခန့်မှန်းထားပါတယ်''ဟု သွားရောက် ကယ်ဆယ်ခဲ့သူ မြို့ခံတစ်ဦးကလည်း ပြောကြားခဲ့ပါသည်။

ကယ်ဆယ်မည့်သူများဖြင့် နီးကပ်သည့်အတွက်သာ ယခုကဲ့သို့ အသက်ရှင်သူ များခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သွားရောက်ကယ်ဆယ်ခဲ့သူတစ်ဦးက''ကံဆိပ်ရွာနားမှာလည်းဖြစ်၊ ငပုတောမြို့နဲ့လည်း နီးသလို ပိုက်ချနေတဲ့ လှေတွေကလည်း ချက်ခြင်း သွားကယ်ပေးလိုက်လို့ အခုလို အသက်ရှင်တာ များတာပါ။ ပိုက်သမားတွေက ချက်ခြင်းကယ်သလို ကံဆိပ်ကလည်း ချက်ခြင်းကယ်ပေးတယ်။ အဲဒီအချိန်မှာ ငပုတောမြို့ ကနေပြီးတော့လည်း သင်္ဘောနဲ့ ချက်ခြင်းသွားကယ်တာလေ''ဟု ပြောပြခဲ့ပါသည်။
သေဆုံးခဲ့ရသူများထဲတွင် ကျောင်းသားအချို့ ပါဝင်ကြောင်းလည်း ကနဦးသတင်းများအရ သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis