menu

Wednesday 5 February 2014

အရှင်ဂမ္ဘီရ ညီမတော်စပ်သူ Unity ဂျာနယ် သတင်းထောက်၏ဇနီိး ခံဝန်ဖြင့် ပြန်လွှတ်


ရန်ကုန်၊ ဖေဖော်ဝါရီ ၎

လျှို့ဝှက် ဓာတုလက်နက်စက်ရုံသတင်း ရေးသားမှုဖြင့် ဖမ်းဆီးခံထားရသည့် Unity ဂျာနယ် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် သတင်းထောက်၏ ဇနီးဖြစ်သူ (အရှင်ဂမ္ဘီရခေါ် ဦးညီညီလွင်၏ ညီမ) ကို ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ခံဝန်ဖြင့် ပြန်လည် လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

အဆိုပါ သတင်းရေးသားမှုဖြင့် ဖမ်းဆီးခံထားရသည့် ပေါက်မြို့ခံ သတင်းထောက်ဖြစ်သူ ဦးလူမော်နိုင်ကို စစ်ဆေးရာတွင် ၎င်း၏ဇနီး ဒေါ်လွင်လွင်မြင့်လည်း ပါဝင် ပတ်သက်နေသည့် အထောက်အထား တွေ့ရှိရသဖြင့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ သို့သော်လည်း အဆိုပါ အမျိုးသမီးနှင့်အတူ သမီးငယ်ပါ ပါရှိနေ၍ ခံဝန်ဖြင့် ပြန်လွှတ် ပေးလိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘ဗိုလ်ချုပ်မှူးကြီးဟောင်း၊ လက်ရှိ ကာ/ချုပ်နှင့် တရုတ်ပညာရှင်တို့၏ ပေါက်မြို့နယ်ရှိ လျှို့ဝှက် ဓာတုစက်ရုံ’ အမည်ရ သတင်းဆောင်းပါးကို ဖော်ပြခဲ့မှုဖြင့် မြန်မာနိုင်ငံ လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် တရားစွဲဆိုခံရပြီး အင်းစိန် အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည့် Unity ဂျာနယ်မှ အမှုဆောင် အရာရှိချုပ်နှင့် သတင်းထောက် သုံးဦးကို ဖမ်းဆီးခံရပြီး သုံးရက်ခန့်အကြာ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မိသားစုများ တွေ့ဆုံခွင့်ရကြောင်း အဆိုပါ မိသားစုဝင်များထံမှ သိရှိရသည်။


ပေါက်မြို့နယ်တွင် ဖမ်းဆီးခံရသည့် နယ်ခံ သတင်းထောက် ဦးလူမော်နိုင်ကိုမှု မိသားစုဝင်များက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် တွေ့ခွင့်ရကြောင်း ၎င်း၏ အစ်ကိုဖြစ်သူ ဦးအောင်ကျော်ကျော်က ဆိုသည်။

ဦးလူမော်နိုင်ကို သွားရောက် တွေ့ဆုံရသည့် ဖေဖော်ဝါရီ ၃ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်မှ စတင်ကာ ၎င်း၏ဇနီး ဒေါ်လွင်လွင်မြင့်နှင့် သမီးငယ်၊ ဦးလူမော်နိုင် တည်ထောင်ထားသည့် အလှသစ္စာ အခမဲ့ ပညာရေးဂေဟာမှ ဆရာတစ်ဦးနှင့် ဆရာမတစ်ဦးမှာ အဆက်အသွယ် မရရှိတော့ကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဆရာနှင့် ဆရာမတို့မှာ ပြန်လွတ်လာကြောင်း ဦးအောင်ကျော်ကျော်က ထပ်မံ ပြောကြားသည်။
“ပေါက်မြို့က ရဲတွေနဲ့ ပခုက္ကူက သတင်းတပ်ဖွဲ့တွေ၊ လူကြီးတွေ (ရပ်ကွက် အုပ်ချုပ်ရေးမှူး) အိမ်လည်း ဝင်မွှေသွားသေးတယ်။ လက်တော့ပ်တစ်လုံး ယူသွားတယ်” ဟု ဦးအောင်ကျော်ကျော်က ရှင်းပြသည်။

အမှုဆောင် အရာရှိချုပ် ဦးတင်ဆန်းနှင့် သတင်းထောက် သုံးဦးကို ဇန်နဝါရီ ၃ ရက်နေ့ည ၉ နာရီခန့်တွင် မြန်မာနိုင်ငံ လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် တရားစွဲဆိုထားပြီ ဖြစ်သဖြင့် ရှေ့နေ ငှားရမ်းနိုင်သည်၊ ထောင်ဝင်စာ လာတွေ့နိုင်သည်ဟု ရဲတပ်ဖွဲ့က အကြောင်းကြားကြောင်း ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် သွားရောက် တွေ့ဆုံခဲ့သည့် ဦးတင့်ဆန်း၏ တူတော်စပ်သူ ဦးအောင်ဝင်းထွန်းက ပြောကြားသည်။
“ရှေ့နေ မငှားရသေးဘူး။ ဥပဒေ ဘောင်အတွင်းက အကောင်းဆုံး လုပ်သွားမယ်” ဟု ၎င်းက ဆိုသည်။

လျှို့ဝှက် ဓာတုစက်ရုံသတင်း ရေးသားမှုဖြင့် ဖမ်းဆီးခံရသူများကို အမှုဖွင့်ပြီးမှသာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းများတွင် အမှုဖွင့်ခဲ့ကြောင်း ဦးရဲထွဋ်က ပြောကြားသည်။
“ဖမ်းပြီးမှ အမှုဖွင့်တာ မဟုတ်ဘူး။ တိုင်တာ ၃၀ ရက်နေ့မှာ တိုင်တယ်။ အဲဒီအမှုဟာ ရဲအရေးပိုင်တဲ့ အမှုဖြစ်တဲ့အတွက် တရားရုံး ခွင့်ပြုချက်ယူစရာ မလိုဘူး” ဟု ၎င်းကဆိုသည်။

ခေါ်ယူ စစ်ဆေးသူများကို ဥပဒေအရ ၂၄ နာရီထက် ဖမ်းဆီးထားခွင့် မရှိသဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တရားရုံးတွင် ရမန်ယူခဲ့ကြောင်း ဦးရဲထွဋ်က ပြောဆိုသည်။

သတင်းဖော်ပြမှုကြောင့် ဥပဒေအရ အရေးယူမည်ဆိုလျှင် အဆိုပါ ဂျာနယ်၏ အယ်ဒီတာချုပ်ကို ဦးစွာ အကြောင်းကြား ဖြေရှင်းသင့်ပြီး အယ်ဒီတာချုပ်က မဖြေရှင်းနိုင်မှသာ ရေးသားသူ သတင်းထောက် များကို သက်ဆိုင်ရာ တရားရုံး၏ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူသင့်ကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း (MJA)၊ မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ (MJU)၊ မြန်မာနိုင်ငံ ဂျာနယ်လစ်များ ကွန်ရက် (MJN)၊ Pen Myanmar တို့က ဖေဖော်ဝါရီလ ၃ ရက်က ပူးတွဲထုတ်ပြန်သည့် ကြေညာချက် တွင် ဖော်ပြသည်။

မည်သည့် ဥပဒေပုဒ်မမှ မတပ်သေးခင် ဖမ်းဆီးခြင်း၊ အမှုပုဒ်မ တပ်ဆင်ခြင်း၊ အမှုဆောင် အရာရှိချုပ်ကိုလည်း မည်သည့် ပုဒ်မမျှမတပ်ဘဲ ခေါ်ယူကာ ၂၄ နာရီအထက် ကျော်လွန် ချုပ်နှောင်ခြင်းများသည် ယခင် စစ်အစိုးရလက်ထက် လုပ်နည်းအတိုင်း လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိခဲ့သည်။

သတင်းမီဒီယာများ ရေးသား၊ ဖော်ပြ၊ ထုတ်လွှင့်ခဲ့သော အကြောင်းအရာများနှင့် ပတ်သက်၍ ကျင့်ဝတ် အပါအဝင် မပြေလည်မှု၊ အငြင်းပွားမှုနှင့် ပြဿနာများ ဖြစ်လျှင် နှစ်ဖက် ကာယကံရှင်များ အနေနှင့် ကောင်စီသို့ တင်ပြကာ ကောင်စီ၏ကြား ဝင်ညှိနှိုင်း ဖြေရှင်းမှုကို ရယူရန် မေတ္တာရပ်ခံ ထားပြီးသော်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က Unity ဂျာနယ်မှ အမှုဆောင် အရာရှိချုပ်နှင့် သတင်းထောက်များကို ဂျာနယ်တိုက်သို့ သွားရောက် ဖမ်းဆီး ခေါ်ဆောင် သွားခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ဇန်နဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ ဖြစ်စဉ်များသည် သတင်းလွတ်လပ်ခွင့်ကို အကာအကွယ်ပေးပြီး စာနယ်ဇင်း ကျင့်ဝတ်ကို ထိန်းသိမ်း မြှင့်တင်ပေးသည့် သတင်းမီဒီယာ ဥပဒေတစ်ရပ် မရှိသေးသဖြင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis