menu

Tuesday 20 March 2012

ချီဖွေသို့ ခရီးတစ်ခေါက်(သို့မဟုတ်) မေခကမ်းပေါ်မှ လျှပ်တစ်ပြက် ပုံရိပ်များ(ထွန်းလင်းအောင်)


ရွှေတူးတဲ့ ကမ်းပါးကြီးတွေက စာသင်ကျောင်းဘေး၊ ဘုရားကျောင်းဘေး၊ ရွာခြံစည်းရိုးဘေး ရောက်နေသည်။ ကားလမ်းက မြစ်ဘေးပတ်ပြီး ဖောက်ထားတော့ မြစ်ရေပြင်ကို အပေါ်စီးကမြင်နေရသည်။ ရွှေကျင်လို့ ထွက်လာတဲ့ ကျောက်ပုံကြီးတွေ၊ မုန်ကျင်းတွေ၊ မြစ်ထဲက ရွှေဖောင်တွေ၊ မြစ်ကမ်းကို ထိုးထွက်နေတဲ့ ဆီလှောင်ကန်တွေ၊ ဘက်ဖိုးတွေ၊ မြေသယ်ကားကြီးတွေ၊ လက်လုပ်လက်စား၊ တဲတန်းတွေ ...  



နန်းဦးရွာရှိ တရုတ်လျှပ်စစ်ဓာတ်အားပေးရုံးကို မေခမြစ်ကမ်းဘေးတွင် တွေ့ရစဉ်။
၂၀၁၂ ခုနှစ် မတ်လ ၆ ရက် မြစ်ကြီးနားကထွက်တော့ မွန်းလွဲ ၁ နာရီ။ ဗလမင်းထင် တံတားပေါ်က နေကြည့်တော့ ပတ်ဝန်းကျင်က ကြည်ကြည်လင်လင်။ မကြည်လင်တာက ဧရာဝတီမြစ်ရေ။ လက်ဖက်ရည်ရောင် ပေါက်နေသည်။
မြစ်ကြီးနား ကန်ပိုက်တီ(လီဒိုလမ်း)က ကောင်း လှသည်။ ၂၁ မိုင်ဝေးတဲ့ ၀ါရှောင်ဆည်ကို ခဏနှင့် ကျော်လာခဲ့သည်။ မြင်ကွင်းတွေက ကွန်ပျူတာနှင့်ပြောင်းလိုက်သလို ကျွန်တော်ဝါရှောင်မှာ စာသင်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က မျစ်ချိုး၊ ဖက်ခူးခဲ့တဲ့နေရာတွေမှာ ရော်ဘာခြံတွေ၊ သစ်မွှေးတွေ၊ ရေမနေတွေ၊ ကျွန်းတွေ၊ တရုတ်ဂူတွေ၊ ငါးကန် တွေ။ မြင်ကွင်းတစ်ဆုံး တောင်ကတုံး။ သဘာဝတောတောင်တွေ ပကတိ မရှိကြတော့ပြီ။ လီဒိုလမ်း ဖောက်စဉ်က အင်္ဂလိပ်စစ်ဗိုလ်တစ်ဦး၏ မှတ်တမ်းကို ယနေ့လူငယ်တွေ ဖတ်မိပါက ကြောက်ရမည့်အစား ရယ်ကြမည်လားမသိ။
မန်ဝိန်း လမ်းခွဲရောက်တော့ ချန်ယင်ကိုး ကုမ္ပဏီစိုက်ပျိုးရေးကွင်းသို့ ဟု မြန်မာလို၊ တရုတ်လို ရေးထားသည်။ နယ်မော်ယန်ရွာမှာ ညအိပ်လိုက်သည်။ မီးမရှိ။ ဘုရားကျောင်းကလွဲရင် သွပ်မိုးအိမ် မရှိသလောက်။ ရုံးမိုး အိမ်တွေ၊ တည်းခိုတဲ့ အိမ်ပေါ်မှာတော့ မီးဖိုနှင့် အိမ်နောက်မှာ ၀က်ခြံနှင့် အဖီက လှေကားလုံအောင် ဆောက်ထားသည်။
ပီဘိကချင်အိမ်။ ကျွေးတော့ တောကြက်သား၊ မြင်းခွာရွက်သုပ်၊ မနည်းဝါးရသည်။ ထွေရာလေးပါး ပြောကြည့်တော့ အိမ်ရှင်က လောလောဆယ် တောင်ယာခုတ်နေသည်။ သစ်မွှေးအပင် ၁၀၀ လောက် စိုက်ချင်သည်။ အရင်း အနှီး မရှိ။ ပြည်ပနိုင်ငံတွေက ဧက ထောင်ချီ၊ အပင်သိန်းချီ၍ လာစိုက်ကြသည်။ တိုင်းရင်းသား ဆင်းရဲနွမ်းပါးမှု ပပျောက်အောင် နည်းလမ်းတွေ ရှာသင့်ကြပြီ။ ညရောက်တော့ ဘုရားကျောင်းက ကလေးတွေ ကချင်စာအံသံကို သဲ့သဲ့လေးကြားနေရသည်။
အလုပ်သမားများ နေထိုင်ရာ တဲအိမ်များကို တွေ့ရစဉ်။
မတ်လ ၇ ရက် အိပ်ရာထပြီး အိမ်နောက် စမ်းချောင်းထဲမှာ မျက်နှာသစ်ရသည်။ ရွာကထွက်တော့ မြူတွေ ဆိုင်းနေဆဲ။ ရွာဘေး လယ်ကွင်းတွေက ချောင်းနှင့် မြောင်းနှင့် ပနံရလှသည်။ လမ်းမှာ တရုတ် ငှက်ပျောသယ်ကား တွေကို လမ်းရှောင်ပေးရသည်။ တောင်ကျော်တော့ မန်ဝိန်း ကွင်းပြင်ထဲရောက်ပြီ။ အရပ်ရှစ်မျက်နှာမှာ ပီလောပီနံ စိုက်ခင်းတွေ၊ တရုတ်တွေက ဒီမှာလာလုပ်ပြီး သူတို့နိုင်ငံမှာ ဟင်းချိုမှုန့် ထုတ်သည်။ မန်ဝိန်းရောက်တော့ ၇ နာရီ။ ဈေးလေးက လူကျဲကျဲ။ ရှမ်းဈေးသည်က အများစု။ ဆွဲခြင်း မသုံးကြ။ နောက်လွယ်ပလိုင်း ကိုယ်စီ နှင့် လာဝယ်ကြသည်။ ဈေးပေါက်စ ဆိုပေမယ့် ရှမ်း၊ ကချင်၊ ဗမာ၊ ရခိုင်၊ တရုတ် အသံစုံနေသည်။ ပလတ်စတစ် အမှိုက်တွေလည်း ရောင်စုံ။ ဈေးမှာ မုန့်စားပြီး ထွက်လာခဲ့သည်။ မန်ဝိန်းကို ပီလောပီနံနှင့် ငှက်ပျောခင်းတွေ ၀ိုင်းထားသည်။ မျက်စိတစ်ဆုံး။ ကျွန်တော်တွေ့ခဲ့တဲ့ ၂၀၀၅ ခုနှစ် မြင်ကွင်းနှင့်တော့ လားလားမှ မဆိုင်တော့။ အရင်က တောအုပ်ကြီး။ ယခု ဟင်းလင်းပြင်။ ပီလောပီနံအခင်း ဘေးမှာ ရခိုင်အလုပ်သမား တဲတွေ။ မိုးကားမိုး၊ ပလတ်စတစ်ကာ၊ ဂီရိ မုန်တိုင်းတိုက်တာ ကချင်ပြည်နယ် ရောက်သည်။ မန်ဝိန်းနယ်မှာ အိမ်ထောင်စု ၃၀၀ ကျော်၊ လူဦးရေ ၂၀၀၀ ကျော်၊ ၁၂ နှစ်အောက် ပညာ မသင်ရတဲ့ကလေး ၂၀၀ နီးပါး။ ကလေးငယ်လေးတွေ ဓားသွေး၊ ပေါက်ပြားထမ်းနေတာ တွေ့ရသည်။ ဂီရိ မုန်တိုင်းက ဘ၀ထဲဝင်ပြီး ဘ၀မုန်တိုင်းတွေ ဖြစ်ခဲ့ပြီ။
လောဆာပြီးတော့ ဆီလီခူးရွာ။ ဆီလီခူးအကျော် တောင်ပေါ်လမ်းကကြည့်ရင် ငှက်ပျောခင်းကြီးတွေ စိမ်းစိမ်းစိုစို။ တရုတ်စိုက်ခင်းတဲ့။ နည်းတဲ့ ချိုင့်ဝှမ်းကွင်းပြင်မဟုတ်ဘူး။ ဧကထောင်ကြီးဂဏန်း။ အရင်က တောအုပ်ကြီး။ ယခုတော့ ဟင်းလင်းပြင်။ အရင်က ဒီပတ်ဝန်းကျင်မှာ တောကောင်သား အချိန်မရွေး ရနိုင်သည်။ ယခုတော့ မန်ဝိန်းဈေးမှာ ကြက်လည်း မွေးမြူရေးကြက်၊ ငါးလည်း မွေးမြူရေးငါး၊ သဘာဝရဲ့ လက်ဆောင်တွေ ပျောက်ကုန်ပြီ။ ဆီလီခူးကနေ မေခကမ်းဘက်ကို အဆင်းချည်း။ လိမ္မော်ခြံတွေ၊ ၀ါးတောတွေ၊ မြူခိုးတွေ၊ မန်ဝိန်းရှေ့ တောင်ကြီးသုံးလုံးက မားမားမတ်မတ်ကြီး။ ချောက်ကမ်းပါးကြီးတွေနှင့် စကားဝါပင်တွေနှင့် သစ်ခုတ်တဲ့ လမ်းတွေနှင့် ဒဏ်ရာတွေနှင့်။
မန်ဒေါင်ရောက်တော့ နံနက် ၁၀ နာရီ။ လူတွေ စည်ကားနေပြီး၊ မြစ်ကမ်းဘေးမှ စက်သံတွေ ကြားနေရသည်။ လိမ္မော်ပင်တွေကို ခြံစည်းရိုးမှာ ပုံထားသည်။ ထင်းဆိုင်ဆိုင် ထားသည်။ မေခကမ်းဘေးက လိမ္မော်ခြံတွေ ကုန်ပြီတဲ့။ ကချင်ပြည်နယ်မှာ မှန်ဒေါင်လိမ္မော် မကြားဖူးသူမရှိ။ ရှိခဲ့လျှင် နားမကြားသူသာ ဖြစ်လိမ့်မည်။ ဘူတာ၊ စက်လှေဆိပ်၊ ကားဂိတ်၊ ဈေးတန်းတွေမှာ ဘယ်ကထွက်တဲ့ လိမ္မော်သီးပဲဖြစ်ဖြစ် မန်ဒေါင်သီး ဖြစ်ကုန်သည်။ မန်ဒေါင် လိမ္မော်က အသီးလှပြီး အရသာ ချိုသည်။ အရည်ရွှမ်းသည်။ နာမည် ကောင်းရသည်။
ချီဖွေမြို့ရှိ ဈေးတန်းလေးကို တွေ့ရစဉ်။
မန်ဒေါင်ရွာပြီးတော့ ခါဝမ်ရွာ။ မေခကမ်းဘက် ကြည့်လိုက်တော့ လိမ္မော်ခြံပျောက်၊ လယ်တွေပျောက်။ ပကတိ ကျောက်စရစ်ပုံကြီးတွေ၊ ကမ်းပါးကြီးတွေ၊ ဘက်ဖိုးတွေ၊ မြေသယ်ကားကြီး၊ ငယ်တွေ၊ ကမ်းပါးကြီးတွေက ကမ္ဘာ့မြေလွှာကို သရုပ်ပြနေသည်။ နုန်းတင်မြေနုက ၁၅ တောင်လောက် မြင့်နေသည်။ ယခုမှ မန်ဒေါင်လိမ္မော်သီး ဘာကြောင့် ကောင်းမှန်းသိရတော့သည်။ နုန်း တင်မြေနုအောက်မှာ ရွှေပါတဲ့ ကျောက်။ အ၀ါ တစ်ထပ်၊ အနီတစ် ထပ်၊ သုံးထပ်ကိတ်လို ဖြစ်နေသည်။အောက်နှစ်လွှာကို ဘက်ဖိုးနှင့် ကျုံးကားပေါ်တင်။ မြစ်ဘေးမှာ မျှောတိုက်။ ကျောက်ခဲကို မြစ်ထဲပစ်။ ပစ်တဲ့ကျောက်ခဲတွေက မေခမြစ်ကို ကန့်လန့်ကြီးပုံနေသည်။ မေခမြစ်ကြီး သယံဇာတ ကျိန်စာသင့်နေပြီ။ မြစ်ကမ်းဘေးဆင်းသွားတော့ အမျိုးသမီး ၁၀ ဦးလောက် ရွှေကျင်တဲ့ အင်ဝိုင်းလေးတွေဘေးချပြီး တရုတ် မျှောစင်ဘေးမှာ စကားကောင်းနေ တာ တွေ့ရသည်။ မျောပစ်စာကို လာကျင်တာ။ 
မျောတိုက်ပြီး ထွက်တဲ့ရေက ရွှံ့ရည်အနှစ်။ ဧရာဝတီမြစ်ရေ နောက်တာ ဘာမျှမဆန်းပြီ။ မန်ဒေါင်ဘက်စုန်လာတော့ ဘက်ဖိုးသုံးစီးက လိမ္မော်ခြံကမ်းပါးကို ဖြိုချနေသည်။ ၀ယ်ထားပြီးတဲ့။ ၂၀၁၁ ခုနှစ်က တစ်ဧကကျပ်သိန်း ၂၀။ ဒီနှစ်တော့ တစ်ဧက ကျပ်သိန်း ၄၀/၅၀။ ကမ်းပါးပေါ်တက်တော့ သတ္တုတွင်း ၀န်ကြီးဌာန အမှတ် ၂ သတ္တုတွင်းလုပ်ငန်းနှင့် ---- ကုမ္ပဏီလီမိတက်။ မန်ဒေါင်လုပ်ကွက်၊ ခွင့်ပြုမိန့် (၀၂၅၃/၂၀၀၉)ကို တွေ့ရသည်။ ရေးထားတာ မြန်မာလိုချည်း။ လုပ်နေတာတွေက တရုတ် အများချည်း။
ခါဝမ်ပြီးတော့ ရှငေါ်ဘက်ကို ဆက်လာခဲ့သည်။ သာသနာပိုင်မြေ၊ မကျူးကျော်ရ၊ ပုံ/ဆရာတော် ဆိုင်းဘုတ်လည်း တဲတွေကြားမှာ တွေ့ရသည်။ ရွှေတူးတဲ့ ကမ်းပါးကြီးတွေက စာသင်ကျောင်းဘေး၊ ဘုရားကျောင်းဘေး၊ ရွာခြံစည်းရိုးဘေး ရောက်နေသည်။ ကားလမ်းက မြစ် ဘေးပတ်ပြီး ဖောက်ထားတော့ မြစ်ရေပြင်ကို အပေါ်စီးက မြင်နေရသည်။ ရွှေကျင်လို့ ထွက်လာတဲ့ ကျောက်ပုံကြီးတွေ၊ မုန်ကျင်းတွေ၊ မြစ်ထဲက ရွှေဖောင်တွေ၊ မြစ်ကမ်းကို ထိုးထွက်နေတဲ့ ဆီလှောင်ကန်တွေ၊ ဘက်ဖိုးတွေ မြေသယ်ကားကြီးတွေ၊ လက်လုပ် လက်စား၊ တဲတန်းတွေ စုံနေသည်။ ရှငေါ်ကို လွန်တော့ ကွန်ကရစ်တံတားကြီးက မိုင်းထိ၍ သုံးပိုင်း ကျိုးနေသည်။ ချောင်းထဲဆင်းပြီး ကူးရသည်။ လမ်းက မကောင်းတော့ ၅၉ မိုင်ရောက်တော့ မေခကြိုးတံတားကြီးက အပေါ်ကြိုးနှစ်ချောင်းသာ ကျန်တော့သည်။ အောက်ကြိုးနှစ်စက မြစ်ထဲရောက်နေသည်။ သံယောဇဉ်ကို ကြိုးဖြင့် ခိုင်းနှိုင်းကြလျှင် ...။

မြစ်အောက်က စက်သံတွေ ညံနေသည်။ လမ်းလည်း ပြန်ကောင်းလာသည်။ ကျောက်စီ မြေပဲယိုလမ်း။ တစ်ရွာနှင့်တစ်ရွာ ခြောက်မိုင်လောက် ဝေးသည်။ ရွှေမှော် တစ်မှော်နှင့် တစ်မှော် နှစ်မိုင်မျှ ဝေးချင်။

ရှမ်းကျော်ရောက်တော့ ဥက္ကဋ္ဌအိမ်မှာ တည်းသည်။ ဥက္ကဋ္ဌမရှိ။ ရွှေကျင်သွားသည်။ အမေကချင်အဖွားကြီးက အသက် ၇၀ နီးနေပြီ။ အတွေ့အကြုံ စုံလှသည်။ သူ့ဘ၀အကြောင်းကို ပြောပြတော့ ကချင်ပြည်နယ် ပုံရိပ်ဟောင်းကို ရိုးတိုးရိပ်တိတ် မြင်ရသည်။ အဖေက အသတ်ခံရ။ယောက်ျားက မိုင်းမိသေသည်။ သူ့မြေးငယ်တွေကို ပုံပြင်ပြောပြပြီး အိပ်ရာဝင်သည်။

ရွှေတူးတဲ့ ကမ်းပါးကြီးတွေက စာသင်ကျောင်းဘေး၊ ဘုရားကျောင်းဘေး၊ ရွာခြံစည်းရိုးဘေး ရောက်နေသည်။ ကားလမ်းက မြစ်ဘေးပတ်ပြီး ဖောက်ထားတော့ မြစ်ရေပြင်ကို အပေါ်စီးကမြင်နေရသည်။ ရွှေကျင်လို့ ထွက်လာတဲ့ ကျောက်ပုံကြီးတွေ၊ မုန်ကျင်းတွေ၊ မြစ်ထဲက ရွှေဖောင်တွေ၊ မြစ်ကမ်းကို ထိုးထွက်နေတဲ့ ဆီလှောင်ကန်တွေ၊ ဘက်ဖိုးတွေ၊ မြေသယ်ကားကြီးတွေ၊ လက်လုပ်လက်စား၊ တဲတန်းတွေ ...  
မတ်လ ၈ ရက် မနက်ထတော့ ပတ်ဝန်းကျင်တစ်ခုလုံး အေးမြ စိမ်းစိုနေသည်။ ရေကလည်း တောင်ကျချောင်းကို ပိတ်ပြီး တစ်ရွာလုံးကို ပိုက်နှင့်သွယ်ထားသည်။ သဘာဝရဲ့ လက်ဆောင်တွေ။ တောအထပ်ထပ်၊ တောင်အထပ်ထပ်၊ မြစ်ရေစီးသံ၊ ကျေးငှက်သံ၊ မြူတွေဆိုင်းပြီး လွမ်းစရာ ကောင်းနေသည်။ ချီဖွေမှ သွယ်တန်းလာတဲ့ လျှပ်စစ်မီးတိုင် ကြီးတွေက တောင်စောင်းမှာ ကန့်လန့်။ ခဏကြာတော့ တောင်အောက် ရွှေမှော်မှ စက်သံတွေ တဒုန်းဒုန်း ကြားရသည်။ ကျွန်တော်လည်း ချီဖွေကို ထွက်လာခဲ့သည်။ ကျေးငှက်သံကို ယဲ့ယဲ့သာကြားရပြီး စက် သံတွေ ဆူနေသည်။
လမ်းတစ်လျှောက် ရွာငယ်တွေက ဖွံ့ဖြိုးမှု နောက်ကျနေသေးသည်။ ရွာကြီးမှ ၁၀/၁၅ အိမ်။ နန်းဦးရောက်တော့ တရုတ်လျှပ်စစ်ရုံးကို မြစ်ကမ်းဘေးမှာ ထီးထီးကြီး တွေ့ရသည်။ ချီဖွေဝင်တော့ မေခတံတားကျိုးကြီးက ဆီးကြိုနေသည်။ ဟိုဘက်ကမ်းမှာ လက်နက်ကိုင် အဖွဲ့အစည်း။ ဒီဘက်ကမ်းမှာ လက်နက်ကိုင် အဖွဲ့အစည်း၊ စိတ်ထဲမှာ ခပ်ကြောက်ကြောက်။ မြို့က ပေါက်စလေး။ တောင်တန်းကြီးတွေက မြို့ကို ခါးစောင်းတင်ထား သလို။ ပတ်ပတ်လည်ကြည့်လိုက်တော့ တောင်ယာတွေ၊ လှေကားထစ်လယ်တွေ။ ကချင်ပြည်နယ်မှာ လှေကားထစ် စိုက်ပျိုးရေးလုပ်တာ ဒီတစ်နေရာသာ တွေ့ဖူးသေးသည်။ မြို့မြောက်ဘက် တောင်စွယ်မှာ စေတီ တည်ပြီးစ တစ်ဆူ။ တစ်မြို့လုံးမှာ တစ်ဆူတည်း။ ၀န်ထမ်းတွေ လုပ်အားပေးနေသည်။တောင်အောက်မှာ တံတားဆောက်နေသည်။ ဆိုင်းဘုတ်က တရုတ်လိုချည်း ရေးထားတော့ ဘာမျှ နားမလည်။ ညနေ ထမင်းဆိုင် ၀င်တော့ တောကောင်သား စားချင်သည်နှင့် ဘာအသားရလဲမေးတော့ တောကောင်သားမပြောနဲ့ တောကြက်သားတောင် မလွယ်တော့တဲ့။ ဆရာရေ ... တောကောင်တွေက တရုတ်ပြည်က အရှင်ရော၊ အသေရော ဈေးကောင်း ပေးဝယ်ကြတော့ ဖမ်းတဲ့ မုဆိုးတွေလည်း တစ်ယောက်ကို တရုတ်လုပ်တဲ့ ကိုင်းတွေ ၂၀၀ ကျော် လောက် ထောင်ဖမ်းတော့တာ။ ၀ံတို့၊ တောင်ဆိတ်တို့ ဆိုရင် သိန်းဆယ် ဂဏန်း၊ ကျားဆိုရင် ရာကြီးဂဏန်း ရှိခဲ့တာ။ ယခုတော့ ပြောင်ပြီတဲ့။ ထမင်းဆိုင်က လူစုံသည်။ ကုမ္ပဏီက တရုတ်၊ကုန်ပို့တဲ့ တရုတ်တွေလည်း ပါသည်။ ကုမ္ပဏီ မြန်မာအလုပ်သမား၊ ၀န်ထမ်းတွေလည်း ပါသည်။ ငွေရှင်းတော့ တရုတ်ငွေ၊ မြန်မာငွေ ရှင်းကြသည်။ ကုမ္ပဏီ အလုပ်သမားတွေက တရုတ်ငွေနှင့် လစာရသည်။ လမ်းဘေးမှာ အိမ်အသစ်တွေ အစီအရီ။ မေးကြည့်တော့ နယ်စပ်က လီဆူးတွေ ပြောင်းလာကြတာ။ မူရင်းလဝေါ်တွေက အိမ်ရောင်းပြီး မြို့ပြောင်းကုန်ကြပြီ။ ညအိပ်ရာဝင်တော့ နတ်နွယ်ရဲ့ မြန်မာပြည်မြောက်ပိုင်း၊ မြတ်ဝေတိုးရဲ့ သာချင်းတို့ လဝေါ်မြေ၊ ဦးအယ်လ်ဂိုး စာတမ်းတွေ၊ ဘကြီးအုန်းရဲ့ စကားတွေ၊ ဆရာကြီးရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်းထဲက ဧရာဝတီမြစ်ရေ။
မတ်လ ၉ ရက် မနက် အိပ်ရာထတော့ မိုးကအုံဖွဲဖွဲ။ ဈေးရောက်သွားသည်။ တောဈေးလေးလိုပါပဲ။ ပေ ၆၀၀ လောက်ရှည်တဲ့ လမ်းဘေး ၀ဲယာလေးမှာ ရောင်းကြသည်။ ဒေသထွက်က ပိန်းဥ၊ ရွှေဖရုံ၊ ကျောက်ဖရုံ၊ ဟင်းသီးဟင်းရွက်၊ ငါးကျပ်တင်ခြောက် သုံးလေးကောင်။ ပန်း၊ မုန်လာထုပ်၊ ခရမ်းသီးတွေက ၀ိုင်းမော်ကကားနှင့် လာသည်။ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်ဥ၊ ခရမ်းချဉ်သီးနှင့် တခြားစားသောက်ကုန်တွေက တရုတ်က လာသည်။ ငါး၊ ကြက်တွေက အောက်မြန်မာပြည်က လာသည်။ ဈေးလည်ပြီး ပြန်ခါနီးမှ ဒီမြို့ နားမှာတော့ ရွှေမလုပ်ကြဘူးလို့ ပြော တော့ အရင်တုန်းကလုပ်တာ အခု ပြောင်းသွားပြီတဲ့။ ချီဖွေမှပြန်လာပြီး ရှငေါ်မှာ ညအိပ်သည်။ တစ်ညလုံး စက်သံတွေ ဆူနေသည်။
နံနက် ၇ နာရီမှာ  မြစ်ကြီးနား ကို ပြန်ဖို့ပြင်တော့ တရုတ်လုပ်ကွက် ရွှေမှော်မှ စက်သံများကို ကြားနေမိဆဲပင်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis