menu

Sunday 23 February 2014

အမေရိကန်ဒေါ်လာ ၈၅ သန်းရင်းနှီးမြှုပ်နှံမည့် ၃၃ ထပ်အမြင့်ရှိ အဆောက်အအုံ ကိုးလုံးပါ Golden City အဆင့်မြင့်အိမ်ရာစီမံကိန်း စင်ကာပူကုမ္ပဏီက ရန်ကင်းတွင်ဆောက်မည်

Photo: အမေရိကန်ဒေါ်လာ ၈၅ သန်းရင်းနှီးမြှုပ်နှံမည့်  ၃၃ ထပ်အမြင့်ရှိ အဆောက်အအုံ ကိုးလုံးပါ Golden City အဆင့်မြင့်အိမ်ရာစီမံကိန်း စင်ကာပူကုမ္ပဏီက ရန်ကင်းတွင်ဆောက်မည်

ဆောက်လုပ်ရေးကဏ္ဍတစ်ခုထဲတွင် ဒေါ်လာ ၈၅ သန်း ရင်းနှီးမြှုပ်နှံမည့် ၃၃ ထပ်အမြင့်ရှိ အဆောက်အအုံကိုးလုံးပါ Golden City အဆင့်မြင့်အိမ်ရာ စီမံကိန်းအား ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ရန်ကင်းလမ်းမကြီးပေါ်ရှိ CMA ရုံးဟောင်း မြေနေရာတွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး လေးနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံ Golden Land  အဆင့်မြင့်အိမ်ရာဖွံ့ဖြိုးရေးကုမ္ပဏီမှ သိရသည်။

အိမ်ရာစီမံကိန်းဆောက်လုပ်မှု အခြေအနေများနှင့်ပတ်သက်၍ Golden Land အဆင့်မြင့်အိမ်ရာ ဖွံ့ဖြိုးရေးကုမ္ပဏီမှ ဥက္ကဌ Alex Zhu က“ အခုစီမံကိန်းမှာ အဆောက်အအုံ ကိုးလုံး တည်ဆောက်သွားမှာ ဖြစ်တယ်။ ပထမအဆင့်အနေနဲ့ လူနေသီးသန့် အထပ်မြင့် ၃၃ ထပ်ပါ အဆောက်အအုံလေးလုံးကို  နှစ်နှစ်ခွဲအတွင်း အပြီးတည်ဆောက်သွားမယ်။ ဆောက်လုပ်ရေးစီမံကိန်းတစ်ခုလုံး လေးနှစ်ကျော်ကြာမှာ ဖြစ်တယ်။ အဲ့အတွက်  အမေရိကန်ဒေါ်လာ ၈၅ သန်း ရင်းနှီးမြှုပ်နှံထားတယ်” ဟု ပြောကြားသည်။

အဆင့်မြင့်အိမ်ရာစီမံကိန်းတွင် ပထမတန်းစားအဆင့်ရှိ အဆင့်မြင့်လူနေတိုက်ခန်း၊ ကြယ်ငါးပွင့်အဆင့်ရှိဟိုတယ်၊ Grade A အဆင့်ရှိ စီးပွားရေးရုံးခန်းများ ဖွင့်လှစ်နိုင်မည့်တာဝါ၊ ဈေးဝယ်စင်တာနှင့် အခြားသော အပန်းဖြေနားနေနိုင်သည့် နေရာများလည်း ပါဝင်ကြောင်း သိရသည်။

လူနေတိုက်ခန်းအတွက် အခန်းပေါင်း ၁၂ဝဝ နီးပါး ပါဝင်ပြီး အခန်းပေါင်း ၅ဝဝ အား စတင်ရောင်းချပေးနေကြောင်း တစ်ပေ ပတ်လည်လျှင် အမေရိကန်ဒေါ်လာ ၂၅ဝ မှ ၃ဝဝ အထိ ရှိကြောင်းလည်း သိရသည်။

“၃၃ ထပ်အမြင့်ရှိတဲ့ အဆောက်အအုံ ကိုးလုံး ရှိတယ် အဲ့ဒီကိုးလုံးထဲမှာမှ တစ်လုံးက စီးပွားရေးရုံးခန်းပါဝင်တဲ့ တာဝါတစ်ခု ပါတယ်။ နောက်တစ်ခုကတော့ ဝန်ဆောင်မှုပေးတဲ့ဟာ ဖြစ်တယ်။ နောက်တစ်ခုက ဟိုတယ်ဖြစ်တယ်။ နောက်ထပ်တစ်ခုက ဈေးဝယ်စင်တာဖြစ်တယ်။ နောက်တစ်ခုက နိုင်ငံတကာရဲ့ကုန်အမှတ်တံဆိပ်တွေ ဝယ်ယူရရှိနိုင်တဲ့ ဈေးတန်းလေးရှိမယ်။ အဲ့ဒါကြောင့်မို့လို့ နေထိုင်တဲ့သူအားလုံးက ဘယ်မှမသွားဘဲနဲ့ အကုန်ရနိုင်တယ်။ ဒါပေမဲ့ စီးပွားရေးစင်တာနဲ့ လူတွေနေထိုင်တဲ့ နေရာကတော့ ခွဲထားတယ်။ စီးပွားရေးလုပ်တဲ့သူတွေက  လူတွေနေထိုင်တဲ့နေရာကို သွားလို့မရဘူး” ဟု Golden Land အဆင့်မြင့်အိမ်ရာဖွံ့ဖြိုးရေး ကုမ္ပဏီဥက္ကဌ Alex Zhu က ပြောကြားသည်။

Golden City အဆင့်မြင့်အိမ်ရာ စီမံကိန်း၏ အကျယ်အဝန်း စုစုပေါင်းသည် ၃၃၉၇၇ စတုရန်းမီတာ ရှိကြောင်းသိရသည်။ ယခုလက်ရှိအချိန်တွင် အဆင့်မြင့်တိုက်ခန်းအများစုသည် ကားရပ်နားရန် အခက်အခဲများစွာ ကြုံတွေ့နေရပြီး ယင်းစီမံကိန်းတွင် ကားအစီးရေ ၂ဝဝဝ နီးပါး ရပ်နားနိုင်မည့်  ကားပါကင်ပါရှိကြောင်းလည်း သိရသည်။

အဆိုပါ Golden City အဆင့်မြင့်အိမ်ရာစီမံကိန်းအား Joint Venture စနစ်ဖြင့် စင်ကာပူနိုင်ငံမှ UGP  ကုမ္ပဏီနှင့် Jewellery Luck Group ကုမ္ပဏီတို့က ရင်နှီးမြှုပ်နှံထားကြောင်း သိရသည်။

(Golden City အဆင့်မြင့်အိမ်ရာစီမံကိန်း ပုံစံငယ်အားတွေ့ရစဉ်(ဓာတ်ပုံ - ဆန်းထူးအောင်))

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis