menu

Thursday 19 January 2012

မှော်ဆန်သော ဘ၀များ

b41_21
ရှမ်းပြည်နယ်မှ ကျောက်စိမ်းများ တူးဖော်ရရှိနိုင်သော နေရာကို ကျောက်စိမ်းမှော်၊ ကချင်ပြည်နယ်မှ ရွှေကျင်ယူရရှိနိုင်သော နေရာကို ရွှေမှော်၊ မကွေးတိုင်းဒေသကြီးမှ ရေနံ တူးဖော်ရရှိနိုင်သော နေရာကို ရေနံ မှော်စသည်ဖြင့် သဘာဝ သယံဇာတပစ္စည်းများ ထွက်ရှိရာ တူးဖော်ထုတ်လုပ်ရာ နေရာများကို မှော်ဟု ခေါ်ဝေါ်လေ့ရှိကြသည်။ သာမန်လူ့ဘ၀တွင် ဖြစ်လေ့ဖြစ်ထမရှိသော အရာများကို ဖန်တီးပြသခြင်းမျိုး၊ ဒေးဗစ် ကော်ပါဖီးကဲ့သို့ လူ့ခန္ဓာကိုယ်အား လွှစက်ဖြင့် စိတ်ပိုင်းပြသခြင်းမျိုးကိုလည်း ပဉ္စလက်မှော်ပညာဟု ခေါ် ဝေါ်ကြပြန်သည်။ ကျွန်တော်ရောက်ရှိခဲ့ဖူးသော မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်းမှ ရေနံမှော် ထဲတွင်တော့ ဆင်းရဲသူမှ ချမ်းသာသူ ဖြစ်သွားအောင် လုပ်ငန်းရှင်ဘ၀မှ အလုပ်သမားဘ၀ ရောက်သွားအောင် ကံကြမ္မာဇာတ်ဆရာမှ ဖန်တီးပြသနေသည့် မှော်ဆန်သော ဘ၀များကို တွေ့မြင်ခဲ့ရသည်။

မကွေးတိုင်းဒေသကြီးအတွင်းတွင် ရေနံချောင်းမြို့အရှေ့ဘက်ရှိ ငရှန်တောင်ရေနံမှော်၊ မင်းဘူးမြို့နယ်အတွင်းရှိ ဟေ၀န်ရေနံမှော်၊ မင်းလှမြို့နယ်အတွင်းရှိ ငနောင်မုန်းရေနံမှော်၊ ဓာတ်ကုန်းရေနံမှော်၊ ဆပ်ပြာရေနံ မှော်၊ ကန်တုတ်ရေနံမှော်စသည်ဖြင့် မှော်များစွာတည်ရှိကြသည်။ ကျွန်တော်ရောက်ရှိသွားခဲ့သော ငနောင် မုန်းမှော်မှာ မလွန်မြို့အနီးပန်းတော် ပြင်ချောင်းတံတားမှအနောက်ဘက် တောအတွင်းသို့ မိုင်(၃၀)ကျော်ဝင်ရ ပြီး မင်းလှ-သရက်ကား လမ်းမှတစ်ဆင့်ရွာသစ်၊ စစ္စနို့၊ လယ်လှ၊ ဒီးဒုတ်ကန်၊ ရေနံစသောရွာများကို ဖြတ်သန်းသွားရသည်။ မလွန်မြို့ အနောက်ဘက်ရှိ ကင်းတောင်တန်းမှစ၍ တောင်ဆင်းတောင်တက် လမ်းများဖြင့် သွားရပြီး အနောက်ရိုးမ၏ အရှေ့ဖျားဆုံး တောင်စွယ်များဖြစ်သော ကသောင်း တောင်၊ ကျောက်ဝပ်တောင်များ၏ အခြေ ပုသိမ်-မုံရွာကားလမ်း၏အရှေ့ ဘက်(၁၀)မိုင်ခန့်နီးသည်အထိ သွားရသည်။ ထိုင်နောင်မုန်းမှော်၏ အရှေ့ ဘက် ၃ မိုင်ခန့်အကွာတွင် အင်္ဂလိပ် ခေတ်ကပင် ရေနံတူးဖော်ခဲ့သော အစိုးရပိုင် ရေနံမရေနံမြေ တည်ရှိသည်။ ဘူမိဗေဒဖြင့် ကျောင်းပြီး၍သူကိုယ်တိုင် ရေနံတူး လုပ်ငန်းလုပ်ကိုင်ဖူးသော သူငယ်ချင်းတစ်ယောက်က ထိုင်နောင် မုန်းမှော်နှင့် ဆက်စပ်မှော်များမှာ ပျော်ဘွယ်ရေနံကြော ပေါ်တွင် တည်ရှိနေသည့် အပေါ်ယံသက်နု ရေနံကြောများဖြစ်ကြောင်း ပြောပြဖူးသည်။ အင်္ဂလိပ်လက်ထက်က မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကြောများကို ရှာဖွေ၍ အမည်ပေးရာတွင် တွေ့ရှိရာ ဒေသအနီး ကျေးရွာများ၏အမည်ကို ပေးခဲ့ကြပြီး ယခုငနောင်မုန်းမှော် တည်ရှိရာ ရေနံကြောမှာ မင်းဘူးမြို့နယ် ပျော်ဘွယ်ကျေးရွာအနီး တွေ့ရှိခဲ့သောကြောင့် ပျော်ဘွယ်ကြောဟု ခေါ်ဝေါ်ခဲ့ကြောင်း ထိုအကြောနှင့်ဆက်စပ် အဖြစ် ရွှေစက်တော် ပင်မရေနံကြောလည်း တည်ရှိကြောင်း ရှင်းပြခဲ့သည်။
ထိုငနောင်မုန်းမှော်နှင့်ဆက်စပ် မှော်များတွင် မှော်နှင့်နီးစပ်ရာမြို့၊ ရွာများမှသာမက မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့ပေါ်၊ ကျေးရွာများစွာမှ လူများစွာက ဘ၀မျိုးစုံကိုလာရောက် ပုံဖော်လျက်ရှိကြသည်။ “အဲဒီမှော်နဲ့ ဆက်စပ်မှော်တွေရဲ့အကျယ်က မင်းဘူးတစ်မြို့ စာလောက်မကဘူးဗျ”ဟု ဒေသခံတစ်ဦးကပြောပြသည်။ မှော်ထဲသို့ လာရောက်ကြသူများမှာ ငွေကြေး တတ်နိုင်သူများက တွင်းတူးစက်ဝယ်၊ မြေနေရာဝယ်၍ ရေနံတူးရန်၊ ရေနံနှင့် အခြား စားသောက်ကုန် ၀ယ်ရောင်း ပြုလုပ်ရန်စသည့် ရည်ရွယ်ချက်များဖြင့် လာရောက်လေ့ ရှိကြပြီး ငွေကြေး မတတ်နိုင်သူများက ရေနံတွင်းတူးသမား (ကျင်းထောင်းသူ)အဖြစ် လုပ်ကိုင်ရန်၊ အောက်ခြေသိမ်း အလုပ်မှန်သမျှ လုပ်ကိုင်ရန် စသည်ဖြင့်လာရောက် လေ့ရှိကြသည်။/
ထိုမှော်များတွင် အစိုးရ သတ်မှတ်ပေးသော မြေကွက်နေရာများကို ကန်ထရိုက် ရယူထားသူထံမှ ပြန်လည် ၀ယ်ယူလုပ်ကိုင်ကြရပြီး ရေနံထွက်ရှိ လာပါကလည်း အစိုးရမှ သတ်မှတ်ထား သော ဈေးနှုန်းဖြင့်ထို ကန်ထရိုက်ရယူထားသူ (မှော်သူကြီး)ထံသို့သာ ရောင်းချကြရသည်။ ထိုမှော်များသို့ ယခင်က တရုတ်နိုင်ငံ၊ ဖက်စပ်ကုမ္ပဏီများမှ လာရောက် စမ်းသပ် လုပ်ကိုင်ခဲ့ဖူးသော်လည်း ရေရှည်ရင်းနှီးမြှုပ်နှံမှု အတွက် ထိုမှော်များမှ ထွက်ရှိမည့် ရေနံပမာဏ မမျှတသောကြောင့် ပြန်လည် ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
မှော်ထဲသို့ ငွေကြေးအားကိုး၍ ၀င်ရောက်လာသူဖြစ်စေ၊ လုပ်အားကို ရောင်းစားရန် လာရောက်သူဖြစ်စေ သောက်ရေ၊ ချိုးရေ အခက်အခဲများ၊ ဆေးဝါးကုသရန် မလွယ်ကူမှုများ၊ ဖြစ်သလို နေထိုင်စားသောက် ရသော အခြေအနေများမှာ မှော်မှပြဋ္ဌာန်းထားသော အားလုံးတစ်ပြေးညီ လိုက်နာရမည့် အခြေခံအချက်များ ဖြစ်သည်။ ထိုအခြေခံ အချက်များပေါ်မှ ရေနံပေါက်၍ ငွေကြေးပြေလည်သူ၊ ရောင်းဝယ် ဖောက်ကားတတ်၍ ငွေကြေးချောင်လည်သူတို့မှာ ငွေတွင်းကြီးကို ဖင်ခွ ထိုင်ထားသူများပမာ သုံးနိုင်ဖြုန်းနိုင် ၍ပျော်ရွှင်နိုင်သူများ ဖြစ်သွားကြသည်။ ထိုသို့မဟုတ်ပါဘဲ မှန်းချက်နှင့် နှမ်းထွက်မကိုက်၍ တွင်းမပေါက်သူ၊ လောဘ မသတ်နိုင်သောကြောင့် အမြတ်မမြင်ရဘဲ အရင်းပါ ပျောက်ကွယ်သွားရသူ များမှာ ပါလာသော ရွှေတိုရွှေစမှအစ တွင်းတူးစက်နှင့် ကြိုးခွေကိုပါ ရောင်းစားရသူများ ဖြစ်သွားတတ်ကြသည်။
ထိုဖြစ်စဉ်များကိုကြည့်၍ မှော်ထဲတွင် ရုန်းကန်လှုပ်ရှားရသူများမှာ ကံကြမ္မာဇာတ်ဆရာမှ လိုသလို လှည့် ကစားခံရသူများဟု ထင်မှတ်ရသော်လည်း  မည်သည့် မြေလွှာအမျိုးအစား နှင့် ကျောက်သားများ ကာဆီးထားမှန်း မသိရသောနေရာတွင် မည်သည့်သိပ္ပံ နည်းကျ အကူကိရိယာမှမပါဘဲ မည်သည့် ပညာရှင်၏ ရှာဖွေတွက်ချက်မှုမှမရှိဘဲ တရုတ်နီအင်ဂျင်သံက တဒိုင်းဒိုင်း၊ သံပိုက်လုံးသံ တညံညံဖြင့် ကမ္ဘာ့မြေ လွှာထု၏အောက်ပေပေါင်း (၇၀၀)ကျော် (၈၀၀)အထိ ထိုးဖောက်၍ ရေနံကြောကို ရှာဖွေနေသူများ ကိုယ်တိုင်က မှော်ဝင်သည် ပဉ္စလက်ပညာရှင်များ ဆန်ဆန် ဖြစ်နေကြပြန်သည်။
“မှော်ထဲမှာတော့ရေနံကို “ရနံ”လို့ လည်း ခေါ်ကြတယ်ဗျ၊ တွင်းတူးလို့ ရေနံလေးပေါက်ပြီဆိုရင်တော့ လက်ထဲမှာ ငွေနံ့လေးနံပြီး အူစိုအောင် စားရပေမယ့် လောဘနဲ့နောက်ထပ် ကျင်းတွေ အတွက် ရင်းနှီးလိုက်တော့ ရှိသမျှ ကုန်သွားတတ်ပြန်တယ်လေ”ဟု ရေနံတွင်း အငှားတူး၍ မှော်များစွာသို့ ရောက်ရှိခဲ့ဖူးသူတစ်ဦးက ပြောပြသည်။ တစ်ခါရ ရမှန်း သိသိဆိုသကဲ့သို့ ရေနံတွင်း တစ်တွင်းတည်းမှ တစ်နေ့လျှင် ပေပါငါး လုံးခန့်အထိ ပေါက်ဖူးသူကလည်း နောက်ထပ်တွင်းများ ဖောက်ဖို့ဝန်လေးလေ့မရှိဘဲ ထိုသူကိုကြည့်၍အားကျ မိသူများကလည်း ရေနံတူးရန် လက်တွန့်လေ့မရှိကြသည်မှာ လောကီသား တို့၏ မွေးရာပါ လောဘဗီဇတစ်ခု ပမာ၊၊ ရေနံတွင်းတစ်တွင်းတူးရန် အတွက် ပင်မရင်းနှီးမြှုပ်နှံမှု ကျပ် (၁၅)သိန်း ၀န်းကျင်နှင့် တွင်းတူးသော လုပ်သားခ၊မြေနေရာဖိုး၊ စက်သုံးဆီဖိုး အပါကျပ်သိန်း(၂၀)၀န်းကျင် အရင်း အနှီးရှိကြောင်း သိရသည်။
ထိုရေနံကြောများမှာ ပင်မရေနံ ကြောကြီးများ၏ အပေါ်ယံ သက်နုကြောများ ဖြစ်ကြရာ ရေနံပေါက်သည့် တိုင်ကြာရှည်ခပ်ယူ ရလေ့မရှိဘဲ ရေနံတွင်းတစ်တွင်း ပေါက်သည်နှင့် ထိုတွင်း၏ အနီးတစ်ဝိုက်သို့ဝိုင်း၍ တူးဖော်လေ့ ရှိကြသောကြောင့်လည်း ရေနံတွေ့သည့်တိုင် အ၀န်းမြန်လေ့ရှိသည်။ ထိုငနောင်မုန်းမှော်တွင် ရေနံတွင်းတူး၍ ပြန်လာသော မကွေးမြို့ခံတစ်ဦးက “ပေါက်တော့ပေါက်တယ်၊ ပေါက်ရှုံးကြီး ဆိုတာကို ကြုံခဲ့ဖူးပြီဗျ”ဟု ပြောပြသည်။ အနီးဆုံးမြို့နှင့်မှ မိုင် ၃၀ ကျော် ခရီးကို တောင်ဆင်းတောင်တက်လမ်းဖြင့် သွားရသော မှော်ထဲတွင် ရေသန့်၊ အာလူးကြော်၊ ကွမ်းယာမှအစ ထမင်း၊ ဟင်းနှင့်လုပ်သားခအထိ ကာလပေါက်ဈေး၏ နှစ်ဆခန့် ရှိတတ်ကြသည်။ ထိုစရိတ်စကများကို ရေနံတူးသူတိုင်းက အဓိကထားမတွက်ကြဘဲ ကျင်းပေါက်လျှင် ရလာမည့် ရေနံကိုသာ မြင်ယောင်နေကြခြင်းကလည်း ကံကြမ္မာ ဇာတ်ဆရာ၏ ၀ှက်ဖဲတစ်ချပ်သာ ဖြစ်ပါလိမ့်မည်။
“ကျွန်တော်မှော်ထဲ မလိုက်ရဲတော့တာက သေဖို့ဘေးက သီသီလေးလွတ်လာလို့ပဲ၊ အဲဒီအချိန်က မိုးတွင်းကြီး ၀မ်းရောဂါတွေ ဖြစ်ကြတယ်လေ၊ မှော်ထဲ ဆိုတော့ သိတဲ့အတိုင်းပေါ့၊ ငွေမရှိရင် စမ်းရေ၊ ကန်ရေပဲ သောက်ကြရတာ၊ ရေချိုးတော့လည်း အဲဒီကန်တွေ၊ စမ်း ချောင်းတွေမှာပဲ ချိုးရတာကိုး၊ အဲဒီ အချိန်ကအဖြစ်က အတော်ဆိုးပါတယ်ဗျာ၊ ဂလူးကို့စ်လို ပုလင်းကြီးချိတ်ဖို့ မပြောနဲ့၊ ဓာတ်ဆားထုပ်တောင် ၀ယ်မရတော့အောင် ဖြစ်ခဲ့တာ၊ ပြောလို့သာ ပြောတာပါ တစ်နေ့စားဖို့ တစ်နေ့လုပ်နေသူတွေက နေမကောင်းဖြစ်တာနဲ့ နောက်တစ်နေ့စာ ဝေးတော့တာပဲကိုး၊ ၀မ်းရောဂါက ချက်ချင်းပျံ့တော့ သေကုန်ကြတာ မနည်းမနောပေါ့၊ နောက်တော့ ကျင်းတောင် တူးမမြှုပ်နိုင်ဘဲ ညဘက်မှ တောထဲသွားပစ်ကြရတဲ့အထိ ဆိုးတာ၊အဲဒီမှာ ကျွန်တော့် ဗိုက်ကရစ် ရစ်နာလာပြီး ၀မ်းနှစ်ခါလောက်သွားတာနဲ့ ဘာပစ္စည်းမှ မသယ်တော့ဘဲ ရွာကို အရောက်ပြန်ခဲ့ရတာ၊ မှော်ထဲမှာက ကျန်းမာရေးအတွက်ရော၊ လုံခြုံရေး အတွက်ပါ ကိုယ့်ကိုယ်ကိုယ် အချိန်ပြည့် သတိထားနေနိုင်မှ တန်ကာကျတာလေ” ဟု ရေနံမကျေးရွာသားတစ်ဦးက သူ၏အတွေ့အကြုံကို ပြောပြသည်။
မှော်ထဲတွင် ထိုသို့အသက်ဘေး မှ လက်မတင်လေး ပြေးလာရသူရှိသ ကဲ့သို့ တစ်တွင်းပေါက်သည်နှင့် ရသ လောက်ခပ်၍ တစ်ချီကောင်းပိုက်ပြန်လာပြီး မြို့ပေါ်တွင် တိုက်နှင့်ဆိုင်ကယ် နှင့်နေနိုင်သူအချို့လည်း ရှိသည်။ ထို အချို့ဆိုသော အရေအတွက်မှာလည်း ညပိုင်းတွင် LED မီးစိုင်းလေးများ အိမ်တိုင်းစေ့ ထွန်းထားသော မြို့ကြီးတစ်မြို့ကဲ့သို့ ကျယ်ဝန်းသော မှော်မြင်ကွင်းထဲမှ နေ့မအား၊ ညမနားရေနံတူး နေသူ ထောင်သောင်း အရေအတွက် ၏ ဆယ်ဂဏန်းမျှသာ ဖြစ်သည်။
“မှော်ထဲမှာ တကယ်ချမ်းသာ သွားတာကတော့ ၀ယ်ရောင်းလုပ်တဲ့လူ၊ မှော်ဖြစ်သွားတဲ့နေရာက ယာပိုင် ရှင်တွေနဲ့ စက်ပစ္စည်း ရောင်းသူတွေပါပဲ”ဟု ဒေသခံတစ်ဦးက ပြောပြ သည်။ ရေနံထွက်သော နေရာ၏ယာ ပိုင်ရှင်များမှာ ၅-ပေပတ်လည်ခန့် အကျယ်အ၀န်းကို ရေနံတစ်တွင်းစာ သတ်မှတ်၍ ရောင်းချလေ့ရှိကြပြီးမြေ နေရာဝယ်၍ မတူးနိုင်သူများက ယာပိုင်ရှင်၏ မြေနေရာမှ ရေနံပေါက် လျှင် ငါးဖို့တစ်ဖို့မြေပိုင်ရှင်ကို ပေးသောစနစ်ဖြင့် တူးလေ့ရှိကြသည်။ သို့သော် ထိုယာပိုင်ရှင်တွေပဲ ချမ်းသာ ကုန်ကြခြင်း၏ နောက်ကွယ်တွင်သီးနှံ စိုက်ပျိုးထားသော ယာမြေများအပေါ် ရေနံတွင်းပေါက်များ၊ ရေနံစိမ်းနှင့် စက်ဆီအစွန်းကွက်များ ဗရပွဖြစ်ကျန် ခဲ့ခြင်းများ၊ မိလ္လာကျင်းတစ်ကျင်းတူး ဖို့ထက် ရေနံတွင်းတစ်တွင်း ဖောက်ဖို့ ကိုသာ အာရုံကျခဲ့သူများ၏ အကျိုးဆက်များကတော့ ကျန်ရှိနေခဲ့ဦးမည်သာ။
ထိုရေနံမှော်များသို့ ရောက်ဖူးခဲ့သောအခါ ဆင်းရဲသူမှချမ်းသာသူ ဖြစ်သွားရသည်များ၊ လုပ်ငန်းရှင်မှ လုပ်သားဘ၀ ရောက်သွားရသူများကို မြင်တွေ့ခဲ့ရသည့်အပြင် ယခင်ကထွန်သွား နှင့်ထယ်တုံးတို့ကို ထုဆစ်ခဲ့သောယာ လုပ်သားများက ရေနံကျင်းတူးသော မောင်းဆုံကို စဉ်းစားနေသည့်မှော် လုပ်သားများ အသွင်ပြောင်းသွားသည် ကိုမြင်တွေ့ခဲ့ရပြီး ယခင်ကကျွဲနွားတို့ ကိုမောင်းနှင်၍ စိုက်ပျိုးရေးလုပ်ခဲ့သော တောင်သူများက တရုတ်နီအင်ဂျင်ကို ခုတ်မောင်း၍ ရေနံကျင်းထောင်းနေသော ရေနံသမားများဖြစ်သွားသည် ကိုလည်း မြင်တွေ့ခဲ့ရပြန်သည်။ထိုသို့ ပြောင်းလဲဖြစ်တည်ခဲ့ရခြင်းများမှာ လူ့ဘ၀၏ မှော်ဆန်သော ကံကြမ္မာကြောင့်လား၊ မှော်လောကသားတို့၏ ဘ၀ကပင်မှော်ဆန်နေကြပြီလား...။ မှော်ထဲတွင် ကျင်လည်လှုပ်ရှား နေရသူများ၏ လောဘမှော်ကြောင့်လား...။
ကဗျာဆရာ မောင်ချောနွယ်က သူ၏နာမည်ကြီး “ဆတ်သွား”ကဗျာထဲ တွင် “မှော်သားပြည့်သိပ်လေတွေ သူ့ အဆုပ်ကြီးထဲ ရှူသွင်းပစ်လိုက်တဲ့ ဒီမြင့်ချီ၊နိမ့်ချီ မြင်ကွင်းထဲ.....”ဟု ဖွဲ့ဆို ခဲ့သည်။ ရေနံမှော်ထဲတွင် ကျွန်တော် မြင်တွေ့ခဲ့ရသော လူသားတို့၏ မြင့်ချီ၊ နိမ့်ချီဖြစ်တည်မှု များကတော့ လောဘဇော၊ သောကအမောတို့ဖြင့် သွယ်ယှက် ထားသည့် မှော်သားပြည့် သိပ်ဘ၀များ ပမာ တည်ရှိနေကြပါသည်။
By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis