menu

Sunday 9 February 2014

လိုင်စင်ရပြီးနောက် . . .

Written by  ရဲဇွန်အောင်

ပြည်ပဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီများ မျှော်လင့် စောင့်စားနေသော  မိုဘိုင်းလ် ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် တရားဝင် ချထားပေးလိုက်ပြီ ဖြစ်သည်။ ယင်းသည် မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍအတွက် သမိုင်းဝင် အပြောင်းအလဲ တစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပ ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီလေးခု၏ မိုဘိုင်းလ် ဆက်သွယ်ရေး ဈေးကွက်လုပွဲအတွက် တာထွက် ခရာမှုတ်လိုက်ခြင်းပင် ဖြစ်သည်။
ယခင်က မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) တစ်ဦးတည်းက လက်ဝါးကြီး အုပ်လုပ်ကိုင်ခွင့် ရရှိခဲ့သော မိုဘိုင်းလ် ဆက်သွယ်ရေးတွင် ယခုအခါ ပြည်တွင်းမှ  ရတနာပုံ၊ ပြည်ပမှ တယ်လီနောနှင့် အော်ရီဒူးတို့ ပါဝင်ယှဉ်ပြိုင် ဆင်နွှဲရတော့မည် ဖြစ်သည်။

ပြည်ပအော်ပရေတာ ကုမ္ပဏီနှစ်ခုကို ဆက်သွယ်ရေးလိုင်စင် ချထား ပေးပြီးနောက် အဆိုပါ ကုမ္ပဏီများကလည်း ကြိုတင် ကြေညာ ထားကြသည့်အတိုင်း မိုဘိုင်းလ် ဆက်သွယ်ရေးကွန်ရက် တည်ဆောက်မှု လုပ်ငန်းများ စတင်နေကြပြီ ဖြစ်သည်။

ပြည်တွင်း မိုဘိုင်းလ် ဆက်သွယ်ရေး ဈေးကွက်အတွင်း နေရာတစ်နေရာ အခိုင်အမာ ရရှိထားသည့် MPT၊ ငွေကြေးအင်အား အလုံးအရင်းဖြင့် ဝင်ရောက် လုပ်ကိုင်မည့် အော်ရီဒူး၊ နည်းပညာနှင့် ဆက်သွယ်ရေးလုပ်ငန်း အတွေ့အကြုံ ကြွယ်ဝသည့် တယ်လီနောနှင့် မြန်မာ့ဆက်သွယ်ရေးနှင့် ပတ်သက်မှုများ ရှိနေသည့် ရတနာပုံတို့ အနေနှင့် လူဦးရေသန်း ၆၀ ခန့်ရှိသော နိုင်ငံတွင်း ဆက်သွယ်ရေး ဈေးကွက်လု ပြိုင်ပွဲတစ်ရပ် ဆင်နွှဲရတော့မည် ဖြစ်သည်။

ဤသို့ဖြင့် မြန်မာနိုင်ငံသားများအတွက် နိုင်ငံတကာ အဆင့်မီ ဆက်သွယ်ရေး ဝန်ဆောင်မှုများ၊ မြန်နှုန်းမြင့် မိုဘိုင်းလ် အင်တာနက်များကို သုံးစွဲခွင့် ရနိုင်တော့မည့် အချိန်ကာလသည် လက်တစ်ကမ်း အကွာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သကဲ့သို့ အလုပ်အကိုင် အခွင့်အလမ်းများနှင့် စီးပွားရေး အခွင့်အလမ်းများပါ ကပ်လျက် လိုက်ပါလာပြီ ဖြစ်သည်။

“ပြည်ပကုမ္ပဏီတွေ SIM Card ရောင်းမယ့် အချိန်ကို စောင့်နေတယ်။ အဲဒီအချိန်ကျရင် ဈေးနှုန်း သက်သက်သာသာနဲ့ သုံးခွင့်ရတော့မှာဆိုတော့ Handset ကောင်းကောင်း ဝယ်သုံးနိုင်တာပေါ့” ဟု ဒဂုံတက္ကသိုလ်တွင် သင်္ချာအဓိကဖြင့် ကျောင်းတက်နေသူ ကိုအာကာစိုးက ဆိုသည်။ 
ပြည်ပ ကုမ္ပဏီများနှင့် ပြည်တွင်း အော်ပရေတာများ ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်ယှဉ်ပြိုင်မည့် အချိန်တွင် ဈေးနှုန်း ချိုသာ၍ ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများဖြင့် အပြိုင်အဆိုင် ဆွဲဆောင်ကြတော့မည် ဖြစ်သောကြောင့် ဖုန်းလိုင်း မမိမှုများ၊ အင်တာနက် အမြန်နှုန်း နှေးကွေးမှုများ၊ ဖုန်းခေါ်ဆိုခ ကြီးမြင့်မှုများကို မေ့ပစ်နိုင်တော့မည်ဟု ထင်ကြောင်း ၎င်းကဆိုသည်။

“ဒီနိုင်ငံမှာက ဖုန်းဆိုတာ ဇိမ်ခံပစ္စည်း တစ်မျိုးလို ဖြစ်ခဲ့တာ။ အခု ခေတ်ပြောင်းချိန် ရောက်ပြီထင်တယ်။ ဘာပဲဖြစ်ဖြစ် အခုအနေအထားက သာတဲ့သူ စားစတမ်း ဖြစ်သွားပြီ။ ဘယ်သူ ဘယ်လောက် လုပ်နိုင်မလဲ ဆိုတာက ရေရှည်မှာ စကားပြောသွားလိမ့်မယ်” ဟု Programmer တစ်ဦးဖြစ်သူ ကိုရဲဝင်းအောင်က မှတ်ချက်ပေးသည်။

မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများ အပြိုင်အဆိုင် ယှဉ်ပြိုင် လုပ်ကိုင်ကြသည့်အခါ နိုင်ငံတကာတွင်ကဲ့သို့ မိုဘိုင်းလ်ဖုန်းနှင့် SIM Card ကိုစာချုပ်ဖြင့် တွဲဖက် ရောင်းချခြင်းများ၊ SIM Card အတွင်းကိုယ် သုံးချင်သော ပမာဏကို ကြိုတင်ငွေဖြည့်၍ သုံးစွဲနိုင်သော တစ်ခါသုံး အင်တာနက်နှင့် ဖုန်းကတ်များ၊ မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် ငွေကြေး၊ ကျန်းမာရေး၊ အရေးပေါ်သတင်း အချက်အလက် ဖြန့်ဝေမှုဆိုင်ရာ ဝန်ဆောင်မှုများ သုံးစွဲလာရဖွယ် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ အငြိမ်းစား အရာရှိဟောင်း ဦးသန်းဦးက ဆိုသည်။

သို့သော်လည်း SIM Card တန်ဖိုးနှင့် ခေါ်ဆိုခများကို အများပြည်သူ ကျေနပ်လက်ခံနိုင်သော နှုန်းထားဖြစ်အောင် သတ်မှတ်သွားမည်ဟု ပြည်တွင်းပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီများက ကြေညာ ထားကြသော်ငြား တိကျသည့် နှုန်းထားများကိုမူ MPT အပါအဝင် ပြည်တွင်း၊ ပြည်ပ အော်ပရေတာများ အားလုံးက အတိအကျ ကြေညာခြင်း မရှိသေးပေ။ ပြည်ပကုမ္ပဏီ များသည် ယခင်က အကြမ်းဖျင်း ဈေးနှုန်းများကို ကြေညာခဲ့ဖူးသည်။
“ကျွန်တော်တို့အနေနဲ့ တချို့အစီ အစဉ်တွေကို လက်ရှိမှာ မပြောနိုင်သေးတာ စိတ်မကောင်းပါဘူး။ ဘာလို့လဲဆိုတော့ ပြိုင်ဘက် ကုမ္ပဏီက လူတွေလည်း သတင်းစာ ဖတ်ပါတယ်” ဟု တယ်လီနောမြန်မာမှ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Petter-Furberg က အရွှန်းဖောက်၍ ဆိုသည်။

ထို့အပြင် အော်ရီးဒူးမြန်မာမှ CEO Ross Cormack ကလည်း ဖုန်းပြောဆိုခများကို အတိအကျ မသတ်မှတ်ရ သေးသော်လည်း အချိုသာဆုံး ဖြစ်အောင် သတ်မှတ်သွားမည်ဟု ဆိုသည်။
သို့သော် ဈေးကွက်မှာ ကြီးမားကျယ်ပြန့်ပြီး ပြိုင်ဆိုင်မှုလည်း ပြင်းထန်မည်ဖြစ်ကာ အပြိုင်အဆိုင် ဝန်ဆောင်မှု များကြောင့် သုံးစွဲသူများအတွက်မူ အကျိုးကျေးဇူးများမည် ဖြစ်ကြောင်း ပြည်တွင်း IT ပညာရှင်များက သုံးသပ်ကြသည်။

“ကုမ္ပဏီတွေက ဘာဝန်ဆောင်မှုတွေ ပေးမှာလဲ၊ ဘယ်လိုတွေ ဝယ်လို့ရမလဲ။ နိုင်ငံခြားမှာလို Contract ထိုးပြီး ဖုန်းပါ တွဲဝယ်လို့ရတဲ့ ဝန်ဆောင်မှုတွေ ရမှာလား။ အဲဒါတွေ ကျွန်တော်တို့က သိချင်နေပြီ။ ဖြစ်နိုင်ရင် လက်ရှိဖုန်းတွေကို လွှင့်ပစ်ချင်နေပြီ” ဟု အီလက်ထရွန်နစ် ကုမ္ပဏီတစ်ခုမှ  အရောင်းမြှင့်တင်ရေး မန်နေဂျာ ကိုအောင်ကျော်စိုးက ဆိုသည်။

ပြည်တွင်းပြည်ပ အော်ပရေတာ လေးခုကြောင့် ပိုမိုကောင်းမွန်သော ဆက်သွယ်ရေး ဝန်ဆောင်မှုများအပြင် အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမို ဖန်တီးလာနိုင်မည် ဖြစ်သည်။

လက်ရှိတွင် ပြည်ပအော်ပရေတာ နှစ်ခုက အပြိုင်အဆိုင် ဝန်ထမ်းခေါ်ယူမှုများ ပြုလုပ်နေသကဲ့သို့ ရတနာပုံ ဆက်သွယ်ရေး ကုမ္ပဏီကလည်း မကြာမီ ကာလများတွင် ဝန်ထမ်း ခေါ်ယူမှုများ ပြုလုပ်တော့မည် ဖြစ်သည်။
“အလုပ်အကိုင် အခွင့်အလမ်းတွေ အများအပြား လိုအပ်လာမယ်။ ဒါက ကောင်းတဲ့အချက်။ တစ်ခုရှိတာက အရည်အသွေး ပြည့်ဝဖို့။ ဒါကခက်ခဲတယ်။ ဒီမှာ အင်ဂျင်နီယာတွေ အများအပြား ရှိနေတယ် ဆိုပေမယ့် ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး အရည်အသွေး ပြည့်ဝတဲ့ အင်ဂျင်နီယာ ဘယ်နှယောက် ရှိမလဲ။ ဒါကအကြီးမားဆုံး အခက်အခဲတွေထဲက တစ်ခုပဲ။ ပြည်ပ အော်ပရေတာတွေချည်းပဲ မဟုတ်ဘူး။ ရတနာပုံပါ ကြုံရမှာ” ဟု ဦးသန်းဦးက ဆိုသည်။

ယင်းပြဿနာကို ဖြေရှင်းရန် ဆက်သွယ်ရေး သင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ပြီး တက္ကသိုလ်များနှင့်ပါ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ပအော်ပရေတာ ကုမ္ပဏီ နှစ်ခုစလုံးက ကြေညာထားသည်။

လက်ရှိ မိုဘိုင်းလ် ဆက်သွယ်ရေးကဏ္ဍ အပြောင်းအလဲသည် သုံးစွဲသူများသာမက စီးပွားရေး လုပ်ငန်း လုပ်ကိုင်လိုသူများ အတွက်ပါ အကျိုးရှိမည် ဖြစ်ကြောင်း ဆက်သွယ်ရေး နယ်ပယ်မှ လုပ်ငန်းရှင်များက ဆိုသည်။
“မိုဘိုင်းလ် ဖုန်းဆိုင်တွေ ပိုလိုအပ်လာမယ်။ ဖုန်းထုတ်တဲ့ ကုမ္ပဏီကြီးတွေလည်း တိုက်ရိုက် ဝင်လာမယ် ထင်တယ်။ သူတို့ ရောင်းတာလည်း ရောင်းတာပေါ့။
ပြင်ပဆိုင်တွေက ပိုတောင် လိုလာဦးမှာ။ လူတိုင်း ဖုန်းကိုင်နိုင်တာ့မှာလေ” ဟု အမေ Mobile ဆိုင်ပိုင်ရှင် ကိုဇော်မင်းက ဆိုသည်။

ပြည်ပဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီများနှင့် ဖြန့်ချိရေး လုပ်ငန်းများ၊ SIM Card၊ ငွေဖြည့်ကတ် အရောင်းဆိုင် လုပ်ငန်းများ အပါအဝင် ဆက်စပ်လုပ်ငန်းများ ပူးပေါင်း လုပ်ကိုင်ရန် စိတ်ပါဝင်စားသူ အများအပြား ရှိနေသည်။
“ဖြန့်ချိရေး ကိုယ်စားလှယ် လုပ်ချင်လို့ ဆက်သွယ်လာတဲ့ လူတွေရှိတယ်။ ဒေသအသီးသီးက လူငယ်စွန့်ဦး တီထွင်လိုသူတွေ၊ ကိုယ်ပိုင်လုပ်ငန်း တည်ထောင်လိုသူတွေကို ကူညီသွားမယ်” ဟု တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

တယ်လီနောမြန်မာ အနေနှင့် ငါးနှစ်အတွင်း အရောင်းဌာန ၇၀၀၀၀ နှင့် လက်ခွဲ ဆိုင်ပေါင်း ၉၅၀၀၀ ဖွင့်လှစ်သွားရန် စီစဉ်ထားပြီး အော်ရီးဒူးမြန်မာကလည်း လုပ်ငန်း စတင်ပြီး ငါးနှစ်ကာလအတွင်း SIM Card အရောင်းဌာန ၂၄၀၀၀၀ နှင့် လက်ခွဲအရောင်း ဌာနလက်ခွဲ ၇၂၀၀၀၀ အထိ ဖွင့်လှစ်သွားမည် ဖြစ်သည်။

“တယ်လီနော ဖြစ်ဖြစ်၊ အော်ရီဒူး ဖြစ်ဖြစ် ကုမ္ပဏီ တစ်ခုခုအတွက် ဖြန့်ချိရေး ကိုယ်စားလှယ်လုပ်မလို့ စုံစမ်းနေတယ်။ မိုဘိုင်းလ် ဖုန်းဆိုင်လေးနဲ့ တွဲပြီးလုပ်မလားလို့ စဉ်းစားနေတာ” ဟု မိုဘိုင်းလ်ဖုန်း SIM Card အရောင်း ကိုယ်စားလှယ်လုပ်ရန်  ပြင်ဆင်နေသူ ကိုအောင်ဇော်က ဆိုသည်။

ပြည်ပဆက်သွယ်ရေး အော်ပရေတာများ လုပ်ငန်း စတင်လာခြင်းနှင့်အတူ အင်တာနက် အမြန်နှုန်း မည်ကဲ့သို့ ဖြစ်လာနိုင်မည်နည်းကို ပြည်သူများက စိတ်ဝင်စား နေကြသည်။
“အင်တာနက်သုံးရ အဆင်ပြေလာမယ်ဆိုရင် ကျေနပ်တယ်။ ဘယ်လောက်ကျကျ သုံးတယ်။ အခုက ပိုက်ဆံလည်း ပေးရသေးတယ်။ သုံးရတာကလည်း တစ်စက်ကလေးမှ အဆင်မပြေဘူး” ဟု ကိုအောင်ကျော်စိုးက ဆိုသည်။

ဆက်သွယ်ရေးလိုင်စင်ပါ အချက်အလက်များအရ ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီများ အနေနှင့် မိုဘိုင်းလ် အင်တာနက် အမြန်နှုန်း လျင်မြန်စေရေးအတွက် ကိုယ်ပိုင် International Gateway များ ချိတ်ဆက် တည်ဆောက် လုပ်ကိုင်ခွင့် ပြုထားသည်။
“လိုင်စင်ထဲမှာ ကိုယ်ပိုင် International Gateway တွေ ကိုယ်ပိုင် ငှားရမ်းခွင့်၊ တည်ဆောက် လုပ်ကိုင်ခွင့်ပါတယ်။ အဲဒါကြောင့် ကိုယ်ပိုင် အင်တာနက် Gateway ဆောက်မယ်။ လုပ်ငန်း စစချင်းမှာတော့ လက်ရှိသုံးစွဲနေတဲ့ Gateway ကိုပဲမျှဝေ သုံးစွဲသွားမှာ ဖြစ်ပါတယ်” ဟု PetterFurberg က ပြောကြားသည်။

ထို့အပြင် အင်တာနက် အသုံးပြုခ ကောက်ခံရာတွင်လည်း Data ဖြင့် ကောက်ခံသော နှုန်းနှင့် အချိန်ဖြင့် ကောက်ခံသောနှုန်း စသည်ဖြင့် အမျိုးမျိုး သတ်မှတ်ထားမည် ဖြစ်ပြီး သုံးစွဲသူများ စိတ်ကြိုက်ရွေးချယ် အသုံးပြုခွင့် ပေးသွားမည် ဖြစ်ကြောင်း အော်ရီဒူးနှင့် တယ်လီနော ကုမ္ပဏီများက ဆိုထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းလ် အင်တာနက် အသုံးပြုခများကို မိနစ်အလိုက် ကောက်ခံနေပြီး နိုင်ငံတကာတွင်မူ အသုံးပြုသော Data ပမာဏ အလိုက်သာ ကောက်ခံလေ့ ရှိသည်။

ပြည်ပအင်အားကြီး ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်ရန် ပြင်ဆင်နေသော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက 3G နှင့် 4G LTE Advance စနစ်များ ပါဝင်သော မိုဘိုင်းလ်ဖုန်းလိုင်း ငါးသန်း ထပ်မံတိုးချဲ့ရန် စီစဉ်နေပြီး ရတနာပုံ တယ်လီပို့ကလည်း 4G LTE စနစ် စတင်နိုင်ရန် ပြင်ဆင်နေသည်။

ပြည်ပဆက်သွယ်ရေး ကုမ္ပဏီ များကလည်း မိုဘိုင်းဖုန်း အင်တာနက် အမြန်နှုန်း လုံးဝ ကောင်းမွန်စေမည်ဟု ကတိပေးထားကြပြီး သုံးစွဲသူအပေါ် မူတည်၍ အင်တာနက် ပမာဏကို ဆက်တိုက် တိုးချဲ့သုံးစွဲခွင့်ပြုသွားမည် ဖြစ်ကြောင်း ကတိစကား ဆိုထားကြသည်။
“ကျွန်တော်တို့ ကတိပေးနိုင်တယ်။ အင်တာနက် အမြန်နှုန်း လုံးဝကောင်းစေရမယ်” ဟု Petter Furberg ဟု ကတိပေးသည်။

လာမည့် ငါးနှစ်အတွင်းတွင် ပြည်တွင်း ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီများက HSPA နှင့် 4G LTE စနစ်များကို မိုဘိုင်းလ်ကွန်ရက် အတွင်းတွင် အသုံးပြုနိုင်စေရန် ဆောင်ရွက်သွားမည် ဖြစ်သောကြောင့် မိုဘိုင်းလ် အင်တာနက်လိုင်းများ သုံးစွဲရ ပိုမိုအဆင်ပြေလာနိုင်ကြောင်း ပြည်တွင်းမှ နည်းပညာသမားများက မှတ်ချက်ပြုကြသည်။

ယခုအချိန်တွင် ပြည်သူများဘက်မှ အမျိုးမျိုး မျှော်လင့်နေကြသကဲ့သို့ အော်ပရေတာ များကလည်း ဈေးကွက်အတွင်း အောင်မြင်မှု ရရန် ပြင်ဆင်မှုများနှင့် မျှော်လင့်ချက်များ အသီးသီး ရှိနေကြသည်။ အော်ပရေတာ အားလုံးအတွက် အမှန်တကယ် ယှဉ်ပြိုင်မှုများမှာ စတင်နေပြီ ဖြစ်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ စင်ပေါ်ကပါပဲ။ ဘယ်သူနဲ့ပဲ ဖြစ်ဖြစ် ပြိုင်နိုင်တယ်” ဟု ပြည်ပအင်အားကြီး ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ပူးပေါင်းတော့မည့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးကျော်စိုးဝင်းက ယုံကြည်မှု အပြည့်ဖြင့် ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးက ကွန်ရက် တိုးချဲ့ရန် ဆောင်ရွက်နေသကဲ့သို့ အခြားအော်ပရေတာများ အနေနှင့်လည်း ကွန်ရက် တည်ဆောက်မှုများ၊ ဝန်ထမ်းခေါ်ယူမှုများ စတင်နေပြီ ဖြစ်ပြီး အမြန်ဆုံး ဝန်ဆောင်မှုများ ပေးနိုင်အောင် ဆောင်ရွက်နေကြသည်။

လက်ရှိ ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်သည့် MPT နှင့် ယခုနှစ် နှစ်လယ်ပိုင်းတွင် SIM Card ရောင်းချမှုများ စတင်တော့မည့် အခြားအော်ပရေတာ သုံးခုကြောင့် ဆက်သွယ်ရေး ကဏ္ဍအတွင်း ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန် လာတော့မည် ဖြစ်သည်။
“တကယ်တမ်း စဉ်းစားကြည့်ရင် ပြိုင်ပွဲက မျှတတယ်လို့ ပြောလို့ရပါတယ်။ MPT က လက်ရှိမှာ ဈေးကွက် ဦးထားတယ် ဆိုပေမယ့် လူဦးရေနဲ့ ယှဉ်ကြည့်ရင် သူတို့ ရထားတာ ဘာမှမဟုတ်သေးတဲ့ ပမာဏပါ။ ဒါကိုသိလို့ ပြည်ပကုမ္ပဏီတွေက ဝင်လာတာပေါ့” ဟု ဦးသိန်းဦးက ဆိုသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် SIM Card ဈေးအကြီးဆုံး နိုင်ငံအဖြစ်မှ နိုင်ငံတကာအဆင့်မီ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ဖောဖောသီသီ သုံးစွဲနိုင်သည့် နိုင်ငံအဖြစ်သို့ လာမည့် လအနည်းငယ်အတွင်း ရောက်ရှိတော့မည် ဖြစ်သည်။

လက်ရှိ အချိန်သည် ပြည်တွင်းပြည်ပ ဆက်သွယ်ရေး အော်ပရေတာ လေးဦးတို့ အတွက်သန်း ၆၀ ဟူသော ရတနာသိုက်ကြီးအတွင်း အခိုင်အမာ ဈေးကွက်တစ်နေရာ ရရှိရေး ယှဉ်ပြိုင် ဆင်နွှဲကြတော့မည့် ပြိုင်ပွဲတစ်ခု၏ တာထွက်ချိန် ဖြစ်ပေသည်။
“ဘယ်လိုပဲပြိုင်ပြိုင် ပြည်သူတွေ အကျိုးရှိဖို့ အဓိကပဲ။ ဆက်သွယ်ရေးနဲ့ နည်းပညာဆိုတာ ကဏ္ဍပေါင်းစုံအတွက် အမှန်တကယ် လိုအပ်တယ်လေ” ဟု ဦးသိန်းဦးက ဆိုလိုက်သည်။

The Voice Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis