menu

Wednesday 5 February 2014

Unity စာစောင်ပါ လျှို့ဝှက်ဓာတုလက်နက် စက်ရုံဆောင်းပါးကိစ္စနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ


ဇန်နဝါရီ ၂၅ ရက်ထုတ် Unity စာစောင် အတွဲ (၃)၊ အမှတ် (၄) တွင် အမှတ် (၂၄) ကာကွယ်ရေးပစ္စည်း စက်ရုံအား လျှို့ဝှက်ဓာတုလက်နက် စက်ရုံခေါင်းစဉ်ဖြင့် ဓာတ်ပုံမှတ်တမ်း နှင့်တစ်ကွ ဖော်ပြထုတ်ဝေခဲ့ သည်ကို တွေ့ရှိရပြီး ယင်းဖော်ပြထုတ်ဝေချက်သည် နိုင်ငံတော်၏ လျှို့ဝှက်ချက်များကို ပေါက်ကြားစေခြင်း၊ စက်ရုံ၏ တားမြစ်နယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ချဉ်းကပ်ခြင်း၊ ကြည့်ရှုစစ်ဆေးခြင်း၊ ကျော်ဖြတ်ခြင်း၊ ဝင်ရောက်ခြင်း၊ ဓာတ်ပုံရိုက်ယူခြင်း၊ အားပေးကူညီခြင်းတို့ကြောင့် သတင်းရေးသားပေးပို့သူနှင့် ဂျာနယ်တိုက်တာဝန်ရှိသူအား စုံစမ်းအရေးယူပေးရန် ဇန်နဝါရီ ၃၀ ရက်တွင် သက်ဆိုင်ရာဌာန က ပေါက်မြို့မ ရဲစခန်းသို့ တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် (ပ) ၈/၂၀၁၄ မြန်မာနိုင်ငံလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃ (၁)(က) /၉ဖြင့် အမှုဖွင့်ဆောင်ရွက် ခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်တွင် ယင်းဥပဒေပုဒ်မ ၃ (၁)(က) /၉ဖြင့် အရေးယူဆောင်ရွက်နိုင် ရန် Unity ဂျာနယ်မှ ဦးတင်ဆန်းပါ ၅ ဦး အား ခေါ်ယူစစ်ဆေးမေးမြန်းခဲ့သည်။

၎င်းအမှုနှင့် ပတ်သက်၍ ပထမသတင်းပေးတိုင်ချက်ရေး ဖွင့်ခြင်းသည် မြန်မာနိုင်ငံ လျို့ဝှက်အက်ဥပဒေ ပုဒ်မ ၁၂ အရ ရဲအရေးပိုင်မှုဖြစ်ကြောင်း ပြဌာန်းထားသဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၅၄ နှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၆၁ နှင့်အညီ အမှုစစ်အရာရှိက သက်သေများအား စစ်ဆေးကာ ပြစ်မှုဆိုင်ရာ ဥပဒေကျင့်ထုံး ဥပဒေပုဒ်မ ၅၄ အရ ပြစ်မှုတွင် စပ်ဆိုင်ပါဝင်ကြောင်း မသင်္ကာဖွယ်ရာဖြစ်သူ Unity ဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းပါ ၅ ဦးအား ဖေဖော်ဝါရီ ၁ ရက် တွင် ခေါ်ယူထိန်းသိမ်း စစ်မေးခဲခြင်းဖြစ်သည်။



ထိန်းသိမ်းထားသူများမှာ ပေါက်မြို့နေ ဦးလူမော်နိုင် (ခ) လင်းကျော်ဦး(ခ) လူမော်၊ ၂၄ နှစ်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နေ ဦးတင်ဆန်း ၅၂ နှစ်၊ ဖျာပုံမြို့နေ ဦးစည်သူစိုး ၂၂ နှစ်၊ လှိုင်သာယာမြို့နယ်နေ ဦးသဲရာဇာဦး(ခ) ရာဇာဦး(ခ) ကိုသဲ ၂၈ နှစ်နှင့် မြောက်ဥက္ကလာပမြို့နယ် နေ ဦးအောင်သူရ (ခ) ပိုင်သက်ကျော် ၂၅ နှစ်တို့ဖြစ်ကြောင်း သိရှိရသည်။

ယင်းသို့ဖမ်းဆီးရာတွင် ၂၄ နာရီထက် ကျော်လွန်ချုပ်ထားခြင်းမရှိ ဘဲ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၇ အရ ဦးတင်ဆန်းပါ ၄ ဦးအား ပုဇွန်တောင်မြို့နယ် တရားရုံးသို့ တင်ပို့၍ ဖေဖော်ဝါရီ ၁ ရက်မှ ၁၄ ရက် အထိ ချုပ်ရီမန် တောင်းခံထားကြောင်း၊ ဦးလူမော်နိုင် (ခ) လင်းကျော်ဦး (ခ) လူမော်အား ပေါက်မြို့နယ် တရားရုံးတွင် ဖေဖော်ဝါရီ ၁ ရက်မှ ၁၄ ရက်အထိ ချုပ်ရီမန်တောင်းခံထားကြောင်း၊ ဖေဖော်ဝါရီ ၄ ရက်တွင်ပေါက်မြို့နေ ဦးလူမော်နိုင် ၏ ဇနီး မလွင်လွင်မြင့် ၃၈ နှစ်အား အမှုဖြင့် ထပ်မံထိန်းသိမ်းမေးမြန်းပြီး ပခုက္ကူမြို့နယ် တရားသူကြီး ဒေါ်ဆွေဆွေဝင်းမှ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၉၇ အရ အာမခံ ပေးခဲ့သည်။

အမှုအားစစ်ဆေးလျက်ရှိကြောင်းနှင့် ၎င်းတို့၏ မိသားစုများကို ဥပဒေနှင့် အညီ တွေ့ဆုံ ခွင့်ပြုထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။

MOI Web Portal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis