အာဆီယံအစ
ကျွန်ုပ်တို့သည်
စုပေါင်း၍ အာရှခေတ်သစ်ကို ထူထောင်ကြရမည်။ နိုင်ငံတစ်ခုက
နိုင်ငံတစ်ခုအပေါ်တွင် ''လိုက်နာရမည်'' ဟူသော စနစ်နှင့် ခေတ်သစ်ထူထောင်ခြင်း
မဟုတ်ချေ။ အာရှတိုက်သူတိုက်သားတို့၏ ညီညွတ်စွာပူးပေါင်း၍ အာရှလူမျိုးများ၏
လွတ်လပ်မှု၊ လုံခြုံမှု၊ တိုးတက်မှုကို အစပြု၍ ကမ္ဘာ၏ လွတ်လပ်မှု၊ လုံခြုံမှု၊
တိုးတက်မှုကို စီမံဖန်တီးနိုင်အောင်ထူထောင်သော ခေတ်သစ်ကြီးဖြစ်၏။ ပထမဦးဆုံး
အာရှတိုက် နိုင်ငံအသီးသီးတို့သည် မိမိတို့၏ လက်ငင်းပြဿနာများကို
ဖြေရှင်းနိုင်အောင်လုံးပမ်း၍ တဖြည်းဖြည်းတစ်စတစ်စနှင့်
အာရှတိုက်ပြောင်းလဲတိုးတက်မှု၊ ကမ္ဘာတစ်ခုလုံး၏ ပြောင်းလဲတိုးတက်မှုအတွက်
ဆောင်ရွက်ကြရပေလိမ့်မည်။ . . . ပြင်သစ် အင်ဒိုချိုင်းနားခေါ် ပြည်နယ်များ၊
ယိုးဒယားပြည်၊ မာလာယုပြည်နယ်များ၊ အင်ဒိုနီးရှားပြည်နယ်များနှင့်
ကျွန်ုပ်တို့မြန်မာပြည်တို့ကို မကြာမြင့်မီပူးပေါင်း၍
အင်ဒိုချိုင်းနားပြည်ထောင်စုဟူသော အမည်နာမဖြင့်
ပြည်ထောင်စုတစ်ခုတည်ထောင်ရန် လိုကောင်းလိုလာပေလိမ့်မည်။
ဗိုလ်ချုပ်အောင်ဆန်း၊
၁၉၄၆ ခုနှစ်၊ ဇန်န၀ါရီလ၊ ၂၀ ရက်နေ့ ဖဆပလညီလာခံမိန့်ခွန်း
ဗိုလ်ချုပ်က ကိုလိုနီလက်အောက်မှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေသည့်
အာရှနိုင်ငံများအနေဖြင့် အနာဂတ်တွင်စုပေါင်းဆောင်ရွက်ရမည့် အလားအလားကို
အထက်ပါအတိုင်း မှန်းဆပြောကြားခဲ့သည်။ တစ်နည်းအားဖြင့် အာဆီယံကဲ့သို့သော
ဒေသတွင်းအဖွဲ့အစည်း ကြီးတစ်ခု ဖွဲ့စည်းရေး၊
ထိုအဖွဲ့စည်းဝင်နိုင်ငံများအနေဖြင့် တစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို တစ်ဦးက
လေးစားရေးဆိုသည့် မူများကို ကျင့်သုံးရေးတို့ကို ဗိုလ်ချုပ်အောင်ဆန်းက
စတင်မျှော်မှန်းခဲ့သည်ဟု ဆိုနိုင်သည်။
သို့တိုင်အောင် ၁၉၆၇ ခုနှစ်တွင် အရှေ့တောင်အာရှငါးနိုင်ငံဖြစ်သည့်
ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်္ကာပူတို့က
ဘန်ကောက်ကြေညာချက်ဖြင့် အာဆီယံအဖွဲ့ကို ဖွဲ့စည်းခဲ့ချိန်တွင်မူ မြန်မာနိုင်ငံက ပါဝင်ခြင်းမပြုခဲ့ပေ။ ထိုအချိန်က မြန်မာနိုင်ငံကို
အာဆီယံ အဖွဲ့အတွင်းသို့ဝင်ရောက်ရန်အတွက် ဖိတ်ခေါ်ခဲ့သော်လည်း
ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒကို တိတိကျကျလိုက်နာနေသည့် မြန်မာ့အစိုးရက
အာဆီယံ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံများတွင်
အမေရိကန်တပ်ဖွဲ့များ အမြဲတမ်းအခြေစိုက်စခန်းများရှိနေခြင်းကြောင့်
အာဆီယံအဖွဲ့တွင် ပါဝင်ရန် ငြင်းပယ်ခဲ့သည်။
ယခုအချိန်တွင် မြန်မာနိုင်ငံသည်
ဒီမိုကရေစီဖော်ဆောင်ရေး လမ်းကြောင်းမှန်ပေါ်သို့ ရောက်နေခဲ့ပြီ။
သမ္မတကြီးကိုယ်တိုင်က နောက်ကြောင်းပြန်လှည့်ဖို့မရှိတော့ဟု
အတိအလင်းကတိပေးခဲ့ပြီးပြီ။
|
လက်တွေ့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စုစည်းညီညွတ်သည့်
ဒေသတွင်းအဖွဲ့အဖြစ် ရပ်တည်နိုင်ရေးကို ထိုအချိန်က
ဆောင်ရွက်နိုင်ခြင်းမရှိသည့်အပြင် အဖွဲ့ဝင်နိုင်ငံများ အချင်းချင်းကြား
ဖြစ်ပေါ်နေသည့် ပြဿနာများ (ဥပမာအားဖြင့် ဖိလစ်ပိုင်နှင့် မလေးရှားကြား
ဖြစ်ပွားခဲ့သည့် ဆာဘားပြည်နယ်ပိုင်ဆိုင်မှုပြဿနာ)ကိုပင်
ဖြေရှင်းနိုင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့်လည်း အာဆီယံအဖွဲ့၏
ပထမသက်တမ်းနှစ်နှစ်ဆယ်တွင် ထိပ်သီးအစည်း အဝေးငါးကြိမ်သာ
ကျင်းပနိုင်ခဲ့သည်ကို တွေ့ရသည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင်
အမေရိကန်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံမှ အခြေစိုက်စခန်းများကို
ရုပ်သိမ်းခဲ့ပြီးနောက် အရှေ့တောင်အာရှဒေသတွင် စစ်အင်အားချထားမှုများကို
လျော့ချခဲ့သည်။ ထိုကဲ့သို့ အမေရိကန်တို့ ထွက်ခွာ သွားချိန်နှင့်
တရုတ်နိုင်ငံကဒေသတွင် အင်အားကြီးနိုင်ငံအဖြစ် ပေါ်ပေါက်လာမှုတို့က
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံကို အလုပ်ဖြစ်သည့်
ဒေသတွင်းအဖွဲ့အစည်းအဖြစ် တည်ဆောက်ရန် တွန်းအားပေးလာခဲ့သည်။ ၁၉၈၉ ခုနှစ်တွင်
ဗီယက်နမ်တပ်ဖွဲ့များ ကမ္ဘောဒီးယားနိုင်ငံမှ ဆုတ်ခွာသွားခဲ့ပြီး ၁၉၉၁
ပဲရစ်ငြိမ်းချမ်းရေး သဘောတူညီချက်ဖြင့် ကမ္ဘောဒီယားပဋိပက္ခကို
အဖြေရှာနိုင်ခဲ့ခြင်းကလည်း အာဆီယံအဖွဲ့ကို တိုးချဲ့ဖွဲ့စည်းရန်
လိုအပ်သည့်အခြေအနေများကို ဖန်တီးပေးခဲ့ပြီး အာဆီယံဆယ်နိုင်ငံဆိုသည့်
မျော်မှန်းချက်ကို ပေါ်ပေါက်လာစေခဲ့သည်။
အပြုသဘောဆောင် ထိတွေ့ဆက်ဆံမှု (constructive engagement)
၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် မြန်မာနိုင်ငံဆက်ဆံရေးတွင်
ထိတွေ့ဆက်ဆံမှုနှင့် ပိတ်ဆို့အရေးယူမှုဆိုသည့် အယူအဆနှစ်မျိုး
ပေါ်ပေါက်ခဲ့သည်။ အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံများက
ဒဏ်ခတ်ပိတ်ဆို့မှုကို တွင်တွင်ကျယ်ကျယ် ကျင့်သုံးနေချိန်တွင်
အာဆီယံအဖွဲ့ဝင်နိုင်ငံများက ထိတွေ့ဆက်ဆံရေးမူဝါဒကို ကိုင်ဆွဲခဲ့သည်။
အာဆီယံ၏ ၎င်းတို့၏ မူဝါဒကို အပြုသဘောဆောင် ထိတွေ့ဆက်ဆံမှုဟု ကင်ပွန်းတပ်ခဲ့သည်။
ထိုအသုံးအနှုန်းကို ၁၉၉၁ ခုနှစ် ကွာလာလမ်ပူတွင်ကျင်းပသည့်
အာဆီယံနှင့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင်
ထိုင်းနိုင်ငံခြားရေးဝန်ကြီး အာဆာဆာရာဆင်(Arsa Sarasin) က စတင်
သုံးစွဲခဲ့ခြင်းဖြစ်သည်။ တစ်ဖက်၌လည်း မြန်မာနိုင်ငံက
၁၉၉၅ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ရေးကို စိတ်ဝင်စားကြောင်း
ထုတ်ဖော်ပြောကြားခဲ့သည်။ ၁၉၉၅ ခုနှစ် ပဉ္စမအကြိမ်မြောက် အာဆီယံထိပ်သီး
အစည်းအဝေးတွင် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည်
အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး အာဆီယံဆယ်နိုင်ငံ
မျှော်မှန်းချက်ကို စတင်ခဲ့ကြသည်။ ၁၉၉၆ ခုနှစ် ဇူလိုင်လတွင် မြန်မာနှင့်
လာအိုနိုင်ငံတို့သည် လေ့လာသူနိုင်ငံများဖြစ်လာပြီး ၁၉၉၇ ခုနှစ်တွင်မူ
အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဖြစ်လာခဲ့သည်။
အာဆီယံအဖွဲ့၏ သက်တမ်းတစ်လျှောက် ကိုင်တွယ်ခဲ့သည့်အရေးကိစ္စများအနက်
မြန်မာ့အရေးသည် အခက်ခဲဆုံးကိစ္စဖြစ်ခဲ့သည်။ အနောက်အုပ်စုရော၊ ပြည်တွင်း၊
ပြည်ပရှိ အစိုးရဆန့်ကျင်ရေး လှုပ်ရှားသူများကပါ မြန်မာနိုင်ငံကို
အဖွဲ့ဝင်အဖြစ် လက်မခံရန် အမျိုးမျိုးဖိအားပေးခဲ့ ကြသည်။ မြန်မာနိုင်ငံ အဖွဲ့ဝင်ဖြစ်လာပြီးချိန်တွင်လည်း
ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့က အာဆီယံအဖွဲ့နှင့် ဆက်ဆံရေးတွင်
မြန်မာ့အရေးကို လက်နက်တစ်ခုအဖြစ် အသုံးပြုခဲ့ကြသည်။ အာဆီယံအဖွဲ့၏
အပြုသဘောဆောင် ထိတွေ့ဆက်ဆံမှု မူဝါဒကိုလည်း အလျှော့ပေးရေး မူဝါဒအဖြစ်
အပြင်းအထန်ဝေဖန်ခဲ့ကြသည်။
အာဆီယံအနေဖြင့် ၎င်းတို့၏ အပြုသဘောဆောင် ထိတွေ့ဆက်ဆံမှု မူဝါဒသာလျှင် မြန်မာနိုင်ငံတွင်
ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်စေရန်အတွက်
အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ခုခံကာကွယ် ပြောကြားခဲ့သည့်နည်းတူ
နိုင်ငံတကာမျက်နှာစာတွင်လည်း မြန်မာနိုင်ငံ ဘက်မှ
ရပ်တည်ပေးခဲ့သည်။ သို့တိုင်အောင် ၂၀၀၃၊ ၂၀၀၇ ခုနှစ်များတွင်
အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့အနေဖြင့် မြန်မာ့အရေးက အာဆီယံအဖွဲ့၏
နိုင်ငံတကာဆက်ဆံမှုကို ထိခိုက်လာမည်ကို စိုးရိမ်သည့်သဘောထားများကို
ထုတ်ဖော်ပြောကြားခဲ့သည်ကို တွေ့ရသည်။ သို့သော် အာ
ဆီယံအဖွဲ့တစ်ခုလုံးအနေဖြင့်မူ အပြုသဘောဆောင် ထိတွေ့ဆက်ဆံမှု မူဝါဒနှင့်
အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးတွင် ၀င်ရောက်မစွက်ဖက်ရေးဆိုသည့်
သဘောထားများကို ခိုင်ခိုင်မြဲမြဲ ဆက်လက်ကိုင်ဆွဲခဲ့သည်။
အာဆီယံသဘောထား
အာဆီယံအနေဖြင့် မြန်မာနိုင်ငံနှင့်
ထိတွေ့ဆက်ဆံမှုကို ဆက်လက်ပြုလုပ်ခဲ့သည့်အပြင် စီးပွားရေးပိတ်ဆို့မှု
ပြုလုပ်ရန် တောင်းဆိုမှုများကို လည်း ဆန့်ကျင်ခဲ့သည်။ အာဆီယံနိုင်ငံများက
တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က စီးပွားရေးပိတ်ဆို့မှုပြု လုပ်ခြင်းကို
မထောက်ခံသရွေ့ စီးပွားရေးပိတ်ဆို့သည့် မူဝါဒသည်
အောင်မြင်မှုမရှိနိုင်သည့်အပြင် အာဆီယံနိုင်ငံများ၏ အကျိုးစီးပွားကို
သာဆုံးရှုံးစေမည်ဟု ယူဆထားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ အပေါ် အာဆီယံဘက်မှ အလွန်အကျွံဖိအား ပေးမှုများပြုလုပ်သဖြင့် မြန်မာနိုင်ငံက
အာဆီယံအဖွဲ့မှ တစ်ဖက်သတ် နုတ်ထွက်သည့်အခြေအနေထိ ရောက်ရှိသွားမည်ကိုလည်း
စိုးရိမ်ခဲ့သည်။ ထို့ပြင်လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်းမပြုသည့်တိုင်
ကျန်အာဆီယံနိုင်ငံများအနေဖြင့် အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ အရေးကိစ္စကို
နိုင်ငံတကာ၏ဖိအားကြောင့် ၀င်ရောက်စွက်ဖက်ရသည့် အစဉ်အလာဖြစ်လာမည်ကိုလည်း
စိုးရိမ်ခဲ့ကြသည်။ တကယ်တော့ အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင်
ဒီမိုကရေစီစံနှုန်း၊ လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီမှုမရှိသည့်
နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာများအနည်းနှင့်အများ
ရှိနေသည်သာဖြစ်သည်။ ထို့ကြောင့်လည်း မြန်မာ့အရေးကို
အနောက်နိုင်ငံများအလိုကျ ပါဝင်စွက်ဖက်ခဲ့ရလျှင် နောင်တစ်ချိန်တွင် မိမိတို့
အလှည့်ရောက်လာမည်ကို စိုးရိမ်ခဲ့ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံအပြောင်းအလဲနှင့် ပါရာဒိုင်းအသစ်
မည်သို့ပင်ဖြစ်စေ အာဆီယံအဖွဲ့၏ ထိတွေ့ဆက်ဆံရေးမူဝါဒ
ကျင့်သုံးမှုနှင့် မူဝါဒလမ်းစဉ်ခုနှစ်ရပ်ဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး
ဆောင်ရွက်မှုကိုထောက်ခံခဲ့မှုကြောင့် မြန်မာနိုင်ငံအတွက်
အကျိုးရှိခဲ့သည်။ အာဆီယံနိုင်ငံများသည် မြန်မာအစိုးရ အရာရှိကြီးငယ်များ
အစည်းအဝေးတက်ရောက်ခွင့်၊ သင်တန်းတက်ရောက်ခွင့်၊
ပညာဆည်းပူးခွင့်များရရှိသည့် နိုင်ငံအနည်းငယ်တွင် အပါအ၀င်ဖြစ်သည်။
ထိုအတွေ့အကြုံများက မြန်မာနိုင်ငံ၏
အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ အပေါ် အတိုင်းအတာတစ်ခုအထိ
အကျိုးသက်ရောက်မှုရှိမည်မှာ သေချာပါသည်။ ထို့အပြင်
မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အာဆီယံနိုင်ငံများ၏
ရင်းနှီးမြှုပ်နှံမှုများက အထောက်အကူပြုခဲ့သည်။ ယနေ့မြန်မာနိုင်ငံတွင်
မြင်တွေ့နေရ သည့် အပြောင်းအလဲများသည် မြန်မာနိုင်ငံတွင်
အရှေ့ဥရောပပုံစံ အရောင်တော်လှန်ရေးများဖြင့် အစိုးရအပြောင်းအလဲ(Regime
Change) ဖြစ်အောင်လုပ်ဆောင်ခဲ့သည့် အနောက်နိုင်ငံများ၏
ပိတ်ဆို့ရေးမူဝါဒများ၏ ရလဒ်ကြောင့် မဟုတ်ဘဲ မူဝါဒလမ်းစဉ်ခုနှစ်ရပ်ဖြင့်
အဆင့်ဆင့်အသွင်ကူးပြောင်းခဲ့မှု၏ ရလဒ်ကြောင့်ဖြစ်သည်ကို
နိုင်ငံတကာကလက်ခံနေပြီဖြစ်သည်။ ထို့ကြောင့် အာဆီယံအဖွဲ့အနေဖြင့် ၎င်းတို့၏
ထိတွေ့ဆက်ဆံရေးမူဝါဒ အလုပ်ဖြစ်သည်ဟု ဂုဏ်ယူနိုင်ပြီ ဖြစ်ပါသည်။
သို့သော် မြန်မာနိုင်ငံက
အပြောင်းအလဲများသည် ကျန်အာဆီယံနိုင်ငံများအတွက် ပါရာဒိုင်းအသစ်တစ်ခုကို
ဖော်ဆောင်ပေးလိုက်သည်ဟုလည်း ဆိုနိုင်ပါသည်။ ပြီးခဲ့သည့် ၁၄ နှစ် ကာလအတွင်း
ကျန်အာဆီယံနိုင်ငံ များသည် ၎င်းတို့၏ နိုင်ငံရေး၊ ဒီမို ကရေစီဖော်ဆောင်ရေး၊
လူ့အခွင့်အရေးပြဿနာများကို မြန်မာ့အရေးနောက်တွင် ဖုံးကွယ်ထားနိုင်ခဲ့ကြသည်။
နိုင်ငံတကာက အာဆီယံအဖွဲ့တွင်းက လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး ကိုပြောလျင်
မြန်မာကိုသာ ပြောခဲ့ကြသည်။ နိုင်ငံရေးခေါင်း ဆောင်များက
မိမိတို့နိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများလုပ်ရမည့်အစား မြန်မာကို
ဝေဖန်ခြင်းဖြင့် ပြည်သူများကို အာရုံလွှဲပေးနိုင်ခဲ့ကြသည်။ ယခုအချိန်တွင် မြန်မာနိုင်ငံသည်
ဒီမိုကရေစီဖော်ဆောင်ရေး လမ်းကြောင်းမှန်ပေါ်သို့ ရောက်နေခဲ့ပြီ။
သမ္မတကြီးကိုယ်တိုင်က နောက်ကြောင်းပြန်လှည့်ဖို့မရှိတော့ဟု အတိအလင်း
ကတိပေးခဲ့ပြီးပြီ။ မြန်မာနိုင်ငံရေးတွင်
ပါဝင်ပတ်သက် နေသူအများစုက တူတာတွေတွဲလုပ်ရင်း ယုံကြည်မှုတွေ တည်ဆောက်ဖို့၊
ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ သဘောတူခဲ့ကြပြီ။
အာဆီယံနိုင်ငံအများစုတွင်ရှိနေသည့် ဥပဒေများထက် ဒီမိုကရေစီစံနှုန်းများနှင့်
ပိုမိုကိုက်ညီ သည့် အခွင့်အရေးဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းနိုင်ခဲ့ပြီ။
အားလုံးလက်တွဲညီညီ ဆက်လက်ဆောင်ရွက်ကြမည်ဆိုလျှင် မြန်မာသည် အာဆီယံအတွင်း
ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို တည်ငြိမ်အေးချမ်းစွာ
ဆောင်ရွက်နိုင်ခဲ့သည့် စံနမူနာတစ်ခု ဖြစ်လာပေတော့မည်။
ထိုအခါ
အာဆီယံနိုင်ငံအများစုရှိ ပြည်သူများကရော နိုင်ငံတကာကပါ
မြန်မာတောင်ပြောင်းလဲနေပြီ၊ ခင်ဗျားတို့ကရောဟု မေးခွန်းထုတ်လာတော့မည်။
ဤပါရာဒိုင်း အပြောင်းအလဲကို ကျန်အာဆီယံနိုင်ငံများက မည်ကဲ့သို့
ကိုင်တွယ်မည်ဆိုသည်မှာ စိတ်ဝင်စားစရာပင်ဖြစ်ပါသည်။
မှီငြမ်းပြုစာစောင်များ
၁။ ASEAN and the Situation in Myanmar by Jugren Haacke
၂။ ASEAN Burma Relation by Aung Zaw
၃။ ဇန်န၀ါရီ ၂၆-၂၇ ဟောင်ကောင်မြို့တော်တက္ကသိုလ်၊ ၂၀၁၀ ရွေးကောက်ပွဲလွန်ကာလ မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲမှ ဆွေးနွေးချက်များ။
မှီငြမ်းပြုစာစောင်များ
၁။ ASEAN and the Situation in Myanmar by Jugren Haacke
၂။ ASEAN Burma Relation by Aung Zaw
၃။ ဇန်န၀ါရီ ၂၆-၂၇ ဟောင်ကောင်မြို့တော်တက္ကသိုလ်၊ ၂၀၁၀ ရွေးကောက်ပွဲလွန်ကာလ မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲမှ ဆွေးနွေးချက်များ။
EMG |
No comments:
Post a Comment