menu

Saturday 18 February 2012

မျောက်မျိုးစိတ်သစ်ထိန်းသိမ်းရေး အစီအစဉ်ရေးဆွဲရန် နိုင်ငံတကာအဆင့် အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပမည်



မြန်မာနှာလန်မျောက် ကာကွယ်ထိန်းသိမ်းရေးအတွက် ပညာပေးပိုစတာဖြင့် နှိုးဆော်နေသည်ကို တွေ့ရစဉ်။
မြန်မာနိုင်ငံတွင် ပထဦးဆုံးတွေ့ရှိခဲ့သော မျောက်မျိုးစိတ်သစ်အား ထိန်းသိမ်းရေးအစီအစဉ်များ ရေးဆွဲနိုင်ရန် အပြည်ပြည်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်သည်။
မျောက်မျက်နှာလန်အမည်ရှိ အဆိုပါ မျိုးစိတ် သစ်အား ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်း(ဘန်ကာ) အသင်းမှ ဦးငွေလွင် ဦးဆောင်သော ကွင်းဆင်း လေ့လာရေး အဖွဲ့သည် Flora and Flora International (FFI) နှင့် People Res-ources and Conservation Foun-dation (PRCF) တို့မှ ဇီဝဗေဒ ပညာရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်သော မျောက် လွှဲကျော် လေ့လာရေးစီမံချက် အတွင်းတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

"၂၀၀၉ လောက်က ဧရာဝတီမြစ်ဆုံ ဆည်တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး အီးအိုင်အေ (ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု အစီရင်ခံစာ) လုပ်နေတဲ့အချိန်မှာစပြီး သတင်းရခဲ့ပေမယ့် မလေ့လာဖြစ်ခဲ့ဘူး။ နောက်မှ FFI ကပညာရှင်တွေနဲ့ တိုင်ပင်ပြီး လေ့လာဖြစ်ခဲ့တယ်"ဟု ဘန်ကာအသင်း၏ ဥက္ကဋ္ဌဒေါက်တာ ထင်လှက ပြောသည်။
မျောက်မျိုးစိတ်သစ်တွေ့ရှိမှုစာတမ်းအား ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် ထုတ်ဝေသော American Journal
of Primatology
တွင် ဖော်ပြခဲ့သည်။
လက်ရှိအခြေအနေတွင်မူ အဆိုပါ မျောက်မျိုးစိတ်သစ်မှာ ဒေသခံမုဆိုးများ၏ အမဲလိုက်ခြင်း၊ နယ်စပ်များသို့ တရားမ၀င်ရောင်းချခြင်း၊ သစ်ထုတ်ခြင်း၊ ဆည်တည်ဆောက်ရေး လုပ်ငန်းများကြောင့် နေထိုင်ရာဒေသများ လျော့နည်းလာခြင်းတို့ကြောင့် မျိုးသုဉ်းမည့် အလား အလာနှင့် ရင်ဆိုင်နေရသည်။
"မျောက်မျိုးစိတ်အပြင် တခြားမျိုးစိတ်တွေလည်း မျိုးသုဉ်းမယ့် အလားအလာနဲ့ ရင်ဆိုင်နေရတယ်။ နယ်စပ်ကို သစ် ထုတ်ဖို့ လမ်းတွေ ဖောက်လာတဲ့အခါ အရင်ကထက် တရားမ၀င်တစ်ဖက်နိုင်ငံကို ရောင်းချဖို့ပိုပြီးလွယ်လာတယ်။ တရုတ်ပြည်နယ်စပ်မှာဆိုရင် မျောက် ခေါင်းတစ်ခုကို ဒေါ်လာ ၂၀ ၊ ၃၀ လောက် တန်တဲ့အတွက် ဈေးကွက်ကပိုပြီး တော့ဖြစ်လာတယ်။ တရုတ်ဘက်ကလည်း ဘာကောင်ပဲ ဖြစ်ဖြစ် ၀ယ်တယ်။အများစုကတော့ ဆေးဖော်တဲ့နေရာမှာ သုံးတယ်လို့ ပြောတယ်။ "နောက်ဆည်ဆောက်လုပ်ရေးလုပ်ငန်းတွေ ကနေ မိုင်းခွဲတဲ့အသံ၊ စက်ယန္တရားသံတွေကလည်း တောကောင်တွေအတွက် အနှောင့်အယှက်ဖြစ်စေတယ်" ဟုမြန်မာမျောက်မျိုးများ လေ့လာရေးအဖွဲ့မှ စီမံကိန်းမန်နေဂျာဦးဝေလွင် က ပြောသည်။
ပူးပေါင်းလေ့လာရေးအဖွဲ့ အနေဖြင့် ကင်မရာထောင်ချောက်များ တပ်ဆင်ကာ လေ့လာခြင်း၊ ထိန်းသိမ်းရေး လုပ်ငန်းများနှင့် ဒေသခံများအား ပညာ ပေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။
"ဒေသခံတွေအများစုက မပစ်တော့ ဘူးလို့ ပြောတယ်။ သူတို့မျောက်လို့ ခံယူလာပြီး ထိန်းသိမ်းဖို့စိတ်ဝင်စားလာတယ်။ ဥပဒေတွေကို ပြောပြတယ်။အရင်တုန်းက ဥပဒေဆိုတာတောင် မသိဘူး"ဟု ပညာပေးလုပ်ငန်းများအား လက်တွေ့ကွင်းဆင်းဆောင်ရွက်နေသူ ဦးငွေလွင်က ပြောသည်။
"တောရိုင်းတိရစ္ဆာန် မှောင်ခိုကိစ္စ တွေနဲ့ ပတ်သက်ပြီးတရားမ၀င်လုပ်ရပ် တွေရှိနေတာသိပေမယ့် လမ်းပန်းဆက် သွယ်ရေးအခြေ အနေတွေကြောင့် ၀န်ထမ်းတွေကို မလွှတ်နိုင်ဘူး။ စစ်ဆေး ရေးဂိတ်တွေ မဖွင့်နိုင်သေးဘူး။ "တစ်ဖက် တရုတ်နိုင်ငံနယ်စပ်ကတော့ လူနေတဲ့နေရာတွေဖြစ်တဲ့အတွက် အရောင်းအ၀ယ်ဖြစ်နေတာကို တွေ့ရတယ်။ ဒါကြောင့် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ မှာလုပ်မယ့် အလုပ်ရုံဆွေးနွေးပွဲမှာ ပြည်တွင်း ပြည်ပကပညာရှင်တွေကို ဖိတ်ပြီးတိုင်ပင်မယ်။ ပူးပေါင်းဆောင်ရွက်သွားမယ်" ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးဦးရဲထွဋ်က ပြောသည်။
မျောက်မျက်နှာလန်မျိုးစိတ်မှာ ကမ္ဘာ ပေါ်တွင် လေးမျိုးရှိရာ တရုတ်နိုင်ငံတွင် သုံးမျိုး၊ ဗီယက်နမ်နိုင်ငံတွင် တစ်မျိုးရှိ ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တွေ့ရသော မျိုးစိတ်သစ်မှာ ကချင်ပြည် နယ်မြောက်ပိုင်း၊ ဆော့လော်မြို့နယ်၊ မော်ချောင်းဒေသတွင် တွေ့ရှိရ ခြင်းဖြစ်ပြီး ကင်မရာထောင်ချောက်များမှ တစ် ဆင့်လေ့လာမှုအရ ကောင်ရေ ၂၆၀ မှ ၃၃၀ အတွင်းခန့်မှန်းထားသည်။
"မြန်မာပြည်မှာတွေ့ရတဲ့ မျိုးစိတ်က အခြားနိုင်ငံကမျိုးစိတ်တွေနဲ့ ကွာခြားပါတယ်။ အခုလေ့လာနေတဲ့ နေရာတွေအပြင် အခြား နေရာတွေမှာလည်း ရှိနိုင်မယ်လို့ထင်တယ်။ ထပ်ပြီးလေ့ လာဖို့တော့ ရှိပါတယ်"ဟု FFI မှ မြန်မာအစီအစဉ်မှ ဒါရိုက်တာ Frank Monberg က ပြောသည်။
"ကမ္ဘာမှာပါ ပထမဦးဆုံးတွေ့တာပါ။ နိုင်ငံအတွက် ဂုဏ်ယူစရာလည်းဖြစ်တဲ့အတွက် အခုတွေ့၊ အခုပျောက်တာ မျိုးမဖြစ်အောင် အားလုံးဝိုင်းဝန်းကြ ဖို့တိုက်တွန်းချင်ပါတယ်"ဟု ဒေါက်တာ ထင်လှက ပြောသည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis