menu

Monday 20 February 2012

အရှင်ဂမ္ဘီရအားဓမ္မစက်ဖြင့် ဆောင်ရွက်ရန်မဖြစ်နိုင် တော့သည့်အတွက် အာဏာစက်ဖြင့် ဆောင်ရွက်ရမည်ဟု အစိုးရပိုင်သတင်းစာတွင် ဖော်ပြထား




လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသည့် ဦးဂမ္ဘီရအား ဘာသာအကျိုး၊ သာသနာအကျိုးနှင့် သာသနာတော် သန့်ရှင်းရေးအလို့ငှာ ဓမ္မစက်ဖြင့် ဆောင်ရွက်ရန် မဖြစ်နိုင်တော့သည့် အတွက် အာဏာစက်ဖြင့် ဆောင်ရွက်ရမည်ဟု ဖေဖော်ဝါရီလ ၁၉ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်ကို တွေ့ရှိရပါသည်။
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဇန်န၀ါရီလ ၁၃ ရက်နေ့က အကျဉ်းထောင်မှ လွတ်မြောက်လာပြီး ယင်းနေ့တွင်ပင် သင်္ကန်းပြန်လည်ဝတ်ခွင့်ပြုပါရန် လျှောက်ထား တောင်းပန်မှုမရှိဘဲ ရဟန်းပြန်ဝတ်ခဲ့သည့် ဦးဂမ္ဘီရသည် နိုင်ငံတော်က တရားဥပဒေနှင့်အညီ ယခင်က ချိတ်ပိတ်ထားသော သင်္ဃန်းကျွန်းမြို့နယ် မဂ္ဂင်ကျောင်းတိုက်တွင် ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်နေထိုင်ခြင်း၊ ဗဟန်းမြို့နယ် ခြောက်ထပ်ကြီး ဘုရားတိုက်ရှိ သာသနာ့သိပ္ပံကျောင်းတိုက်နှင့် သာသနာ့ဂုဏ်ရည် ကျောင်းတိုက်တို့၏ သော့များအား ရိုက်ဖျက် ဖွင့်လှစ်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာက အမှုဖွင့်၍ အရေးယူရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။


ယင်းကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ သြ၀ါဒခံယူရန် ဦးဂမ္ဘီရအား သုံးကြိမ်တိုင် ခေါ်ယူခဲ့သော်လည်း လာရောက်ခြင်းမရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၀ ရက်တွင် မရန်းကုန်းမြို့နယ် ကမ္ဘာအေး ကုန်းမြေရှိ နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့ အစည်းအဝေး ခန်းမသို့ ခေါ်ယူခဲ့ရကြောင်း၊ နိုင်ငံတော် သံဃာ့ ဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသက ဆရာတော်ကြီးများ၏ သြ၀ါဒခံယူရန် မိန့်ကြားခဲ့ကြောင်းနှင့် လမ်းညွှန်ဆုံးမသြ၀ါဒများ အတိုင်း လိုက်နာသီတင်းသုံး နေထိုင်ရန်နှင့် ၀န်ခံကတိပြုချက်များကို ဖောက်ဖျက်ကျူးလွန်ပါက သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေအရ လည်းကောင်း၊ တည်ဆဲဥပဒေများအရ လည်းကောင်း အရေးယူခံရမည် ဖြစ်သည်ကို ၀န်ခံကတိ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ဦးဂမ္ဘီရသည် ၀န်ခံကတိပြု လက်မှတ်ရေးထိုး ခဲ့သော်လည်း သံဃာထုတစ်ရပ်လုံး၏ ကိုယ်စား အချက် ၁၀ ချက်ပါစာကို လျှောက်ထားခွင့်ပြုပါရန် ဆရာတော်ကြီးများအား တင်ပြခဲ့ကြောင်း၊ ဆရာတော်ကြီးများက ခွင့်ပြုခဲ့သည့်အတွက် လျှောက်ထားခဲ့ရာ ဦးဂမ္ဘီရက နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့က ၎င်းအားပေးပို့သော အကြောင်းကြားစာပါ "ခွင့်ပြုချက်မရှိဘဲ ပြစ်မှုကျုးလွန်နေသော" ဟုသည့် စကားရပ်ကို ကန့်ကွက်ကြောင်း၊ ရွှေည၀ါဘုန်းကြီး ဦးပညာသီဟအား သာဓုဗုဒ္ဓတက္ကသိုလ် ကျောင်းတိုက်မှ တစ်လအတွင်း ထွက်ခွာရန် နှင်ထုတ်ခြင်းကို ကန့်ကွက်ကြောင်း၊ အကျဉ်းသား ၄၁၅ ဦးတွင် ပါဝင်သော ရဟန်း ၄၃ ပါးအား အကျဉ်းထောင်မှ လွတ်မြောက်ရန် နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့က ဆောင်ရွက်ပေးခြင်း မရှိသဖြင့် အလေးအနက် ရှုံ့ချကြောင်း စသည်တို့ ပါဝင်သည်။
ထို့ပြင် နိုင်ငံတော် သံဃာ့ မဟာနာယက ဆရာတော်ကြီးများက ၀ိနည်းတော်နှင့်အညီ သင်္ကန်းပြန်လည် ၀တ်ခွင့်ပြုရန် လျှောက်ထားလွှာ တင်သွင်းရေး မိန့်ကြားခဲ့သော်လည်း ဦးဂမ္ဘီရက "၎င်းကိစ္စမှာ မိမိလို သံဃာတစ်ပါး အတွက် လိုအပ်မည် မထင်ကြောင်းနှင့် သင်္ကန်းဝတ်ခွင့်ပြုရန် လျှောက်ထားသွားမည် မဟုတ်ကြောင်း" ပြန်လည်ပြောကြားခဲ့သည်။ ဦးဂမ္ဘီရ၏ လျှောက်ထားချက်များသည် နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့ ဆရာတော်ကြီးများအား ထိပါးစော်ကားမှုပြုပြီး ဂုဏ်သိက္ခာ ကျဆင်းစေရန် အတင့်ရဲစွာ ဆောင်ရွက်လာခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။
ဆက်လက်၍ ဦးဂမ္ဘီရ၏ ဆောင်ရွက်မှုများသည် နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့၏ ပညာဂုဏ်၊ သီလဂုဏ်၊ သမာဂုဏ်များကိုပါ ထိပါးစေရုံသာမက သံဃာထုအား ၀ိနည်း စည်းမျည်း စည်းကမ်း၊ ၀ိနည်းဓမ္မကံ၊ လုပ်ထုံးလုပ်နည်းများနှင့် ထိန်းသိမ်းရန် အခက်အခဲ ရှိလာစေမည်ဖြစ်သည်။  ထိုမျှမက သက်တော်၊ ၀ါတော်၊ ပညာဂုဏ်၊ သီလဂုဏ်၊ သမာဓိဂုဏ်တို့ဖြင့် ပြည့်စုံသော ဆရာတော်ကြီး ၄၇ ပါးဖြင့် စနစ်တကျ ဖွဲ့စည်းထားသော နိုင်ငံတော်အဆင့်ရှိ သံဃာ့ အဖွဲ့အစည်းအား ''ကန့်ကွက်ခြင်း၊ ရှုံ့ချခြင်း''ဆိုသည့် သုံးနှုန်းထိပါးစော်ကားမှုများကို လျစ်လျူရှုပါက မစင်ကြယ်သော ရဟန်းများ၊ ပုဂ္ဂိုလ်များအတွက် ပိုမိုအတင့်ရဲ လာစေနိုင်သည့် အလားအလာရှိကြောင်း တွေ့ရသည် ဟူ၍ ဖော်ပြထားပါသည်။
ထို့ကြောင့် နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ ဆရာတော်ကြီးများ အနေဖြင့် စိတ်မချမ်းမသာ ဖြစ်ကြရပြီး ဓမ္မစက်ဖြင့် ဆောင်ရွက်ရန် မဖြစ်နိုင်တော့သည့် အတွက် အာဏာစက်ဖြင့် ဆောင်ရွက်ရမည်သာ ဖြစ်ကြောင်း သဘောထား ဆန္ဒရှိတော်မူကြသည်။
သို့ဖြစ်ရာ နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့၏ ဂုဏ်သိက္ခာမြင့်မားပြီး ဘာသာအကျိုး၊ သာသနာအကျိုးနှင့် သာသနာတော် သန့်ရှင်းရေးကို ပိုမို ဆောင်ရွက်နိုင်စေရေးအတွက် ၀ိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများကို အကြိမ်ကြိမ် ချိုးဖောက်ပြီး နိုင်ငံသူနိုင်ငံသားတိုင်း လိုက်နာရမည့် တရားဥပဒေကို အကြိမ်ကြိမ် ဖောက်ဖျက် ကျူးလွန်သည့်အပြင် ရဟန်းနှင့် မအပ်စပ်သည့် နိုင်ငံရေးမှိုင်းမိကာ ထင်ရာစိုင်းနေသော ဦးဂမ္ဘီရ(ခ) စန္ဒောဘာသ(ခ) ညီညီလွင် (၃၃)နှစ်အား ၀ိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများ ပြစ်မှုဆိုင်ရာ ဥပဒေများနှင့်အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဥပသမ္ပဒ၀ိနည်းကံအရ ရဟန်းအဖြစ် ခံယူပုံအစီအစဉ်

  • ဥပဇ္ဈာယ်ဆရာတော်ရှိရမည်။
  • သိမ်ထဲတွင် ကာရက္က(ရဟန်းခံပေးသော ကံဆောင်သံဃာ)သံဃာ အနည်းဆုံး ငါးပါးရှိရမည်။
  • သပိတ်၊ သင်္ကန်း တိစီဝရိက်(ဒူးကုတ်၊ ဧကရီ၊ သင်းပိုင်) တို့ဖြင့် ပြည့်စုံရမည်။
    • နူနာရှိသလား။ ထွတ်မြင်းခေါ်ဆို အသားပိုမြင်း ဖုနာရှိသလား။
    • အရေပြား နီဖြူအကွက် သမင်ယက် သမင်ဖြူနာ ရှိသလား။
    • ချောင်းဆိုးသွေးပါ အဆုတ်နာ မြစ်ခြောက်နာရှိသလား။
    • သည်းခြေရူး နတ်ဖမ်းစားရူးနာ ရှိသလား။ လူသားစင်စစ် ဟုတ်ပါရဲ့လား။
    • ယောက်ျားစင်စစ် ဟုတ်ပါရဲ့လား။
    • ကိုယ့်ကိုယ်ကို အစိုးပိုင်သူ ဟုတ်ရဲ့လား။
    • ကြွေးမြီကင်းသူ ဟုတ်ရဲ့လား။ မင်းမှုထမ်းအဖြစ်မှ ကင်းလွတ်သူဟုတ်ရဲ့လား။
    • ရဟန်းပြုရန် မိခင်၊ ဖခင်တို့က ခွင့်ပြုသူ ဟုတ်ရဲ့လား။
    • အသက်နှစ်ဆယ်ပြည့်ပါပြီလား။ သပိတ်သင်္ကန်းပြည့်စုံပါပြီလား။
    • သင်အဘယ်အမည်ရှိသလဲ။
    • သင်၏ ဥပဇ္ဈာယ်ဆရာတော်သည် အဘယ်အမည်ရှိပါသလဲ။
  • ရဟန်းပြုပေးပါရန် လျှောက်ထားရမည်။
  • သိမ်ထဲတွင်ရှိသော ကံဆောင်သံဃာတော်များမှ ကန့်ကွက်မှုမရှိလျှင် ရဟန်းအဖြစ်ပြီးမြောက်ရန် ဥပသမ္ပဒ ကမ္မ၀ါကို ကံဆောင် သံဃာတော်များက ရွတ်ဖတ်ရမည်။
ဤအဆင့်များပြီးပါက ရဟန်းအဖြစ်သို့ ရောက်ရှိမည်ဖြစ်သည်။ (ရဟန်းဖြစ်ဖူးသူများအနေဖြင့် နောက်တစ်ကြိမ် ကံဆောင်ရာတွင်မူ ဥပဇ္ဈာယ်ဆရာတော်မလိုဘဲ ပထမအကြိမ်က ဥပဇ္ဈာယ် ဆရာတော်ကို စိတ်ဖြင့် အာရုံပြု၍ ကံဆောင်မှုကို ပြုလုပ်နိုင်မည်ဖြစ်သည်။)EMG
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis