menu

Sunday 23 February 2014

အာရှနဂါးကြီး နင်းမရ ဖြစ်လာသည့် လှေနံနှစ်ဖက် သို့မဟုတ် မြန်မာနှင့် မြောက်ကိုရီးယား

Written by  ချွန်ထူးဟန်

အာရှ၏ ဆူပါပါဝါ တရုတ်နိုင်ငံက နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ငါသိငါတတ် လုပ်မှုများကြောင့် ဒေသတွင်း နိုင်ငံများနှင့် ဆက်ဆံရေး တင်းမာနေချိန်တွင် တစ်ချိန်က အိမ်နီးချင်း မြန်မာနိုင်ငံအပေါ် ချုပ်ကိုင် လွှမ်းမိုးထားနိုင်မှု မှာလည်း လျော့တိလျောရဲ ဖြစ်လာသလို လက်အောက်ခံ နိုင်ငံသဖွယ် ဖြစ်ခဲ့သည့် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးလည်း ဆိုးရွားလာရာ ၎င်းအတွက် စစ်မှန်သည့် မဟာမိတ်နိုင်ငံ မရှိတော့သည့် အနေအထားမျိုးသို့ ရောက်ရှိနေပါသည်။ ဤသို့သော အခြေအနေမျိုးတွင် စိတ်ဝင်စားစရာ ကောင်းလှသည့် မေးခွန်းမှာ အမေရိကန် ပြည်ထောင်စုနှင့် အခြားသော ပါဝါ နိုင်ငံကြီးများ အနေနှင့် အဆိုပါ အခြေအနေကို အသုံးချကာ အရှေ့မြောက် အာရှဒေသ၏ ဝရုန်းသုန်းကား နိုင်လှသော ပထဝီ နိုင်ငံရေးကို အသွင်ပြောင်းရာတွင် အထောက်အပံ့ ပြုနိုင်မည့် မြောက်ကိုရီးယားနှင့် သံတမန် ဆက်ဆံရေးတံခါး ဖွင့်လှစ်နိုင်ခြင်း ရှိ၊ မရှိဟူသော မေးခွန်းပင် ဖြစ်ပါသည်။
တရုတ်နှင့် မြန်မာ ဆက်ဆံရေးသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ နေပြည်တော် အစိုးရက တရုတ်ဘက်က ရင်းနှီးမြှုပ်နှံသည့် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံတန် မြစ်ဆုံ စီမံကိန်းကို ရပ်ဆိုင်းရန် ဆုံးဖြတ် လိုက်ချိန်မှစ၍ ဆိုးရွားသွားခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်က မြန်မာအပေါ် ကာလကြာရှည်စွာ ဖောက်သည်နိုင်ငံ တစ်နိုင်ငံသဖွယ် ဆက်ဆံလာခဲ့သည့် တရုတ်အစိုးရကို တုန်လှုပ်သွားစေခဲ့သည်။ လက်ရှိ ကာလများကို ကြည့်မည်ဆိုပါက မြန်မာနှင့် တရုတ်အစိုးရအကြား သဘောထား ကွာဟမှုများ ဖြစ်ပေါ်နေသည်ကို တွေ့မြင် နေရသော်လည်း တရုတ်အတွက် မြန်မာပြည်ဟူသည် အကျိုးစီးပွား များစွာ ရှိနေပါသည်။

မြစ်ဆုံ စီမံကိန်းကို ရပ်ဆိုင်းရန် နေပြည်တော် အစိုးရ၏ ရဲရင့်သော ဆုံးဖြတ်ချက်က မြန်မာ-တရုတ် ဆက်ဆံရေးအပေါ် ထိခိုက်ကောင်း ထိခိုက်စေနိုင်ခဲ့သည့်တိုင် မြန်မာနှင့် အခြားကမ္ဘာ့နိုင်ငံများ ဆက်ဆံရေး အတွက်မူ အပေါင်းလက္ခဏာ ဆောင်သည့် အခြေအနေတစ်ရပ် ဖြစ်သွားစေခဲ့သည်။ အမှန်စင်စစ် အဆိုပါ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးနောက် အရေးပါသည့် နိုင်ငံရေး ပြောင်းလဲမှုများ ထွက်ပေါ်လာခဲ့ရာ နှစ်ပေါင်းများစွာ မြန်မာပြည် အထီးကျန် ဖြစ်အောင် လုပ်ဆောင်ခဲ့သည့် အနောက်နိုင်ငံများက ၎င်းတို့၏ ပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှားပေးသည်အထိ ဖြစ်လာပါသည်။
မြောက်ကိုရီးယား၏ လူငယ် အာဏာရှင် ကင်ဂျုံအန်သည်လည်း တရုတ်နှင့် ဆက်ဆံရေးကို ခပ်ကျဲကျဲ ပြုလုပ်ခြင်းအားဖြင့် အနောက်ကမ္ဘာမှ ပါဝါနိုင်ငံများနှင့် ဆက်ဆံရေးကို မြန်မာ့လမ်းစဉ် အတိုင်း ပြုလုပ်သွားရန် ဆန္ဒရှိနေကြောင်း ကောင်းစွာ အချက်ပေးနိုင်ပါသည်။ မှန်ပါသည်။ အကယ်၍ ကင်ဂျုံအန်သာ အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေး ပျော့ပျောင်း ပြေပြစ်ရန် ကြိုးပမ်းမည် ဆိုပါက သူ့အနေနှင့် ခရီးရှည်ကြီးကိုတော့ လျှောက်လှမ်းရဦးမည် ဖြစ်သည်။ အမေရိကန် ဘတ်စကက်ဘော ကစားသမားဟောင်း ဒင်းနစ်ရော့ဒ်မန်းကို နွေးထွေးစွာ လက်ခံ ကြိုဆိုခဲ့ခြင်းက အမေရိကန် ပြည်ထောင်စုတွင် အငြင်းပွားစရာများကိုသာ ဖြစ်ပေါ်စေခဲ့ပါသည်။ သို့သော် တောင်ကိုရီးယား သတင်းစာ တစ်စောင် ရေးသား ဖော်ပြသည့်အတိုင်း ကင်ဂျုံအန်သာ သူ၏ ချစ်သူ ရည်းစားဟောင်းကို စက်သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ရိုး မှန်မည် ဆိုပါက အမေရိက ဗဟိုချက်မမှ အရေးပါသော ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကိုမျှ မြောက်ကိုရီးယား အစိုးရအပေါ် ချစ်ခင် ရင်းနှီးလာအောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
လေ့လာ စောင့်ကြည့်သူအများ အတွက်တော့ ဘေဂျင်းနှင့် ပြုံယမ်းအကြား ဆက်ဆံရေး ဆိုးရွားလာခြင်း၊ ကင်ဂျုံအန်၏ ဦးလေးဖြစ်သူ ဂျန်ဆောင်တိတ် ကွပ်မျက်ခံရခြင်း အစရှိသည်တို့သည် မြောက်ကိုရီးယား နိုင်ငံ၏ အပြောင်းအလဲ မြန်ပြီး မရေရာမသေချာသော နိုင်ငံရေးကို ထင်ဟပ်စေသည့် ဖြစ်စဉ်များပင် ဖြစ်သည်။ သို့သော် ဂျန်ဆောင်တိတ် ကွပ်မျက်ခံရမှုသည် တရုတ်အတွက် ပုဂ္ဂိုလ်ရေး ကိစ္စတစ်ခုမျှသာ ဖြစ်ခဲ့ပါသည်။ ဂျန်ဆောင်တိတ်သည် ပြုံယမ်း ကွန်မြူနစ် အစိုးရအဖွဲ့တွင် တရုတ်နိုင်ငံက တန်ဖိုးအထားရဆုံး မိတ်ဆွေတစ်ဦး ဖြစ်ပြီး တရုတ်သို့ မြောက်ကိုရီးယားမှ အဖိုးတန် သတ္တုများနှင့် ရင်းမြစ်များကို ဈေးပြိုင်လျှော့ ရောင်းချမှု အပါအဝင် နိုင်ငံတော် ပုန်ကန်မှုဖြင့် ပြစ်ဒဏ် ပေးခံလိုက်ရခြင်း ဖြစ်သည်။
သို့သော် မြောက်ကိုရီးယားနှင့် အလေးအနက် ထူထောင်ထားသော တရုတ်အစိုးရ၏ သွေးချင်းပမာ ဆက်ဆံရေးမှာ ၂၀၁၁ ခုနှစ် ခေါင်းဆောင်ဟောင်း (ဖခင်ကြီး) ကင်ဂျုံအီလ် ကွယ်လွန်ပြီးနောက် သားတော်မောင် ကင်ဂျုံအန် အာဏာ ရရှိလာချိန်မှ စကာ မပြေမလည် ဖြစ်လာခဲ့သည်။ တရုတ်နှင့် မြောက်ကိုရီးယား ဆက်ဆံရေးတွင် အဖုအထစ် စတင် ဖြစ်စေခဲ့သည့် ဖြစ်ရပ်မှာ တရုတ် ငါးဖမ်းသင်္ဘော တစ်စီးကို မြောက်ကိုရီးယားက ဖမ်းဆီးပြီး သင်္ဘောသား ၂၉ ဦးကိုပါ ထိန်းသိမ်းခဲ့ခြင်းပင် ဖြစ်သည်။ အဆိုပါ သင်္ဘောကို ၁၃ ရက်ကြာမျှ ဖမ်းဆီးထားပြီး တရုတ် သင်္ဘောသားများလည်း မြောက်ကိုရီးယား ပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဒေါ်လာ ၁၉၀,၀၀၀ ပေးဆောင်ရန် ငွေညှစ်ခြင်း ခံခဲ့ရသည်။ နောက်ပိုင်းတွင် ကင်ဂျုံအန်သည် တတိယ အကြိမ်မြောက် နျူကလီးယား စမ်းသပ်ခြင်းအားဖြင့် တရုတ်အစိုးရအား အမျက်ဒေါသ ထွက်အောင် ပြုလုပ်ခဲ့ပြန်သည်။
ကင်ဂျုံအန်၏ အဆိုပါ လုပ်ရပ်များနှင့် ပတ်သက်၍ နောက်ပိုင်းတွင် တရုတ်နိုင်ငံပိုင် မီဒီယာက ပြုံယမ်း အစိုးရသည် တရုတ်အမျိုးသား ဆန့်ကျင်ရေး မူဝါဒကို ဖော်ဆောင်နေသည်ဟု စွပ်စွဲ ရေးသားခဲ့သည်ကို တွေ့ရသည်။
မည်သို့ပင် ဖြစ်စေကာမူ ကင်ဂျုံအန် ဆန့်ကျင်ရေး ဝါဒဖြန့်မှု အလွန်တွင် တရုတ်နိုင်ငံအတွက် ရွေးချယ်ခွင့် ဟူသည်မှာ အကန့်အသတ်ဖြင့်သာ ရှိနေပါသည်။ အကြောင်းမှာ တရုတ်သည် မြောက်ကိုရီးယား၏ သံ၊ သတ္တု၊ မဂ္ဂနီဆီယမ်နှင့် အခြားတွင်းထွက် များစွာနှင့် သယံဇာတ ရင်းမြစ်များစွာ ရယူရေးဟူသည့် အကျိုးစီးပွား ရှိနေခြင်းကြောင့်ပင် ဖြစ်သည်။ မြန်မာနိုင်ငံထံမှ မတူးဖော်ရသေးသော သဘာဝ သယံဇာတများ ရရှိရန် ကြိုးပမ်း နေသကဲ့သို့ပင် ဖြစ်သည်။
ပို၍ အရေးကြီးသည့် အချက်တစ်ခုမှာ မြောက်ကိုရီးယား နိုင်ငံကို စွမ်းအင်နှင့် စားနပ်ရိက္ခာများ ထောက်ပံ့မှုများ ဖြတ်တောက်မှု အပါအဝင် ပြုံယမ်းအစိုးရကို အကျပ်ရိုက်စေရန် တရုတ်ဘက်က ကြိုးပမ်းမည် ဆိုပါက တရုတ်ပြည်ထဲသို့ မြောက်ကိုရီးယား ဒုက္ခသည်များ ဒုနှင့်ဒေး ဝင်ရောက် လာနိုင်သည့် အန္တရာယ် ရှိနေခြင်းပင် ဖြစ်သည်။ ထို့ထက် ပိုဆိုးသည်မှာ တရုတ်နိုင်ငံဘက်မှ ကြည့်မည်ဆိုပါက ထိုသို့ ပြုံယမ်းအစိုးရ အကျပ်ရိုက်အောင် လုပ်ကိုင် ကြိုးပမ်းမှုများက ကင်(Kim) မိသားစု အုပ်ချုပ်မှုကို ယိုင်လဲစေပြီး မြောက်ကိုရီးယား နိုင်ငံတော် ပြိုလဲသည်အထိ ဖြစ်ကာ အမေရိကန် မဟာမိတ် ကိုရီးယား နိုင်ငံတော်သစ် တစ်ရပ် ထွက်ပေါ်လာနိုင်ခြင်းပင် ဖြစ်သည်။ တရုတ်နှင့် ကိုရီးယား နယ်စပ်ဒေသတွင် အမေရိကန် တပ်ဖွဲ့များ အခြေချကာ စစ်စခန်း ဖွင့်လှစ်လာမည် ဆိုပါက ယင်းကိစ္စသည် တရုတ်အတွက် ချောက်ချားဖွယ် ကောင်းသော ဖြစ်ရပ်ဆိုးကြီး တစ်ခုပင် မဟုတ်ပါလော။
ထိုမျှ မကသေးပါ။ ကိုရီးယား နှစ်ပြည်ထောင် ညီညွတ်သွားမည် ဆိုပါက လတ်တလော ဖြစ်ပေါ်နေသော တရုတ်၏ နယ်နိမိတ်ပိုင်နက်နှင့် သဘာဝ သယံဇာတ ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှု ဖြစ်နေသည့် နေရာဒေသများကို ကိုရီးယားဘက်က ပြန်လည် သိမ်းပိုက် ရယူမည်သာပင် ဖြစ်သည်။ သို့အတွက်ကြောင့် တရုတ်အနေနှင့် စစ်အေးခေတ် ကာလ ဖင်လန် နိုင်ငံကဲ့သို့ ဖြစ်မည့် ကိုရီးယား နိုင်ငံတော်ကိုသာ လက်သင့်ခံဖွယ် ရှိသည်။ ဆိုလိုသည်မှာ အိမ်နီးချင်းဆူပါ ပါဝါနိုင်ငံကို မဟာဗျူဟာမြောက် သဘောတူညီချက်များ အမြဲပင်တစေ ကမ်းလှမ်းမှု ပြုနေသည့် နိုင်ငံတစ်ခုကို ဆိုလိုခြင်း ဖြစ်သည်။
မြောက်ကိုရီးယား ကဲ့သို့ပင် မြန်မာနိုင်ငံသည်လည်း လတ်တလော နှစ်များ မတိုင်မီ အချိန်ကာလအထိ အထီးကျန် ဖြစ်ခဲ့ပြီး နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှု၊ ဖိအားပေးမှုများနှင့် ရင်ဆိုင် ကြုံတွေ့ခဲ့ရပါသည်။ တရုတ်သည် ကင်ဂျုံအန်နှင့် ဆက်ဆံရေး အဆင်မပြေ ဖြစ်လာခြင်းကို တုံ့ပြန်သည့် အနေနှင့် ယမန်နှစ်က မြောက်ကိုရီးယား အပေါ် ကုလသမဂ္ဂက ပိတ်ဆို့ အရေးယူမှု ပြုလုပ်ရာတွင် ပူးတွဲ စပွန်ဆာ ပေးခဲ့သည်။
မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံသည် မတူကွဲပြားသော လူ့အဖွဲ့အစည်းများ ရှိသည့် နိုင်ငံဖြစ်ပြီး တိုင်းရင်းသား လူမျိုးစုနှင့် ဗမာ လူမျိုးများ ပါဝင်သည့် အုပ်ချုပ်ရေး အီလစ်များ၏ တိုင်းရင်းသား လူနည်းစုများ အပေါ် ဖိနှိပ်မှုကြောင့် ပြည်တွင်း ပဋိပက္ခများ ကာလ ကြာရှည်စွာ ဖြစ်ပေါ်နေသည့် နိုင်ငံဖြစ်သည်။ မြောက်ကိုရီးယားမှာမူ လူမျိုးတူများ တစ်သားတည်း ဖြစ်ပြီး တင်းကျပ် ကန့်သတ်မှုများ ရှိသည့် လူ့အဖွဲ့အစည်းရှိကာ နျူကလီးယား လက်နက် ပိုင်ဆိုင်သည့် နိုင်ငံဖြစ်သည်။ တစ်နည်းဆိုပါက မြောက်ကိုရီးယား ဟူသည်မှာ အခြားကမ္ဘာ့နိုင်ငံများ အတွက် ပို၍ ကြီးမားသော ခြိမ်းခြောက်မှုကြီး တစ်ခုပင် ဖြစ်သည်။
လက်ရှိအချိန်အထိ တရုတ်နှင့် မြောက်ကိုရီးယား စိတ်ဝမ်း ကွဲပြားမှုသည် အရှေ့မြောက် အာရှဒေသ ပထဝီ နိုင်ငံရေးတွင် အလားအလာ ရှိသည့် အလှည့်အပြောင်း တစ်ရပ်ကို ဖော်ကျူး ပြသလျက် ရှိပါသည်။ အကယ်၍ မြောက်ကိုရီးယားနှင့် သံတမန် ဆက်ဆံရေး ဖွင့်လှစ်မည် ဆိုပါက အမေရိကန် ပြည်ထောင်စု အနေဖြင့် တရုတ်အပေါ် အားထားမှုကို လျှော့ချပြီး မြောက်ကိုရီးယားနှင့် တရုတ် ဆက်ဆံရေးတွင် တရုတ်ဘက်မှ ကြားဝင် စေ့စပ်ပေးသော နိုင်ငံအဖြစ် ဝင်ရောက်ရမည် ဖြစ်သည်။ မြောက်ကိုရီးယားသည် တရုတ်အပေါ် မှီခိုအားထားမှုကို လျှော့ချလိုသည့် ဆန္ဒရှိထားပြီး ဖြစ်ရာ အမေရိကန်သာ အဆိုပါ နည်းလမ်းတိုင်း လုပ်ဆောင်မည် ဆိုပါက ကင်ဂျုံအန်နှင့် ဆက်ဆံရေးတွင် တရုတ်အတွက် စိတ်မသက်မသာ ဖြစ်စရာ အနေအထား တစ်ခုပင် ဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေ အမေရိကန်-မြောက်ကိုရီးယား သံတမန် တံခါးဖွင့်မှုသည် မြန်မာနှင့် အမေရိကန် သံတမန် လမ်းပြန်ပွင့်သည့် အနေအထားမျိုးနှင့် တူညီမည် မဟုတ်ဘဲ နျူကလီးယား အစီအစဉ် ဖျက်သိမ်းမှုဆိုင်ရာ သဘောတူညီချက် ရရှိခြင်း၊ မရရှိခြင်းပေါ်တွင်သာ အခြေခံ ပေလိမ့်မည်။ မြန်မာနှင့် အမေရိကန် ပြန်လည် ပေါင်းစပ်မှုမှာမူ သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ သမိုင်းဝင် ခရီးစဉ် လာရောက် လည်ပတ်ရသည်အထိ ခရီးပေါက်ခဲ့သည်။ ဤနေရာတွင် စိတ်ဝင်စားစရာ ကောင်းလှသည့် မေးခွန်းမှာ အိုဘားမားအနေနှင့် မြောက်ကိုရီးယားနှင့် အန္တရာယ် ကြီးမားပြီး အကဲဆတ်သည့် စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်ရန် နိုင်ငံရေး နယ်ပယ် သို့မဟုတ် ပုဂ္ဂလိက ဆန္ဒသဘောထား အမှန်တကယ် ရှိ၊ မရှိဟူသော မေးခွန်းပင် ဖြစ်ပါသည်။ အကြောင်းမှာ အိုဘားမားသည် ပြည်တွင်း၌ လုပ်ဆောင်ရဦးမည့် အရေးကိစ္စများသာမက ဆီးရီးယားနှင့် သဘောတူညီချက် ရရှိရေး၊ အီရန်နှင့် ကြားဖြတ် နျူကလီးယား သဘောတူညီချက် ထွက်ပေါ်ရေး ဟူသည့် ကြိုးပမ်းချက်များ၏ အလေးဆွဲခြင်း (ဝန်ပိခြင်း) ခံနေရသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသောကြောင့်ပင် ဖြစ်ပါသည်။
ချွန်ထူးဟန်
ကိုးကား- Friendless China Mourns Loss of North Korea


The Voice Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis