menu

Monday 23 January 2012

ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့်တွေ့ဆုံခြင်း

w7_161
'အနာသိတယ်၊ ဆေးရှိတယ်'
ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့် တွေ့ဆုံခြင်း 
၁၉၈၈ခုနှစ် အောက်တိုဘာလတွင် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကို ဦးဆောင်တည်ထောင်ခဲ့သူ၊ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့သူ၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင်တစ်ဦးအနေဖြင့် ဒီမိုကရေစီအရေးအတွက်သာမက တိုင်းရင်းသားများအရေးကိစ္စများတွင်ပါ အမြဲပါဝင်လှုပ်ရှားဆောင်ရွက်ပေးခဲ့သူ၊ ၁၉၉၃ခုနှစ် အမျိုးသားညီလာခံ အကြိုဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ပြီး ညီလာခံကို ကျောခိုင်းသွားခဲ့သူ၊ ၂၀၀၅ခုနှစ်တွင် ရှမ်းပြည်ပညာရှင်များ အတိုင်ပင်ခံကောင်စီဖွဲ့စည်းမှုဖြင့် ထိန်းသိမ်းခံခဲ့ရသူ၊ ထို့နောက် ထောင်ဒဏ် ၉၃ နှစ် အမိန့် ချမှတ်ခံခဲ့ရပြီး ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် တောင်ငူအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သူ အသက် ၆၉နှစ်ရှိ ရှမ်းတိုင်းရင်းသားခေါင်ဆောင် ဦးခွန်ထွန်းဦးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။


မေး - ဦးခွန်ထွန်းဦးလို့ ဆိုလိုက်တိုင်း SNLD(ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ကို တွဲမြင်ကြပါတယ်။ ၁၉၈၈ခုနှစ် အောက်တိုဘာလမှာ စတင်ဖွဲ့စည်းခဲ့တယ်။ ၁၉၉၀ပြည့်နှစ်ရွေးကောက် ပွဲမှာ ပါဝင်ယှဉ်ပြိုင်တယ်။ NLD ပြီးရင် အမတ်နေရာ ဒုတိယအများဆုံး (၂၃နေရာ) အနိုင်ရရှိခဲ့တယ်။ ဒီလိုအနိုင်ရခဲ့ပေမယ့် တစ်ပါတီတည်း သီးခြားဖြစ်မနေဘဲ တိုင်းရင်းသားလူမျိုးစုပါတီ ၂၁ပါတီနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD)နဲ့ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာတွေ ရှိခဲ့ပါတယ်။နောက်ပြီး UNLDနဲ့ NLD တွေ့ဆုံပြီး ထုတ်ပြန်ခဲ့တဲ့ ဗိုလ်အောင်ကျော်လမ်း ကြေညာချက်အမှတ်-၁ မှာလည်း ဦးခွန်ထွန်းတို့ ပါဝင်လက်မှတ်ထိုး ခဲ့ပါတယ်။ တစ်ဖက်မှာလည်း NLD နဲ့ ပိုပြီး နီးနီးကပ်ကပ်ရှိခဲ့တာ တွေ့ရပါ တယ်။ ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံ အကြိုဆွေးနွေးပွဲတွေကိုလည်း တက်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်လွန် အချိန်တုန်းက နိုင်ငံရေးခံယူချက်နဲ့ လုပ်ဆောင်မှုတွေက ဘယ်လိုသဘောဆောင်ခဲ့ပါသလဲ။
ဖြေ - ကျွန်တော် ၁၉၉၃ခုနှစ်က အမျိုးသားညီလာခံ အကြိုဆွေးနွေးပွဲ တွေ တက်ခဲ့တယ်။ ထိုစဉ်က နိုင်ငံရေးအခင်းအကျင်းက ကျွန်တော်သုံးပွင့်ဆိုင်လို့ မသုံးခဲ့ဘူး။ by name နဲ့ သုံးခဲ့တယ်။ by name နဲ့သုံးတယ် ဆိုတာက အဲဒီမှာ ဦးနေ၀င်းတို့၊ ဦး နုတို့၊ ဦးဗဆွေတို့၊ ဦးကျော်ငြိမ်းတို့၊  ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်ရွှေတို့ပေါ့ဗျာ။ နောက်ပြီး အစိုးရပေါ့လေ။ ပါခဲ့တယ်။ အဲတာတွေရယ် တစ်ဖက်က တိုင်းရင်းသားခေါင်းဆောင်တွေ ရယ်ပေါ့။ ဆိုလိုရင်းက ကျွန်တော် မစ္စတာ ပရော်ဖက်ဆာ ယို ဒိုယိုကိုဒါ လာတုန်းက စကားပြောဖြစ်တယ်။ the only solution out ကိုပြောပါဆိုတော့ the only solution out ကတော့ crapper type ပဲလို့။ crapper type means ဆိုတော့ naturality the persent goverment at the political falsest ပေါ့ဗျာ။ ကျွန်တော်သူ့ကို ပြောပြလိုက်တယ်။ အဲဒီကနေပြီး ၁၉၉၄ ရောက်တော့ general assembly ကနေ political crisis တွေကို ဖြေရှင်းဖို့ဆိုပြီးတော့ တောင်းဆိုလာတယ်။
မေး - အမျိုးသားညီလာခံ အကြိုညှိနှိုင်းအစည်းအဝေးတွေကို တက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အမျိုးသားညီလာခံကို ကျောခိုင်းလိုက်ပါတယ်။ ဘာကြောင့် ကျောခိုင်းသွားခဲ့တာပါလဲ။ 
ဖြေ - ဟုတ်ပြီ။ ဒီလိုဗျ။ ၁၉၉၀ပြည့် နှစ်လွတ်လပ်ရေးနေ့ ဧည့်ခံပွဲမှာ ကျွန်တော် ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ကျွန်တော်တွေ့တယ်။ သူက ကျွန်တော့်ကို သူပြောနေကျ စကားအတိုင်းပဲ။ သူပြောတာက ဦးခွန်ထွန်းဦးတဲ့။ သမိုင်းမှာ ကျွန်တော် တရားခံ မဖြစ်ချင်ဘူးတဲ့။ အဲဒီတော့ ဒါခင်ဗျားတို့ပဲ ဆက်လုပ်ရမယ့် ကိစ္စ၊ ၄၇ ယူယူ၊ ၇၄ယူယူ၊ အသစ်ပဲ ရေးရေး ဆိုပြီးတော့ ပြောသွားတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ ၁/၉၀ကျမှ ကျွန်တော်တို့ အမြောက်အပစ်ခံရပြီးတော့ ဒီရွေးကောက်ပွဲသည် အာဏာအပ် နှင်းရန်မဟုတ်၊ constitution ရေး ရန်သာဖြစ်သည်။ ဆိုတော့ ဖြစ်ပြန်ရော၊ အဲလိုဖြစ်ရော၊ နောက်တော့ အဲလို ကျွန်တော်တို့က ပြောတဲ့အခါကျတော့ ကျွန်တော်တို့ကို လက်မှတ်ထိုးခိုင်းတယ်။ aggrement တောင်းတယ်။ ကျွန်တော်တို့က ဗဟိုကော် မတီ မခန့်ရသေးဘူးဆိုတော့ မဟုတ်ဘူး၊ ခင်ဗျားတို့ ဥက္ကဋ္ဌတွေပဲတဲ့။ ထိုးရမယ်ပေါ့လေ။ ဟ အာဏာရှင်ပါတီ မဟုတ်ဘူး။ ဒီမိုကရေစီပါတီလို့ ပြောလိုက်သေးတယ်။ အဲတာ တစ်ကဏ္ဍပြီးသွားရော၊ နောက်တော့ ကျွန်တော်တို့ အကြိုဆွေးနွေးပွဲမှာ အလုပ်သမားသမဂ္ဂ၊ လယ်သမားသမဂ္ဂပါတယ်ဆိုတော့ လက်ရှိအချိန်မှာ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂ၊ လယ်သမားသမဂ္ဂမှ မရှိတာ၊ ကျွန်တော်တို့ ဘယ်လိုဖိတ်မလဲ။ အဲတာတွေ သူတို့ အချိန်မလိုဘူးလားလို့ မေးသေးတယ်။ ဆိုလိုရင်းကတော့ အစိုးရပေါ့၊ န၀တပဲ ပြောပြော၊ ဗိုလ်စောမောင်လို့ပဲ ပြောပြော၊ တောင်ပံတပ်ထားတဲ့ ဗိုလ်ချုပ်တွေကလည်း ကတိမတည်ဘူးပေါ့ဗျာ။ အဲဒီတော့ ဘယ်လောက်အထိ ကတိမတည်သွားလဲဆိုရင် ညီလာခံခေါ်တော့ တိုင်းရင်းသားတွေ၊ ကိုယ့် ထီးကိုယ့်နန်းနဲ့ရှိတဲ့ တိုင်းရင်းသား တွေ ဥပမာ-ရခိုင်၊ မွန် ကိုယ့်ထီးကိုယ့်နန်းနဲ့ရှိတယ်၊ နောက် ကချင် အဲဒီတော့ အားလုံးထဲမှာမှ ရှမ်းတစ်ပါတီတည်း မဖြစ်ဘူး၊ အားလုံး ပါတီတွေခေါ်မှ နှိမ်တာတော့ မဟုတ်ဘူး၊ မြို(ခမီ)တို့လိုမျိုး၊ လီဆူး တို့ဘာတို့ဆိုရင် တစ်ယောက်တည်း၊ ကိုးကန့် နောက်တော့ ကိုးကန့်က တစ်ပါတီ တက်ရတယ်၊ တရားဝင် ပါတီ ၁၀ပါတီ၊ ဒါပေမယ့် ရှမ်းပြည်က ခြောက်ပါတီ၊ ရှမ်းပြည်နဲ့ ပတ်သက်နေတာက NLD နဲ့ တစည၊  ရှမ်းပြည်က ရှစ်ပါတီ၊ အဲဒီတော့ ရှမ်းပြည်နဲ့ မပတ်သက်တာက မြို(ခမီ)နဲ့ ကရင် Youth ပေါ့၊ KLCC ရယ် အဲတာမပါဘူး။ ကျွန်တော်တို့က ဘယ်လိုတွက်လိုက်လဲဆိုတော့  ဒီနိုင်တဲ့လူတွေတောင်မှ တိုင်းရင်းသားတွေ မပါဘူး၊ ဆိုပြီးတော့ ရှမ်းပြည်အတွက်တော့ တစ်ခုခု လုပ် လိမ့်မယ်လို့ ထင်တယ်လေ၊ ရှစ်ပါတီလောက်က ရှမ်းပြည်နဲ့ဆိုင်တဲ့ပါတီဖြစ်နေတော့ သတိထားလုပ်ကြပါတယ်။ လုပ်တဲ့နေရာမှာ ဘာဖြစ်သွားလဲဆိုတော့ ထင်တဲ့အတိုင်းပဲ သူက အပြီးအပြတ် ဆွဲလိုက်တာကိုး။ ဆိုတော့ ညီလာခံကြီးက ဆွဲလာသလောက်လည်း မဖြစ်ပါဘူး။ အချိန်တွေသာ ကုန်သွားတယ်။ ကျွန်တော်တို့နဲ့ NLD က ၁၉၉၅၊ ၁၉၉၆ လောက်မှာ ထွက်လာလိုက်တယ်။ ဘာလို့ဆိုတော့ ကျွန်တော်တို့ကတော့ တိုင်းရင်းသားအတွက် ဘာမှမပါတဲ့အတွက်ဆိုပြီးတော့ ထွက်ခဲ့ပါတယ်။ NLD လည်း ဒီမိုကရေစီ စံချိန်စံညွှန်း မပြည့်မှီဘူးဆိုပြီး ထွက်လာခဲ့တယ်။ ထွက်ရတဲ့ အကြောင်းအရင်းကတော့ ကျွန်တော်တို့ စာနဲ့တော့ သမိုင်းမှာ အပြောမခံတော့ဘူး။ ကျွန်တော်တို့အတွက် အရေးကြီးတယ်ဆိုပြီးတော့ ညီလာခံက ထွက်ခဲ့တာပဲ။
မေး -  ၁၉၉၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှာ  နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီကို အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ဆိုပြီး ဦးခွန်ထွန်းဦးက ပန်ကြားလွှာတစ်စောင် ပို့ခဲ့ပါတယ်။ ဒီစာကို ပို့ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်က ဘာများဖြစ်မလဲ။ 
ဖြေ - ဟုတ်ပါတယ်။ ရည်ရွယ်ချက်ကတော့ မစ္စတာယိုဒိုယိုကို ဒါကိုပြောတဲ့ သုံးပွင့်ဆိုင် ဆွေးနွေးရေးပဲ။ အဲဒီမှာ အဲဒီတုန်းကတော့ ရှင်းရှင်းပြောရရင် တပ်က ဒီကောင်တွေကို တန်းတူပေါင်းဖို့ မလိုပါဘူး။ တိုက်ယူရင် ရတယ်ဆိုပြီး ဆက်ဆံတာကိုး၊ သူ တို့ကြိုးစားပြီးလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ၁၇ ဖွဲ့လည်း ပြန်သွားတဲ့အခါကျတော့ ၁၆ ဖွဲ့လောက်က လက်နက်ကိုင်ပြီး ပြန်တိုက်တာပဲ။ တိုင်းရင်းသားကိစ္စကတော့ နောက်မှ ဆက်ပြောပါမယ်။
မေး -  ၁၉၉၈ခုနှစ် CRPP (ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ)ကို ဖွဲ့တဲ့အခါ ဦးခွန်ထွန်းဦးတို့ရဲ့ SNLD လည်းပါဝင်ခဲပါတယ်။ အဖွဲ့ကိုစဖွဲ့တဲ့အချိန်မှာ CRPP ရဲ့ အတွင်းရေးမှူးတာဝန်ယူခဲ့တဲ့ ဦးအေးသာအောင်က ရခိုင်ဒီမိုကရေစီအဖွဲ့အတွက် သာမကဘဲ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့နဲ့ ဇိုမီးအမျိုးသားကွန်ကရက်အဖွဲ့တွေအတွက် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဒီအချိန်ထိ မြင်တွေ့ရတာက ဦးခွန်ထွန်းဦးဟာ ဒီမိုကရေစီရေးနဲ့ ပတ်သက်လာရင် ဘယ်သူနဲ့မဆို ပူးပေါင်းဆောင်ရွက်လေ့ရှိတာကို တွေ့ရပါတယ်။ နောက်တစ်ချက်ကတော့ တိုင်းရင်းသား အရေးကိစ္စတွေမှာပါ။ ၂၀၀၄ခုနှစ် နိုဝင်ဘာလမှာတော SSA (မြောက်ပိုင်း) ဌာနချုပ်ရှိရာ သီပေါကို ဦးခွန်ထွန်းဦးနဲ့ ဦးစိုင်းညွန့်လွင်တို့ သွားခဲ့ပါတယ်။ သွားရတဲ့အကြောင်းက SSA ငြိမ်းချမ်းရေး ရယူခြင်း ၁၅နှစ်ပြည့် အခမ်းအနားပါ။ ဒီအခမ်းအနားကိုတက်ရင်း ရှမ်းပြည်ပညာရှင်များ အတိုင်ပင်ခံကောင်စီဖွဲ့ရေးကို SSA ၊ SSNA ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ၂၀၀၅ခုနှစ် ဖေဖော်ဝါရီလမှာတော့ ရှမ်းပြည်ပညာရှင်များ အတိုင်ပင်ခံ ကောင်စီပေါ်လာခဲ့ပါတယ်။ တစ်ဖက်မှာတော့ ဒီလိုဖွဲ့စည်းတာကြောင့် ထိမ်းသိမ်းခံရပါတယ်။ ထိမ်းသိမ်းခံရပြီးတဲ့နောက်မှာတော့ ဦးခွန်ထွန်းဦးက ထောင်ဒဏ် ၉၃နှစ်၊ ဦးစိုင်းညွန့်လွင်က ထောင်ဒဏ် ၈၅နှစ်၊ SSA(မြောက်ပိုင်း) ခေါင်းဆောင် ဗိုလ်ချုပ်ဆေးထင်က ထောင်ဒဏ် ၁၀၆နှစ်ချမှတ် ခံခဲ့ရပါတယ်။  ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ ဘာများပြောချင်တာရှိပါလဲ။ 
ဖြေ - ခင်ဗျားမေးတဲ့ မေးခွန်းက အမှန်ပဲ။ ကျွန်တော့်ကို ဖိတ်တုန်းက ဦးဆေးထင်ရယ်၊ နောက်ပြီးတော့ ဗိုလ်ချုပ်မောင်အေး၊ အဲဒီတုန်းက အရှေ့ပိုင်းတိုင်းဌာနချုပ် တိုင်းမှူးပေါ့။  နောက်ပြီး လော်ဆစ်ဟန်ရယ်၊ လော်ဆစ်ဟန် ကြားပွဲစားလုပ်ပြီးတော့ ဦး ဆေးထင်ကို ခေါ်သွားပြီးတော့ စကားပြောပြီးတော့ ဦးဆေးထင်သည် ပထမဆုံးသော ငြိမ်းချမ်းရေးယူတဲ့ လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်လာတယ်။ အဲဒီတော့ အဲဒီဟာကို ၁၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကျွန်တော်တို့ကို ခေါ်တယ်။ ဒါပေ မယ့် ဟိုရောက်သွားတဲ့အခါကျတော့ ကျွန်တော်က အခြေအနေတော့ မကောင်းဘူး၊ ဗိုလ်ချုပ်ခင်ညွန့်လည်း ဆွဲသွားပြီ၊ ငါတို့လည်း သိပ် အစီအစဉ်မကျဘူးလို့ ပြောတယ်။ ဗိုလ်ချုပ်လွယ်မောင်းကို ကျွန်တော်ပြောတယ်။ အဲဒီတော့ အဲဒီလိုဖြစ်တဲ့ အ ချိန်မှာ လာသာလာပါတဲ့၊ ဘာမှမဖြစ်ပါဘူးတဲ့၊ အဲဒီမှာ SB တပ်စွယ်မှူးကလည်း ခွင့်ပြုတယ်ဆိုတော့ ကျွန်တော်တို့သွားတယ်။ သွားတော့ မြင်လိုက်တဲ့အခါကျတော့ ဒါမဟုတ်တော့ဘူးပဲ။ အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းရေးဖြစ်နေတယ်။ ဆိုတော့ ဒီကိစ္စက ပြီးသွားတဲ့အခါကျတော့ ကျွန်တော့်လည်း တရားရုံးမှာ ပြန်ထွက်ဆိုရတဲ့ အခါကျတော့ ဦးဆေးထင်က ဘာပြောလဲဆိုတော့ ဒီအတိုင်ပင်ခံကောင်စီ ဖြစ်လာရတဲ့ အကြောင်းရင်းကို ကျွန်တော် ရှင်းပြရရင်တဲ့ ၂၀၀၃လောက်မှာ သူတို့တွေ့ ကြတယ်၊ ဘယ်မှာတွေ့လဲဆိုရင် ကချင်ဆက်ဆံရေးရုံးမှာ တွေ့ကြတယ်။ ကချင်ရယ်၊ ရှမ်းရယ်၊ ပလောင်ရယ်၊ မွန်ရယ်တွေ့ပြီးတော့ ဘာသဘောတူကြသလဲဆိုတော့ လူမျိုးအလိုက် အတိုင်ပင်ခံကောင်စီ ဖွဲ့မယ်ဆိုပြီးတော့ ဆုံးဖြတ်ချက် ချလိုက်တယ်။ အဲဒီတော့မှ ဒီဟာက သိလာရတယ်။ နောက်တော့ ဘယ်လိုဖြစ်လဲဆိုတော့ သူကပြောတယ်။  ဒီဟာကတဲ့ ဟိုးတုန်းက S1လည်းဖြစ်၊ ၀န်ကြီးချုပ်လည်းဖြစ်တဲ့ ဗိုလ်ချုပ်ခင်ညွန့်ကိုယ်တိုင် ကျွန်တော်တို့ကိုခေါ်ပြီးတော့ ထမင်းစားပွဲမှာ ပြောလိုက်တယ်တဲ့။ ကျွန်တော်တို့အနေနဲ့ အထက်အရာရှိတစ်ယောက်ကပြောတာကို အမိန့်မနာခံဘူးဆိုရင် အမိန့် ဖီဆန်ရာ ကျတယ်။ အဲတာ အပြစ်ရှိတယ်။ အခု ခင်ဗျားတို့ဟာက သူပြောတဲ့အတိုင်း ကျွန်တော်လုပ်တယ်။ အခု သူ ဘာဖြစ်သွားလဲတော့ မသိဘူး။ အမိန့်အရ ကျွန်တော်လုပ်တယ်။ အမိန့်အရ လုပ်ပြန်တော့လည်း ခင်ဗျားတို့ဖမ်းတယ်။ မလုပ်ပြန်လည်း နိုင်ငံတော်အာဏာကို ဖီဆန်တယ်။ အမိန့်ကို ဖီဆန်တယ်ဆိုပြီး ခင်ဗျားတို့ ဖမ်းဦးမှာပဲတဲ့။ အဲဒီတော့ ခင်ဗျားတို့ ကြိုက်တာလုပ်တော့၊ ကျွန်တော်တို့ ဘာမှမပြောချင်တော့ဘူးလို့ အဲလို ဦးဆေးထင်က ပြောခဲ့တယ်။ အဲဒီတော့မှာ အော် ဗိုလ်ချုပ်ခင်ညွန့် ဒုက္ခပေးတယ်ဆိုတာ၊ ဒါပေမယ့် ဗိုလ်ချုပ်ခင်ညွန့် စက်တင်ဘာလမှာ ၂၀၀၄ မှာ မြစ်ကြီးနားတက်သွားတော့ ဗိုလ်ချုပ်အောင်ဆန်းကို ကြိုသလို ဗိုလ်ချုပ်ခင်ညွန့်ကို ကချင်တွေက ကြိုပြီးတော့ ကချင်စလွယ်သိုင်းနဲ့ ခေါင်းပေါင်းနဲ့ အကုန်လုံး လက်ဆောင် တွေ ပေးတယ်ဗျ၊ ဂုဏ်ပြုတယ်၊ အဲတာကျတော့ ရတယ်၊ အခုဟာက ရှမ်းကျတော့ ဒီလိုလုပ်တယ်ဆိုတော့ ၆၂ တုန်းကလည်း ရှမ်းပဲ၊ ဖယ်ဒရယ်မူက ခွဲထွက်တယ်ဆိုပြီးတော့ လုပ်ပြန်ရော၊ ဆိုလိုတာက အခုလည်း ၂၀၀၅ ခုနှစ်မှာ ဖမ်းတဲ့အခါကျတော့ ရှမ်းပဲ ဖမ်းတာပဲ၊ ကျွန်တော့်ကိုဆိုရင် နိုင်ငံတော် ပုန်ကန်မှုနဲ့ ဖမ်းတယ်၊ နိုင်ငံတော် ပုန်ကန်မှုက ဘယ်လိုဖြစ်သလဲဆိုတော့ ကျွန်တော်တို့က ရွက်ဆစ်နဲ့ ဆက်တယ်တဲ့၊ ခွန်ဆာကို၊ ခွန်ဆာက ကျွန်တော့်ကို ဆက်တယ်၊  ၁၉၉၄ တုန်းက၊ ခပ်ကြောက်ကြောက်နဲ့ တွေ့ရတာပဲ၊ ဒါပေမဲ့ တွေ့ရတာများတော့ လန့်တဲ့အခါကျတော့ ထိုစဉ်က ဆက်သွယ်ရေးအရာရှိ ဗိုလ် မှူးသန်းထွန်းကို ကျွန်တော်က အကြောင်းကြား တယ်၊ ဗိုလ်မှူး ဒီလိုတော့ဖြစ်နေပြီ။ ကျွန်တော့်ကို လုပ်ပါဦးဆိုတော့ ဟာဟုတ်လားတဲ့၊ ဘယ်နှစ်ခါရှိပြီလဲ၊ နှစ်ခါ သုံးခါတော့ ရှိပြီဆိုတာနဲ့ ဟာတဲ့ စောစောက ပြောရောပေါ့တဲ့၊ ကိစ္စမရှိဘူး၊ ပြလိုက်တော့တဲ့၊ စာတွေ ဘာတွေ၊ လာပေးတဲ့ ဒါဟုတ်လား၊မဟုတ်လား ကြည့်ကြည့်ပါဦးဆိုတော့ သူကြည့်တော့ နောက်နှစ်ရက် သုံးရက်ကျတော့ ဦးခွန်ထွန်းဦးတဲ့ မှိန်းပြီးသာ လက်ခံထားလိုက်ပါတဲ့ ဆိုတော့ လာပြန်ရော၊ လာတဲ့အခါကျတော့ ခွန်ဆာက ကျွန်တော့်ကို ရှမ်းလူကြီးပေါ့၊ ၀န်ကြီးချုပ်ဆိုလည်း ၀န်ကြီးချုပ်ပေါ့ဗျာ၊ ရှမ်းပြည်က ခွဲထွက်လို့ သမ္မတဖြစ်တယ်ဆိုလည်း သမ္မတပေါ့ဗျာ၊ ဒါကတော့ ကိုယ့်ကိုကိုယ် အထင်ကြီးပြောတာ မဟုတ်ဘူး၊ သူ့အထင်က အဲလိုဖြစ်နေတာ၊ ဘာပဲဖြစ်ဖြစ် အဲလိုဖြစ်သွားတဲ့ အခါကျတော့ ကျွန်တော်ပြတယ်ဆိုတော့ နောက်တော့လာတယ်၊ လာတဲ့အခါ ကျတော့ ဗိုလ်မှူး ဒီလိုဖြစ်နေပြီဆိုတော့ ပြတယ်၊ ကောင်းပြီတဲ့ သူ့ကို စည်းတံဆိပ်ရယ်၊ စာအမှတ်ရယ်ကို ပို့ပေးဖို့ တွေ့တဲ့လူရှိရင် ကမ်းလှမ်းပါတဲ့၊ကျွန်တော့်ကို ကြားကတစ်ဆင့် ပြောခိုင်းတယ်၊ ကျွန်တော်က ပြန်ပြောလိုက်တယ်၊ နောက် ၁၄ ရက် လောက် ရှိတော့ ပြန်ပါလာတယ်။ အဲတော့ တံဆိပ်တွေပါတွေ ပါလာတယ်။ သူတို့ ဖောက်ကြည့်တာပေါ့ဗျာ၊ ကျွန်တော်ကတော့ မသိဘူး၊ ပါတယ်နော်ဆိုတော့ ပါတယ်တဲ့ အဲဒီမှာ ဗိုလ်မှူးပဲရှိသေးတယ် စာပို့လိုက်ပါတဲ့၊ ကျွန်တော်နေတာ ပါတီရိပ်သာ၊ သွားပေးတယ်၊ အဲဒီ ဗိုလ်မှူးချုပ်သန်းထွန်းက MI (Military intelligence) Cheif ဖြစ်ပြီးတော့ NIB (National Intelligence Bureau) Cheif ဖြစ်သွားတယ်၊ သူ ပါသွားတယ်၊ ကျွန်တော်တို့တောင် အင်းစိန်မှာ သွားတွေ့သေးတယ်။ အဲလိုဖြစ်တဲ့ အခါကျတော့ စာပေးပြီးတော့ ၁၀နာရီကျလို့ရှိရင် ခင်ဗျားကို ပြန်အကြောင်းကြားမယ်တဲ့၊ ၁၀နာရီကျတော့ ဗိုလ်မှူးသန်းထွန်း ကျွန်တော့်ဆီ ဖုန်းဆက်တယ်၊ ဦးခွန်ထွန်းဦးတဲ့ လူကြီးတွေက လက်ခံလိုက်ပြီတဲ့၊ အဲတာကို ဆက်လုပ်မယ်ဆိုတာကို ပြော လိုက်ပါတဲ့ အဲဒီတော့ သူ့ကိုလည်း ပြန်ခိုင်းလိုက်တော့ဆိုတော့ ဟိုလူကို ကျွန်တော်က တစ်နာရီလောက်ခွာပြီး ဆက်တယ်၊ သူပြောတဲ့အတိုင်း ကျွန်တော်က ပြန်ပြောတယ်၊ နောက်တော့ အခြေအနေ အေးလာတော့ ဗိုလ်မှူးသန်းထွန်းကို ကျွန်တော်က မေးတယ်၊ ဗိုလ်မှူး အခြေအနေဘယ်လိုလဲ၊ မေးတဲ့အခါကျတော့ သူက အခြေအနေ ကောင်းပါတယ်တဲ့၊ ကျွန်တော်တို့ သူတို့ကို တာချီလိတ်မှာ လက်ခံပြီး တွေ့ပါတယ်တဲ့၊ အဲဒီကနေ ခွန်ဆာရယ်၊ ဖလောင်ရယ် ဘာညာ အကုန်လုံး သူတို့ ဒီဘက်ကို ၀င်လာကြတယ်၊ ဆိုတော့ ကျွန်တော်က သူ့အဖေဖြစ်တဲ့ ခွန်ဆာကို ငြိမ်းချမ်းရေးရအောင် ခေါ်စာပေးပြီးတော့ သူ့ရဲ့ သားဖြစ်တဲ့ ရွက်ဆစ်ကို သွားပြီးတော့ ကျွန်တော်က မဟုတ်မဟတ်တွေ လျှောက်လုပ်မလား။ ကျွန်တော့်ရဲ့ status လည်း ပြန်ကြည့်ပါဦး၊ လွှတ်တော်ကိုယ်စားလှယ်လည်း ဟုတ်တယ်၊ ပါတီဥက္ကဋ္ဌ လုပ်တယ်၊ CRPP အဖွဲ့ဝင်၊ ကျွန်တော့်ပါတီတွေလည်း တပ်တစ်ခု ရှိတယ်ဗျာ။ ကျွန်တော့်အောက်မှာ SSJAC အနေနဲ့ နေတယ်။ (မှတ်ချက်- SSA နှင့် SSNA တို့ ငြိမ်းချမ်းရေးယူခဲ့ပြီးနောက် SSPC ကို ဖွဲ့စည်းခဲ့ပါသည်။ SSPC နှင့် SNLD တို့ မဟာမိတ်ယူပြီးချိန်တွင် SSJAC ဖြစ်ပေါ်ခဲ့ပါသည်။) နောက်ပြီးတော့ UN တွေမှာလည်း ကျွန်တော် သဘာပတိအဖွဲ့ဝင်၊ အဲဒီလို တာဝန်ယူ ထားပြီးတော့ နိုင်ငံတော် ထိခိုက်စေမယ့်အလုပ် ကျွန်တော်လုပ်ပါ့မလား။ ကျွန်တော် တရားရုံးမှာသွားပြီးတော့ ခင်ဗျားတို့ ကျွန်တော်ခွန်ဆာခေါ်တာ သိလားလို့၊ မသိဘူးတဲ့၊ အင်း နိုင်ငံတော် လျို့ဝှက်ချက်တော့ ဖြစ်နေပြီ။ ကျွန်တော်ပြောလို့ရလားဆိုတော့ ဒါအမြင့်ဆုံးခုံရုံးပဲတဲ့ ပြောပါဆိုတော့ ပြောပြလိုက်တယ်၊ ဖြစ်ချင်တော့ ဗိုလ်မှူးချုပ်သန်းထွန်းက ကျွန်တော်နဲ့ တစ်ခန်းကျော်မှာ အိပ်ရတာ၊ အဲဒီတော့ ဗိုလ်မှူးချုပ်သန်းထွန်းနဲ့တွေ့ တဲ့အခါမှာ ဟာတဲ့ ဦးခွန်ထွန်းဦး ဘယ်လိုဖြစ်သလဲတဲ့၊ ဒီလိုပဲဗျာလို့၊  ကျွန်တော့်ကို အတိုင်ပင်ခံကောင်စီ ဖွဲ့မှုလို့ ပြောတယ်ဗျလို့ ဟာတဲ့ နောက်ကောတဲ့ မသိဘူးဗျာလို့၊ နိုင်ငံတော်ပုန်ကန်မှုလို့ ပြော တယ်လို့၊ ကျွန်တော်လည်း သိပ်မှ နားမလည်တာ၊ ဥပဒေတွေကို၊ ဘယ်အဖွဲ့လဲဆိုတော့ ရွက်ဆစ်လို့ဆိုတော့ ဟာတဲ့ သံသယတွေတော့ ပွားကုန်တော့မှာပဲတဲ့ သူကတော့ အဲလိုမှတ်ချက်ချတယ်၊ ပြီးသွားရော ဒီကိစ္စက၊ ဆိုတော့ ဒီဖြစ်စဉ်က ရွက်ဆစ်နဲ့တွေ့ တဲ့ဟာက အရှင်းမရှိဘူး၊ ဥပမာ ခင်ဗျား လူသတ်တယ်ဆိုပါတော့ ကျွန်တော်က စွပ်စွဲမယ်၊ ကျွန်တော် ခင်ဗျားကို သက်သေအများကြီး ပြရမယ်၊ ကျွန်တော့်မှာ သက်သေမရှိဘူး၊ ဒါပေမယ့် ကျွန်တော် ပြောရင်း ပြောရင်း လူတစ်ယောက်ရရင် မဆိုးဘူး၊ အဲဒီမှာ သူက မေးတယ်၊ အဲဒီမှာ ခင်ဗျားပုံတွေ့တယ်တဲ့၊ ပုံနဲ့ပါလာတယ်၊ ဓာတ်ပုံက touching ပေါ့ဗျာ၊ ကွန်ပြူတာနဲ့ လုပ်တာပေါ့၊ ခင်ဗျားတို့ သက်သေရှာပါ၊ သက်သေရှိခဲ့ရင် ကျွန်တော့်ကို ပြန်မမေးနဲ့တော့၊ ကျွန်တော့်ကို လက်မြှောက် သေနတ်ပစ်ပါ၊ တန်းစီခိုင်းပြီးတော့ ပစ်သတ်လိုက်တော့လို့ ကျွန်တော်က စိန်ခေါ်တယ်၊ ကျွန်တော်က တရားရုံးကို မေးတယ်၊ ခင်ဗျားဒီလောက် အာနေတာ သက်သေပြစမ်းပါဆိုတော့ မပြချင်ဘူး၊ မပြချင်ဘဲ သူက နိုင်ငံတော်လျို့ဝှက်ချက်ဆိုတော့ တရားရေးကို ပေးထားတယ်ဆိုတော့ ကျွန်တော်က ပေးစမ်းပါဦး တရားသူကြီး ခင်ဗျားဆီမှာ ရှိတယ်ဆိုတော့ စိန်ခေါ်ရော၊ သူက ဦးခွန်ထွန်းဦးကလည်းဗျာတဲ့ ဒီလောက်သိနေရက်နဲ့ ဟိုဟာဖြစ်နေတာတဲ့၊ ကျွန်တော်တို့လည်း လုပ်ရတာ ခပ်ကြပ်ကြပ်ပဲတဲ့၊ ဟာ ခင်ဗျား ကြပ်တာက ကျွန်တော်ကြပ်တာလောက် အရေးမကြီးဘူးလို့၊ ကြားက လည်ပင်းကြိုးကွင်းစွပ်သွားမှာလို့ ပေးခိုင်းနေတာ၊ မပေးရင်တော့ တစ်နေ့ ကျွန်တော် မီဒီယာမှာ ဖော်ရမှာပဲဆိုတော့ သူဘာမှ မပြောရဲတော့ဘူး၊ ပေးလည်း မပေးနိုင်တော့ ဘူး၊ ရှိလည်း မရှိဘူး၊ အဲဒီတော့ အတိုင်ပင်ခံကောင်စီ ဖွဲ့တယ်ဆိုတာ အဲတာပဲ။

အနာလည်း သိပြီ၊ ဆေးလည်း ရှိပြီ၊ နှစ်ပေါင်းငါးဆယ်လုံး ဘယ်ဟာက ရှေ့သွားနေလဲဆိုတာ သူတို့သိရမှာပေါ၊ သူပြောသလို ဗမာ တစ်ကျပ်၊ ရှမ်းတစ်ကျပ်၊ ရရင်လည်း ဗမာငါးသောင်း၊ ရှမ်းငါး သောင်းဆိုတော့ ဒီတိုင်းပြည်က ဘယ်သူထွက်မလဲဗျာ။
မေး - ဒါနဲ့ပဲ ထောင် ၉၃ နှစ်ကျသွားခဲ့တယ်။ အခုချိန်မှာ ပြန်လွတ်လာခဲ့ပါပြီ၊ ဖြစ်ခဲ့တာတွေကတော့ အတိတ်မှာပေါ့၊  အခု ပစ္စုပ္ပန်ဘက်ကို လှည့်ချင်ပါတယ်၊ ဦးခွန်ထွန်းဦးလည်း ဂျာနယ်တွေက တစ်ဆင့် ဖတ်မိခဲ့မှာပါ၊ ဧရာဝတီမြစ်ဆုံ အရေးနဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဟောပြောပွဲမှာ Eleven Media Group ရဲ့ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောခဲ့ပါတယ်။ သူ့အနေနဲ့ ပြည်ထောင်စုစစ်စစ် မူဝါဒကို ထောက်ခံတဲ့အကြောင်းနဲ့ ဗမာတစ်ကျပ်၊ ကချင် တစ်ကျပ်၊ ရှမ်းတစ်ကျပ် တိုင်းရင်းသားလူမျိုးတွေအကြား ညီမျှစွာ ရစေလို့ ဆန္ဒရှိကြောင်း တရားဝင် ထုတ်ဖော်ခဲ့ပါတယ်။ နောက်မဏ္ဍိုင်သုံးခုနဲ့ အတူရှိနေမယ့် စတုထ္ထ မဏ္ဍိုင်၊ ပဉ္စမ ပြည်သူ့မဏ္ဍိုင်၊ ဒီမဏ္ဍိုင်ငါးပါးနဲ့ ကင်းကင်းရှင်းရှင်း ဆဌမမဏ္ဍိုင် တပ်မတော် ဖြစ်ထွန်းလာပြီး ဒီမိုကရေစီဖြစ်ထွန်းလာရင် ပြည်ထောင်စုစစ်စစ်လည်း ဖြစ်လာလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ပြည်ထောင်စုစစ်စစ် မူဝါဒကို ထောက်ခံတဲ့အပေါ် ဦးခွန်ထွန်းဦးရဲ့ အမြင်က ဘယ်လို ရှိပါသလဲ။ 
ဖြေ - အဲဒီလိုစကားပြောတာ သူတစ်ယောက်ပဲ တွေ့ဖူးတယ်။ ကျွန်တော်လည်း မကြားဖူးဘူး၊ ကချင် တစ်ကျပ်၊ ဗမာ တစ်ကျပ်၊ ရှမ်း တစ်ကျပ်၊ ဗမာ တစ်ကျပ် သိန်းထီပေါက်တဲ့ အခါကျတော့ ဗမာက ကိုးသိန်းကိုး သောင်းကိုးထောင်ကိုးရာကိုးဆယ့် ကိုးကျပ် ယူသွားတယ်။ ငွေတွေ အကုန်ယူသွားတာဗျ။ သူပြောတာ ကျွန်တော်အံ့သြတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒါတွေက very sensitive issue ကိုး၊ ရှင်းရှင်းပြောရရင် ဗမာက ခွဲထွက်တာ မကြိုက်ဘူးတဲ့၊ အင်းပေါ့၊ ခွဲထွက်တယ်၊ မခွဲထွက်ဘူးဆိုတာ ဗမာပြည်ကို ဘယ်သူမှ မပိုင်ပါဘူးလို့၊ အားလုံးပိုင်ပါတယ်၊ ဗမာလည်း ပိုင်ပါတယ်လို့၊ ကျွန်တော်ပြောပြလိုက်သေးတယ်၊ အဲဒီတော့ ဒီလို အခင်းအကျင်းမျိုးမှာ ကျွန်တော်တို့က ဘာမှမဖြစ်ဘဲ ဒီမြေကို ငါတို့ပိုင်တယ်၊ ခွဲထွက်လို့ မရဘူး၊ အဲဒီလိုIQ ၊ mind-set ရှိနေသရွေ့တော့ မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ ဒီဟာတွေဟာ ခွဲမထွက်သွားဘဲနဲ့ ရှင်းရှင်းပြောရရင် ပြည်ထောင်စုကြီးက ခွဲမထွက်သွားဘဲနဲ့ ပြည်ထောင်စုကြီးက ကွဲထွက်သွားမှာ၊ ဘာဖြစ်လို့လဲဆိုရင် one day ဧရာဝတီမြစ်က တရုတ်နဲ့ ကုလားရဲ့ နယ်စပ်မျဉ်းကြောင်း မဖြစ်ဖူးလို့ မပြောနိုင်ဘူး။ အကယ်၍ ကျွန်တော်တို့ မညီခဲ့ရင်။  ဒါကျွန်တော် သားစဉ်မြေးဆက်ကြည့်ပြီး ကျွန်တော်ပြောတာ၊ ဖြစ်မယ်၊ ဖြစ်ချင်လို့ ပြောတာမဟုတ်ဘူး။ ဒီအတိုင်းသွား၊ ဒီဟာက သူပြောသလို၊ အနာလည်း သိပြီ၊ ဆေးလည်း ရှိပြီ၊ နှစ်ပေါင်းငါးဆယ်လုံး ဘယ်ဟာက ရှေ့သွားနေလဲဆိုတာ သူတို့သိရမှာပေါ၊ သူပြောသလို ဗမာ တစ်ကျပ်၊ ရှမ်းတစ်ကျပ်၊ ရရင်လည်း ဗမာငါးသောင်း၊ ရှမ်းငါး သောင်းဆိုတော့ ဒီတိုင်းပြည်က ဘယ်သူထွက်မလဲဗျာ။ နမူနာပြရင်တော့ဗျာ၊ ယိုးဒယားလို ဖြစ်မှာပေါ့။  သူတို့က ဘာ identity ဆိုတာတောင်မှ အုပ်ချုပ်တဲ့ ရှင်ဘုရင်နဲ့ အုပ်ချုပ်တဲ့ အခြေခံဥပဒေနဲ့ အစိုးရက မျှနေတော့ ဘာ identity ဆိုတာ သူတို့ မသိတော့ဘူး။ နိစ္စဓူဝ စားဝတ်နေရေး၊ စီးပွားရေးလုပ်မယ်၊ ကလေးတွေ ကျောင်းသွား၊ ကလေးတွေအတွက် ဘ၀ရှေ့ရေး စဉ်းစားပေးတယ်၊ ဒါပဲ၊ ဒီမှာကျ နိစ္စဓူဝ ဒါပဲ၊ ရှင်းရှင်းပြောရရင် ဗမာစစ်သားလာပြီဆိုရင် အော်ပြေးရတဲ့ ဘ၀မျိုး၊  ကျွန်တော်တိုင်းရင်းသားပါ၊ အခုထက်ထိပဲ၊ ဆိုလိုတာကတော့ ကောင်းမွန်တဲ့ အခြေခံဥပဒေ၊ ကောင်းမွန်တဲ့ အစိုးရရှိခဲ့ရင် ခွဲထွက်ဖို့စကား ဘယ်သူမှမပြောဘူး။ ဘယ်သူမှလည်း မပြောချင်ဘူး။ ခွဲထွက်၊ ခွဲထွက်ဆိုတဲ့စကားက ဦးနေ၀င်းက ပြောတာ၊ ဘယ်သူမှ မပြောဘူး။ အခုလည်း ဒီအစိုးရက အခွင့်အရေးရပြီ။ သူလည်း ရောဂါသိတယ်။ ဆေးလည်း သိတယ်။ ဒါပေမယ့် ဆေးကကြီးပြီး ခါးနေတော့ သူမသောက်ရဲဘူး။ ရှင်းရှင်းပြောရရင် သူတို့ရဲ့ mind-set က ဒီလူတွေကို တိုက်ရင်ရမယ် ဖြစ်နေတာ၊ ကချင်နဲ့ ဖြစ်နေတာကြည့်လေ၊ ကချင် ဘာပြောလဲ ကြည့်လေ၊ ကျွန်တော်တို့ ပြောသလိုပဲ၊ ကျွန်တော်တို့လည်း ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရချင်တာပဲ၊ ဒါကျွန်တော်တို့ရဲ့ မူပဲ၊ ဟိုတုန်းက ကျွန်တော်ပြောခဲ့တယ်၊ အခုလည်း ကျွန်တော်တို့ ဒီအတိုင်းပဲ သွားမှာပဲ။
မေး - တိုင်းရင်းသားအရေးလို့ပြောရင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ရရှိဖို့ပေါ့။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အနေနဲ့လည်း အစိုးရသစ်ကို တာဝန်ယူပြီးချိန်မှာ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုထုတ်ပြန်ခဲ့ပြီး လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆွေးနွေးဖို့ လုပ်လာပါတယ်။ မနေ့တစ်နေ့ဆိုရင် KIO နဲ့ ရွှေလီမှာ ဆွေးနွေးပါတယ်။ ဒီလထဲမှာပဲ KNU နဲ့ ပဏမ သဘောတူညီချက် ရခဲ့တာတွေရှိပါတယ်။ တခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ပဏာမ သဘောတူညီမှုတွေ ရထားပါတယ်။ သမိုင်းကို ပြန်ကြည့်ရင်တော့ တော်လှန်ရေးကောင်စီတက်ခဲ့ပြီး ၁၉၆၃ခုနှစ်မှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးတာတွေရှိပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။ ဒီအတွက်ကြောင့် ဒီနေ့လုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အောင်မြင်ဖို့ဆိုရင် ဘာအချက်တွေက အဓိကကျမလဲလို့ ထင်ပါသလဲ။ 
ဖြေ -  ခုနက ကျွန်တော် ပြောပါတယ်။ အနာသိတယ်၊ ဆေးရှိတယ်။  ကျွန်တော် ပြောပြီးပြီ။ intention က table use talk  ၊ ကြည့်ပါလား၊ NLD ကို ဘယ်လိုလုပ်သလဲ၊ NLD ဘယ်လို ဘ၀ရောက်သွားလဲ၊ ကျွန်တော်တို့တွေ ဘယ်လိုဘ၀ရောက် သွားလဲ၊ ကျွန်တော် တဖွဖွပြောတယ်၊ စကားပြောပါ၊ လုပ်ပါ၊ ပြောနေတာပဲ၊ အဲတာမလုပ်ပဲနဲ့ တဆိတ်ရှိ ဖမ်းထည့်၊ ဖမ်းထည့် အဲလိုဖြစ်သွားခဲ့တာကိုး။ အခုကမှ အချိန်တွေ တော်တော်လွန်လာခါမှ သွားမေးကြည့်ပါ။ ဖယ်ဒရယ်ကောင်စီ၊ UNFC ဖွဲ့ပြီးပြီ၊ သူတို့ရချင်တာ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက်၊ ကိုယ့်ကြမ္မာဖန်တီးပိုင်ခွင့်အတွက် ဒါတွေပဲ ရချင်တာပဲ၊ ဒီထက်လည်း ပိုမရချင်ဘူး။ ဘယ်သူမှ ခွဲထွက်မယ်လို့ မပြောဘူး။ ဒါတွေသွားပြီးတော့ လက်မှတ်ထိုးနေမယ့်အစား မဖြစ်အောင်လုပ်ပါလား။ ခင်ဗျားမှာ အိမ်ထောင်ရှိတယ်ဆိုရင် ခင်ဗျားမိန်းမ၊ ခင်ဗျားကလေးကို မျှမျှတတ ရင်းရင်းနှီးနှီး ရှာကျွေးမယ်ဆိုရင် ခင်ဗျားမိန်းမ၊ ခင်ဗျားကလေး အိမ်ပေါ်က မဆင်းဘူးဗျာ၊ အာမခံရဲပါတယ်။ အခုလည်း သာစေ နာစေ မရှိပဲ အေးအေးဆေးဆေး အုပ်ချုပ် မယ်ဆိုရင် ခွဲထွက်ဖို့စကား ဘယ်သူမှ ပြောဖို့မလိုတော့ဘူး။ လုပ်မယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံက မောင်းဖွင့်ထားရုံနဲ့ ထမင်းစားလို့ရတယ်ဗျ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ ဒီလိုသွား၊ မောင်းထောင်ဖွင့်ရုံနဲ့ ကျွန်တော်တို့ ထမင်းစားလို့ရတယ်။ ရေ တွေ၊ သယံဇာတတွေလည်း ရှိနေတာပဲ၊ ဒီထက်ချမ်းသာတဲ့ တိုင်းပြည်ရှိနေလျက်နဲ့ အာဏာတည်မြဲရေးအတွက် တိုင်းရင်းသားတွေဘက်လှည့်တော့ ဟိုကောင်တွေကျတော့ ၀ိုင်းထားတာဗျ၊ ဒီဘက်နင်းရင် ဟိုဘက်ဖောင်း၊ ဟိုဘက်နင်းရင် ဒီဘက်ဖောင်း ဖြစ်တော့မှာပေါ့။ အဲတာကြောင့် ကျွန်တော်ပြောနေတာ၊ ဒီ quality မရှိသရွေ့၊ harmony မဖြစ်သရွေ့ နောက်ကျွန်တော်တို့ပြည်ဟာ ငြိမ်းချမ်းရေးနဲ့ ဝေးနေမယ်။ အဲတာလေး ကျွန်တော်ပြောချင်တယ်။ ရက်ခြောက်ဆယ်ဖြစ်ဖြစ်၊ ရက်ကိုးဆယ်ဖြစ်ဖြစ် အပစ်အခတ်ရပ်ပြီး ကွန်ဖရင့်ပဲပြောပြော အားလုံးအတူတွေ့ကြပေါ့ဗျာ။ တရုတ်ကြီး မယားငယ် မုန့်ဖိုးပေးသလို ဟိုတစ်ယောက်ပေး၊ ဒီတစ်ယောက် မသိစေနဲ့၊ ဒီတစ်ယောက်ပေး ဟိုတစ်ယောက်မသိစေနဲ့ အဲလိုလုပ်နေမယ့်အစား အကုန်လုံးတွေ့ပြီး စကားပြောပါလား။
မေး - အခုချိန်မှာတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အနေနဲ့ လုပ်ဆောင်ခဲ့တာတွေထဲမှာ ဧရာဝတီမြစ်ဆုံအရေးနဲ့ အခုနိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့ကိစ္စတွေဟာ လူထုထောက်ခံမှု အများဆုံးရထားတဲ့ကိစ္စတွေ ဖြစ်ခဲ့ပါတယ်။ တနည်းအားဖြင့် ပြည်သူလူထုရဲ့ တောင်းဆိုမှုတွေကို လျစ်လျူမရှုပဲ လိုက်လျောခဲ့ပါတယ်။  တစ်ဖက်မှာကလည်း အစိုးရဘက်ကို မေးသည်ဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည်တို့လို့ အတိုက်အခံအုပ်စုတွေကို မေးသည်ဖြစ်စေ သမ္မတကြီး ဦးသိန်းစိန်ကို ယုံကြည်ပေးဖို့ လိုအပ်တယ်လို့ ပြောတာတွေရှိပါတယ်။ ဦးခွန်ထွန်းဦးရဲ့ အမြင်ကရော ဘယ်လိုရှိပါသလဲ။   
ဖြေ -  တိုင်းပြည်ရဲ့ ကံကြမ္မာက ခင်ဗျားလည်း သိပါတယ်ဗျာ။ ခင်ဗျားတို့ ပိုသိပါတယ်။ ကျွန်တော်တို့က အားလုံးအေးအေးချမ်းချမ်းနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး မရသရွေ့တော့ ပြီးလည်း ပြီးမှာမဟုတ်ဘူး။ ဒါကလည်း စကားထပ်နေပြီ။ ရိုးသားရမယ်၊ ဖြူစင်ရမယ်၊ တည်ကြည်ရမယ်၊ ဘာမှတစ်ဦးပေါ်တစ်ဦး ကောက်စရာမလိုဘူး။ အဲလိုသာ သဘောရိုးအတိုင်း လုပ်မယ်ဆိုရင်တော့ များမကြာမီ ငြိမ်းချမ်းရေးက ရမှာပေါ့။ ဒါမှမဟုတ်လို့ ရှိရင်တော့ ဟိုကောင့်ကို တစ်မျိုးပြောလိုက်၊ ဒီကောင့်ကို တစ်မျိုးပြောလိုက်၊ အခုထိ state power က ဘယ်သူ့ဆီမှာ၊ executive power က ဘယ်သူဆီမှာဆိုတာ မသိသေးဘူး၊ ရှေ့ကိုတော့ ကျွန်တော်ကတော့ မြင်တာတော့ ဒီပြေလည်အောင်ဆိုတာ သူ့အထဲမှာပဲ ရှိတော့တယ်။ ဒီဘက်ကတော့ ပြေ လည်ဖို့ပဲ၊ ကျွန်တော်မေးခဲ့ပြီ၊ တွေ့ခဲ့တယ်၊ တောင်ငူထောင်မှာလည်း တွေ့ခဲ့တယ်။ အန်ကယ်ပြန်သွားရင် ပြောပေးပါတဲ့၊ ကျွန်တော်တို့ ကွန်ပြူတာကိုင်ချင်ပြီတဲ့၊ လက်ပ်တော့ ကိုင်ချင်ပြီတဲ့၊ သေနတ် မကိုင်ချင်တော့ဘူးတဲ့၊ ကြည့်လိုက်ရင် ၁၈နှစ် ၁၉နှစ်၊ KNU တွေ၊ တောင်ငူထောင်က နီးတာကိုး အဲဒီနားနဲ့။ သူတို့လည်း စစ်ကို ငြီးငွေ့လာပြီ။
မေး - ဦးခွန်ထွန်းဦးအနေနဲ့ ၁၉၉၃ ညီလာခံကို တက်ခဲ့တယ်။ ကျောခိုင်းခဲ့တယ်။ ၂၀၀၅မှာ ထိမ်းသိမ်းခံရတယ်။ ၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ထွက်ပါတယ်။ ၂၀၁၀ပြည့်နှစ်မှာ ရွေးကောက်ပွဲ ကျင်းပပါတယ်။ SNLDကရွေး ကောက်ပွဲကို မ၀င်ခဲ့ပါဘူး။ အခု ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် အချိန်မှာ ဦးခွန်ထွန်းဦးတို့ ပြန်လွတ်လာခဲ့ပါတယ်။ SNLD ကို မှတ်ပုံတင်မယ်လို့ သိရပါတယ်။ ဒီလိုအချိန်မှာ ဦးခွန်ထွန်းဦးတို့ အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံသလားဆိုတဲ့ မေးခွန်းတွေ ထွက်လာပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘယ်လိုဖြေကြားချင်ပါသလဲ။ 
ဖြေ -  ညီလာခံကို လက်မခံခဲ့ဖူးဆိုပေမယ့် ရေးလိုက်ပါကွာ၊ ပြီးတော့လည်း အိမ်ပြန်ကြတာပေါ့ဆိုတဲ့ ရေလိုက်ငါးလိုက် မနေချင်တော့တာ၊ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့တွေ အားလုံးပြန်တိုက်တာပဲ။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေက အာမခံချက် မရှိလို့ပေါ့။ အဲတာကြောင့် သူတို့ ဟိုချော့ ဒီချော့နဲ့ အဲလိုဖြစ်လာရတာ။ အခုလိုကိစ္စမျိုးကို ဒေါ်အောင်ဆန်းစုကြည်လည်း စဉ်းစားမှာပါ။ ကျွန်တော်လည်း စဉ်းစားပါတယ်။ ဒါပေမယ့် ဒီတိုင်းပြည်ရဲ့ ကံကြမ္မာက တစ်ခုတည်းသော နည်းလမ်းက သူပြောတဲ့ ဥပဒေကနေ ဆက်သွားပြီးတော့  ရေးမှရတော့မယ်။ ဒါပေမယ့် အခုသူရေးတဲ့ဟာကလည်း ခင်ဗျားမြင်တဲ့အတိုင်းပါ။ ၈၄ ရာခိုင်နှုန်းက သူတို့ ကိုင်ထားပြီးသားပါ။ ၈၄ ရာခိုင်နှုန်းက အိပ်ငိုက်နေတယ်၊ ဆွေးလည်း မဆွေးနွေးနိုင်ဘူး။ ဆွေးနွေး ပိုင်ခွင့်လည်း မရှိဘူး။ အခု ဒေါ်စုသွားမယ်ဆိုရင် နည်းနည်းခံသာမယ်။ အလုပ် လုပ်ကူ ကိုင်ဖက်ရမယ်။ အဲဒီ ၁၆ ရာခိုင်နှုန်းအတွက်ပဲ သွားမှာ။ ကျွန်တော်တို့ကတော့ ကြားဖြတ်ရွေးကောက်ကို ၀င်ပြိုင်မှာမဟုတ်ဘူး။ ကြားဖြတ်ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ နယ်အသီးသီးက ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်း တင်သွင်းပြီးမှ ကျွန်တော်တို့ပါတီကို မှတ်ပုံတင်မယ်။ ပါတီကို မှတ်ပုံတင်ထားရုံပဲ။ မျှော်မှန်းထားတာကတော့ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲမှာ ကျွန်တော်တို့တွေ နေရာပိုရလာဖို့ပဲ။ ဒီအတွက်ပဲ ကျွန်တော်တို့လုပ်မယ်။ NLD နဲ့ကတော့ ပါတီချင်း ပူးပေါင်းမယ့်သဘော မရှိပါဘူး။ တိုင်းရင်းသားပါတီတစ်ခုအနေနဲ့ တွဲလုပ်လို့ရတာတွေတော့ လုပ်သွားမှာပါ။ တူတာကို အတူတူ တွဲလုပ်ကြမယ်၊ မတူတာကို ခွဲလုပ်ကြမယ်ဆိုတဲ့ သဘောပဲရှိပါတယ်။ ကျန်တဲ့တိုင်းရင်းသားတွေကိုလည်း ပြောထားပါတယ်။ UNDP လည်း ဟိုတစ်နေ့က ဖွဲ့ထားပြီးပါပြီ။ ၁၄ ယောက် လာသွားတယ်။ သက်ဆိုင်ရာ တိုင်းရင်းသားတွေ ဖွဲ့ကြတော့။  ကွဲတာတွေ နောက်မှပြောတော့။ အခုချိန်မှာတော့ only way out က legal registration  ပဲ။ ဒီလိုလုပ်ထားမှ ၂၀၁၅ ခုနှစ်အတွက် အဆင်သင့်ဖြစ်မယ်။
မေး - ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ၅၇ နေရာနိုင်ထားတဲ့ ကျားဖြူ (ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ)က ဦးခွန်းထွန်းဦးတို့နဲ့ ပူးပေါင်းဖို့ ပြောထားတယ်လို့ သိရတယ်။ အဲတာရော ဟုတ်ပါသလား။ 
ဖြေ -  ဟုတ်တယ်။ တစ်နေ့ကလာ သွားတယ်။ သူက ပြောသွားတာကတော့ အစိုးရချထားတဲ့ မူအတိုင်းပဲ သွားမယ်တဲ့။ ဒီမူကလွဲပြီးတော့ မသွားနိုင်ဘူးတဲ့။ သူကအဲဒီလို ပွင့်ပွင့်လင်းလင်းပြောလိုက်တော့ ကျွန်တော်က ဘယ်လိုလုပ် ပူးပေါင်းနိုင် မှာလဲ။ ကျွန်တော်က SNLD လည်း ရှိသေးတယ်။ နောက်ပြီး ဒါကြီးကို ဒီမူကိုမှ ကျွန်တော်က လက်မခံတာ။ လက်မခံလို့ ညီလာခံက ထွက်တယ်။ ညီလာခံကထွက်လို့ ခုနှစ်နှစ် ကျွန်တော် အဖမ်းခံရပြီးပြီ။ ကျွန်တော် ခုနှစ်နှစ်လုံး ဖမ်းခံရပြီးတဲ့နောက်မှာ ဒီဘ၀ကို ပြန်ရောက်အောင် ကျွန်တော် ဘယ်လိုသွားမလဲဗျာ။ ကျွန်တော်တို့က ကျွန်တော်တို့ တိုင်းရင်းသားတွေအတွက်၊ နောင်လာနောက်သားတွေအတွက် လုပ်နေတာ။ အစိုးရပြောတဲ့ မူအတိုင်း သွားရမယ့်ကိစ္စတော့ ကျွန်တော်မလုပ်ဘူးဗျ။
မေး - နောက်ထပ် အရေးကြီးတဲ့ အကြောင်းအရာတစ်ခုက စီးပွားရေးပြဿနာ ဖြစ်ပါတယ်။ စီးပွားရေး နိမ့်ပါးတဲ့အတွက် ဘက်စုံမှာ ဆုတ်ယုတ်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ပညာရေးကိစ္စတွေ အပါအ၀င် HR ကိစ္စတွေမှာ ပြဿနာတွေ ရင်ဆိုင်လာရပါတယ်။ စီးပွားရေးလို့ ပြောပြီဆိုရင် စီးပွားရေးပိတ်ဆို့မှုကိုလည်း အကြောင်းတစ်ရပ်အနေနဲ့ ထည့်ပြောလာကြပါတယ်။ စီးပွားရေး ဦးမော့လာဖို့နဲ့ စီးပွားရေးပိတ်ဆို့မှုအပေါ် ဘယ်လို ထင်မြင်ယူဆပါသလဲ။ 
ဖြေ -  စီးပွားရေး ပိတ်ဆို့မှုကတော့ မြန်မာနဲ့ပတ်သက်လာရင် အလုပ်ဖြစ်ခဲ့တယ်။ ဒါတွေရှိလာလို့လည်း treaty မရှိဘူး၊ ရှိတယ်တွေ ပြောလာရတာကိုး။ ဒါကျွန်တော်တို့ လွတ်လာလို့ ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့မှာ လည်း ဖြစ်ချင်တော့ ဒီ ခြောက်ဆယ်လုံးလုံး brain drain ကလည်း မနည်းတော့ဘူး။ သူတို့ထွက်လိုက်တဲ့ ပညာရှင်တွေက ဘာမှ qualification မရှိဘူး။ ကျွန်တော်ထင်တယ် ပေးလိုက်လို့၊ ထုတ်လိုက်လို့ လုံးဝ ပေးလိုက်တယ်ဆိုရင် ကျွန်တော်တို့လူတွေက မနည်းထိန်းချုပ်ပြီး ဒါကို ကိုင်တွယ်ရမှာ။ တစ်ခုသော အတိုင်းအတာအထိတော့ စိတ်ချရတာ ရှာရမယ်။ ဒီလိုပဲ ရော့ အင့် ယူဆိုရင်တော့ ကျွန်တော်တို့က အဆင်သင့် မဖြစ်သေးဘူး။ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းလိုက်လို့ ဖြစ်လာမယ့်အခြေအနေတွေအတွက် အဆင် သင့်ဖြစ်ပြီလား။ အဆင်သင့်မဖြစ်ဘဲနဲ့ ဘေးအိတ်တွေထဲဝင်သွားရင် ဘယ်လိုလုပ်မလဲ။ ခြစားမှုတွေက ပျောက်မှ မပျောက်သေးတာ။ တရားသူကြီးတောင်မှ အခုလွှတ်တော်မှာ ပြန်ပြီးတော့ အဆိုတင်သွင်းပြီး အရေးယူမယ့်၊ ဖမ်းချုပ်မယ့် ဥပဒေ ပြဌာန်းရမယ်ဆိုတော့ ဒါ ကောင်းရောလားဗျာ။ ဥပဒေပိုင်တဲ့ တရားသူကြီးတွေမှာတောင် ဒီလိုဖြစ်သွားပြီရင် တရားစီရင်ရေးစနစ်က ဘယ်လိုဖြစ်သွားပြီလဲ။ ငါးများချိတ်ဖြစ်သွားပြီ။
မေး - လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းအပေါ် အတိုချုပ်အနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲ။ 
ဖြေ -  ဒီလိုပဲ သွားရင်းနဲ့ လုပ်သွားရမှာပဲ။ တစ်ယောက်က လျော့ပေး၊ လျော့ပေးရင်းနဲ့ သွားရမှာပဲ။ တစ်ခုတော့ ရှိတယ်၊ တစ်ဖက်က မကျေနပ်လို့ ငါတို့ သိမ်းတယ်ဆိုရင်တော့ မပြောတတ်ဘူးပေါ့။ ဒါပေမယ့် ဒေါ်စု အနေနဲ့ကလည်း ၁၆ ရာခိုင်နှုန်း ကျော် ၀င်တိုးပြီးလုပ်တယ်ဆိုတော့ မဆိုးပါဘူး။ သူ့ဘက်က လိုက်လျောထားပြီပဲဟာ။ အဲတာမှ သူတို့ဘက်က နားလည်မှုမရှိဘဲနဲ့ ဖြစ်မယ်ဆိုရင် တိုင်းပြည်အတွက်တော့ နည်းနည်း ကံဆိုးမယ်ပေါ့ဗျာ။ ဒါကလည်း မုန်းလို့ ပြောတာမဟုတ်ဘူး။ ဒီလူတွေကို မုန်းလို့ပြောတာမဟုတ်ဘူး။ အခုက အဲလိုဖြစ်နေလို့ပါ။ သူတို့က human resources မရှိလို့ အဲလိုဖြစ်တာပါ။ human resources ကောင်းဖို့က qualification ပဲ။ စီးပွားရေးပညာရှင် အများကြီး လိုပါတယ်။ နောက်ပြီးstatus citizen တွေလည်း အများကြီးလိုတယ်။ ဒီမှာ လာဖွင့်ပြီးတော labor မရှိဘူး။ ရှိတဲ့ labor တွေကလည်း အရိုင်းတွေပဲ။ ခေတ်ကိုက ကွန်ပြူတာခေတ် သင်ပေးရဦးမယ်။
မေး - ထောင်ကလွတ်လာပြီးတဲ့နောက်မှာ ဒီမိုကရေစီအပြောင်းအလဲ ဖြစ်ပေါ်နေတာကို လက်ခံတယ်လို့ ပြောခဲ့ပါတယ်။ ထောင်ထဲမှာနေစဉ်ကလည်း ဂျာနယ်တွေကတစ်ဆင့် အပြောင်းအလဲတွေကို စာတွေ့သိရှိခဲ့ပါတယ်။ အပြင်ကို တကယ်ရောက်လာတဲ့အခါမှာ ထောင်ထဲမှာသိခဲ့ရတဲ့ စာသိနဲ့ အပြင်မှာတကယ်တွေ့ရတဲ့ ကိုယ်တွေ့ အပြောင်းအလဲက ဘာများဖြစ်မလဲ။ 
ဖြေ - အဲတာကတော့ ရုပ်ဝတ္ထုပစ္စည်း အမြင်ပေါ့ဗျာ။ ကားတွေ များလာတယ်။ ကားတွေသပ်ရပ်လာတယ်။ နောက်ပြီးတော့ တိုက်တာအဆောက်အအုံတွေ များလာတယ်။ လူတွေ ၀တ်စားဆင်ယင်မှု သပ်ရပ်လာတယ်။ ဒီလောက်ပါပဲ။
ဦးခွန်ထွန်းဦး
မွေးသက္ကရာဇ် - ၁၁၊ ၉၊ ၁၉၄၃။
ပညာအရည်အချင်း - LL.B. (ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိ) တာဝန် - ဥက္ကဋ္ဌ၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis