menu

Thursday 16 February 2012

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (သို့မဟုတ်) မြန်မာနိုင်ငံ ကလေးများနေ့


လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၇ နှစ်က တပေါင်းလဆန်း ၁ ရက် (စနေနေ့)မှာ နတ်မောက်မြို့နေ ရှေ့နေကြီး ဦးဖာနဲ့ဒေါ်စုတို့က သားထွေးလေးကို ဖွားမြင်ခဲ့ပါတယ်။ အဲဒီနေ့ဟာ ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်။ သားထွေးလေးကို ဗေဒင်ဆရာက ထိန်လင်းရယ်လို့ ဇာတာမှာ အမည်ရေးခဲ့ပေမယ့် အစ်ကိုဖြစ်သူရဲ့ အမည်နဲ့လိုက်စေဖို့ အောင်ဆန်းလို့ ခေါ်တွင်ခဲ့ကြပါတယ်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ အဲဒီကလေးငယ်ဟာ နောင်နှစ်ပေါင်း ၃၀ ကျော်အကြာမှာတော့ မြန် မာနိုင်ငံရဲ့လွတ်လပ်ရေးကို အရယူပေးနိုင်ခဲ့တဲ့ လွတ်လပ်ရေးဖခင်ကြီး ဖြစ်လာခဲ့ပါတယ်။  မြန်မာတစ်မျိုးသားလုံးအတွက် စံနမူနာပြအာဇာနည်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ကလေးငယ်တွေအတွက်လည်း စံထားဖွယ် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့်လည်း ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့ရယ်လို့ သတ်မှတ်ခဲ့တာပါ။

ဘ၀တစ်လျှောက် နိုင်ငံအတွက်၊လူမျိုးအတွက်သာ စွန့်လွှတ်အနစ်နာခံခြင်းနဲ့ ဖြတ်သန်းခဲ့သူကို အနာဂတ်ရဲ့မျိုးဆက်သစ်ကလေးငယ်တွေ အတုယူနိုင်ကြရင်၊ စံထားနိုင်ကြရင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖြစ်ပါတယ်။ တစ်ခေတ်တစ်ချိန်ကတော့ ကလေးတွေ၊ လူငယ်တွေရဲ့ အာရုံကနေ ဗိုလ်ချုပ်မွေးနေ့ပုံရိပ်တွေဟာ တစ်ခဏတာ ကင်းကွာနေခဲ့ရပါတယ်။ ဓာတ်ပုံ၊ ရုပ်ပုံတွေကို ရှားရှားပါးပါး လက်ဆင့်ကမ်း မြင်တွေ့ခွင့်ရကြသလို လူငယ်အတော်များများဟာ ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့ဆိုတာကို သိသိမှတ်မှတ် မရှိခဲ့ကြပါဘူး။ ဒါကတော့ ဖြတ်သန်းခဲ့ရတဲ့ ခေတ်ကာလနဲ့သာ သက်ဆိုင်တယ်ဆိုရမှာပါ။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့လို့မေးလိုက်ရင် ပြည်ထောင်စုနေ့လို့ အများစုက သိကြသလို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ဆိုလိုက်ရင်တော့ ချစ်သူများနေ့လို့ လူငယ်အားလုံးက သိကြမှာပါပဲ။ ဒါပေမယ့်လည်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဘာနေ့လဲမေးလိုက်ရင်တော့ သိသူရှိ၊ မသိသူရှိ ဖြစ်ခဲ့ရပါတယ်။  ဒီနေ့အခါမှာတော့ အခြေအနေတွေက ပြောင်းလဲလာခဲ့ပါပြီ။ ပြီးခဲ့တဲ့နှစ်ကစလို့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်တဲ့ ဒီဖေဖော်ဝါရီလ ၁၃ ရက်နေ့နဲ့ပတ်သက်လို့ လူငယ်တွေရဲ့အတွေးအာရုံထဲ လှုပ်ရှားနှိုးဆွလာခဲ့ပါပြီ။ ဒီနှစ်မှာတော့ အရင့်အရင်နှစ်တွေကထက် ပိုပြီးကျယ်ပြန့်လာတယ် ဆိုရမှာဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ရန်ကုန်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ၉၇ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နဲ့ မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ လူငယ် ကျောင်းသားကျောင်းသူများနဲ့တကွ အခြေခံပညာကျောင်းက ကလေးငယ်တွေ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။
''ဒီကနေ့ကို ကလေးများနေ့လို့ ဘာလို့သတ်မှတ်လဲဆိုတာ ပြောပြချင်ပါတယ်။ အမေတို့နိုင်ငံက ကလေးတွေက မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့ ဘယ်လိုဖြစ်သင့်တယ်၊ ဘယ်လို စိတ်ဓာတ်မျိုးထားသင့်တယ်ဆိုတာကို နားလည်အောင်လို့ ဒီနေ့ကို ကလေးများနေ့အဖြစ် သတ်မှတ်တာပါ။ အခုဒီကဗျာလေးမှာဆိုရင် ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွားဆိုတာမှာ ဇာနည်ဆိုတာ အာဇာနည်ကနေလာတာ အာဇာနည်ဆိုတာ မူလအဓိပ္ပာယ်အရ၊ အိန္ဒိယကလာတဲ့အဓိပ္ပာယ်အရ ပြောရရင် မျိုးရိုးကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ ဒါပေမယ့် တချို့က မျိုးရိုးဆိုတာ အလွယ်စဉ်းစားလိုက်လို့ရှိရင်တော့ မိဘ၊ မိသားစုကောင်းတယ်မြင့်တယ်လို့ သတ်မှတ်ကြတယ်။ အမေတို့ တကယ့်အာဇာနည် တကယ့်မျိုးရိုးကောင်းတယ်ဆိုတာ စိတ်ထားမှန်ကန်ပြီး စိတ်ထားဖြူစင်မြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့ ဒီလိုပဲ အမေတို့က သတ်မှတ်တယ်။ ဒါကြောင့်မို့လို့ ကလေးများနေ့ကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ လုပ်တယ်ဆိုတာကလေးများက တကယ်ကိုမြင့်မြတ်တဲ့စိတ်ထားတွေ ထားနိုင် အောင်လို့ဖြစ်တယ်''လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
''ကလေးတွေက ကလေးများနေ့ကို လာလို့ရှိရင် မုန့်စားရမယ်။ လက်ဆောင်လေးတွေရမယ်။ ပြိုင်ပွဲလေးတွေဝင်မယ်။ ဒီလိုပျော်တာလည်း မှန်ပါတယ်။ အမြဲပဲစဉ်းစားရ မှာက ဘာဖြစ်လို့ ကလေးတွေကို ဒီလိုပျော်အောင် လုပ်သလဲဆိုတာက ကလေးတွေကို ပျော်အောင်လုပ်ပြီးတော့ အမှန်ပြောရရင် မှန်မှန်ကန်ကန် သင်ပေးချင်လို့။ ကျောင်းကိုသွားရရင် ပျော်တဲ့ကလေးတွေရှိတယ်။ ကျောင်းသွားတာပျော်ကြရဲ့လား။ တချို့ကလည်း ပျော်တယ်။ တချို့ကလည်း မပျော်ဘူး။ ကျောင်းသွားတာပျော်မှ စာသင်ယူလို့ရမယ်။ ကျောင်း မှာမပျော်လို့ရှိရင် စာသင်ယူလို့မရဘူး။ ဒါကြောင့်မို့ အမေတို့ကနေပြီးတော့ ကလေးများနေ့မှာ ကလေးတွေကို ပျော်အောင် လုပ်တဲ့ရည်ရွယ်ချက်ကတော့ ကလေးတွေကို မှန်မှန်ကန်ကန် သင်ခန်းစာတွေ သင်ပေးချင်လို့ပဲ။  ဒီလိုဘာဖြစ်လို့ ကလေးများနေ့လုပ်လဲ။ ကလေးတွေဟာ ဘယ် လိုလူကြီးတွေ  ဖြစ်လာစေချင်သလဲဆိုတာကို အမေတို့က ပြချင်လို့ ဒီလိုကလေးများနေ့ လုပ်ရတာဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေဟာ ကလေးများနေ့မှာ ပျော်ပျော်ရွှင်ရွှင်နဲ့နေကြပါ။ စားရတာလည်း ကောင်းကောင်းစားပါ။ ရတဲ့လက်ဆောင်တွေအတွက်လည်း ၀မ်းသာကြပါ။ ပြိုင်ပွဲဝင်တဲ့ကလေးတွေလည်း ဆုရကြပါစေ။ ဒါပေမယ့် ဘယ်တော့မှ မမေ့ရမယ့်ကိစ္စကတော့ ဒီကလေးလေးတွေဟာ တစ်ချိန်တစ်ခါမှာ အမေတို့ရဲ့နိုင်ငံကို အကျိုးပြုရမယ့်ကလေးလေးတွေ၊ နိုင်ငံအတွက် အလုပ် လုပ်ရမယ့်ကလေးတွေမို့ ဒီလိုအလုပ်လုပ်ရမယ့် လူကြီးတွေဖြစ် လာရမယ်ဆိုတာလည်း မမေ့ပါနဲ့''လို့ ဒေါ်အောင်ဆန်းစုကြည်က ကလေးများကို ဦးတည်ပြောကြားခဲ့ပါတယ်။

ဒီကလေးလေးတွေဟာ တစ်ချိန်တစ်ခါမှာ အမေတို့ရဲ့နိုင်ငံကို အကျိုးပြုရမယ့် ကလေးလေးတွေ၊ နိုင်ငံအတွက် အလုပ်လုပ်ရမယ့် ကလေးတွေမို့ ဒီလိုအလုပ်လုပ်ရမယ့် လူကြီးတွေဖြစ်လာရမယ်ဆိုတာလည်း မမေ့ပါနဲ့
အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းတွေကိုကောက်နုတ်ပြီး ပြိုင်ပွဲဝင်ကလေးများက ယှဉ်ပြိုင်တာ၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ကဗျာများ ရွတ်ဆိုပြိုင်ပွဲဝင်တာ၊ ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ ဇာတ်လမ်းတို၊ ပြဇာတ်တို ပြိုင်ပွဲဝင်တာ၊ ဦးရွှေရိုး၊ ဒေါ်မိုးအက၊ အိုးစည်ဒိုးပတ်နဲ့ တေးသရုပ်ဖော် တင်ဆက်တာ၊ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိကို လူငယ်တစ်ဦးက ဖတ်ကြားတာကို ပြုလုပ်ခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၃ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့၊ မြန်မာနိုင်ငံ ကလေးများနေ့ အခမ်းအနားကို ရန်ကုန်မြို့မှာသာမကဘဲ တခြားမြို့နယ်တွေမှာပါ ပြုလုပ်ခဲ့ကြပါတယ်။ ဗိုလ်ချုပ်အတွက် ကုသိုလ်ပြုလှူဒါန်းမှုတွေလည်း ရှိခဲ့ပါတယ်။  တက္ကသိုလ်ကျောင်းသား ခေါင်းဆောင်အဖြစ်ကနေ နိုင်ငံ့ခေါင်းဆောင်အဖြစ် ဘ၀သက်တမ်းတစ်လျှောက်လုံး တစ်မျိုးသားလုံးအကျိုးကိုသာ ဆောင်ရွက်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျဆုံးခဲ့ရပါတယ်။ ၁၉၄၈ ခုနှစ်မှာတော့ ဗိုလ်ချုပ်တို့ကြိုးပမ်းခဲ့တဲ့ အသီးအပွင့်အဖြစ် မြန်မာနိုင်ငံဟာ လွတ်လပ်ရေးကို ရရှိခဲ့ပါတယ်။  အခုတော့ ဗိုလ်ချုပ်ကွယ်လွန်ခဲ့တာ ၆၅ နှစ်ပြည့်ပါတော့မယ်။ ဒါပေမယ့်လည်း ကိုယ်ကျိုးစွန့်လွှတ်ပြီး အများအကျိုးကိုသာ ဆောင်ရွက်ခဲ့တဲ့ အာဇာနည်တစ်ဦးမို့ အားလုံးက မမေ့နိုင်ကြပါဘူး။ အထူးသဖြင့် ကလေးတွေရဲ့ ဖြူစင်နုနယ်ဆဲစိတ် တွေထဲ အများအကျိုးအတွက် စွန့်လွှတ်ခဲ့သူ ဗိုလ်ချုပ်အပေါ် လေးစားအားကျစိတ်လေးကို ဒီလိုနေ့လေးတွေကနေ ဖြည့်သွားပေးနိုင်ရင်ဖြင့် အနာဂတ်အတွက် အားတက်စရာလို့ဆိုကြရမှာ ဖြစ်ပါတယ်။
  • ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် နတ်မောက်မြို့၌ အဖ ရှေ့နေ ဦးဖာနှင့် အမိဒေါ်စုတို့က ဖွားမြင်သည်။
  • ၁၉၂၂ တွင် နတ်မောက်မြို့ ဆရာတော် ဦးသောဘိတကျောင်းတွင်နေခဲ့သည်။
  • ၁၉၂၈ တွင် ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်းသို့ ပြောင်းခဲ့သည်။
  • ၁၉၃၂ တွင် အဆိုပါကျောင်းမှ ဆယ်တန်းအောင်သည်။ ရန်ကုန်တက္ကသိုလ်သို့ ရောက်သည်။
  • ၁၉၃၅-၁၉၃၆ တွင် တကသ အမှုဆောင်ရွေးကောက်ပွဲဝင်ရာ အရွေးခံရသည်။ အိုးဝေမဂ္ဂဇင်းအယ်ဒီတာအဖြစ် ဆောင်ရွက်သည်။
  • ၁၉၃၇-၁၉၃၈ တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။
  • ၁၉၃၈ တွင် တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်သည်။
  • ၁၉၃၉ တွင် ဒီဇင်ဘာလမှ ၁၉၄၀ ခု ဇန်န၀ါရီလအတွင်း တစ်နိုင်ငံလုံးသို့ လှည့်လည်တရားဟောခဲ့သည်။ ၁၉၄၀ တွင် တရုတ်နိုင်ငံ၊ ထိုမှတစ်ဆင့် ဂျပန်နိုင်ငံသို့ ထွက်ခွာသည်။ ထို့နောက် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာပြီး ရဲဘော်သုံးကျိပ်ထဲမှ ပထမအသုတ်ကို လျို့ဝှက်စွာခေါ်၍ ဂျပန်နိုင်ငံသို့ ပြန်ထွက်သွားသည်။
  • ၁၉၄၂ တွင် ဘီအိုင်အေမှ ဘီဒီအေသို့ ပြောင်းလဲဖွဲ့စည်းရာတွင် ဘီဒီအေတပ်မတော်၏ သေနာပတိဖြစ်လာသည်။
  • ၁၉၄၄ တွင် ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကို လျို့ဝှက်စွာ ဖွဲ့စည်းခဲ့သည်။
  • ၁၉၄၅ တွင် တပ်မတော်ကို ဦးဆောင်၍ ဖက်ဆစ်ဂျပန်များကို တော်လှန်ခဲ့သည်။ ဇွန်လတွင် ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် တွေ့ဆုံဆွေးနွေးသည်။
  • ၁၉၄၆ တွင် နိုင်ငံလုံးဆိုင်ရာ ဖဆပလညီလာခံတွင် ဖဆပလ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရသည်။ အင်္ဂလိပ်အစိုးရ လက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းမှုများ ဆက်လက်ဆောင်ရွက်သည်။
  • ၁၉၄၇ တွင် အောင်ဆန်း-အက်တလီစာချုပ်ကို လက်မှတ်ရေးထိုးသည်။ ပင်လုံစာချုပ် လက်မှတ်ရေးထိုးသည်။ လွတ်လပ်ရေးရရှိရန် ကြိုပမ်းမှုများစွာ ဆောင်ရွက်နေရင်း ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံခံရမှုကြောင့် ကျဆုံးခဲ့သည်။
  • EMG




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis