menu

Monday 2 September 2013

လှည်းတန်းလမ်းဆုံ အနီးပတ်ဝန်းကျင်၌ ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ခြင်း မရှိသေးဘဲ ရုံးတက်၊ ရုံဆင်းချိန်များတွင် ပိုမိုဆိုးရွားနေ

A-2-9
ဟံသာဝတီ အ၀ိုင်းနှင့် လှည်းတန်းခုံးကျော်တံတားအကြား ယာဉ်ကြောပိတ်ဆို့နေမှုကို သြဂုတ်လကုန်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
လှည်းတန်းလမ်းဆုံ အနီးပတ်ဝန်းကျင် ခုံးကျော်တံတား အဆင်းတွင် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ခြင်း မရှိသေးဘဲ ရုံးတက်၊ ရုံးဆင်းချိန်များတွင် ပိုမိုဆိုးရွားစွာ ဖြစ်ပေါ်နေသည်ဟု အဆိုပါ ပတ်ဝန်းကျင်ကို နေ့စဉ်ဖြတ်သန်း သွားလာနေရသူများ၏ ပြောကြားချက်အရ သိရသည်။
လှည်းတန်းလမ်းဆုံမှာ ငါးလမ်းဆုံ မီးပွိုင့်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှု အဖြစ်များသည့် လမ်းဆုံဖြစ်သောကြောင့် ယင်းနေရာပတ်ဝန်းကျင်တွင် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန် ခုံးကျော်တံတား တည်ဆောက်ခဲ့ကြောင်း၊ သို့သော် လှည်းတန်းခုံးကျော်တံတား တည်ဆောက်ပြီးသော်လည်း လှည်းတန်းလမ်းဆုံ မီးပွိုင့်တစ်ချက်သာ ယာဉ်ကြောအနည်းငယ် ရှင်းခဲ့ပြီး ခုံးကျော်တံတားအဆင်း (မြို့ထဲသို့သွားရာ လမ်းတစ်လျှောက်)တွင် ယာဉ်ကြောပိတ်ဆို့မှုများ ရှိခဲ့သည်။ အဆိုပါ ပိတ်ဆို့မှုမှာ ဟံသာဝတီ အ၀ိုင်းတစ်လျှောက်နှင့် မြေနီကုန်း မဟာမြိုင် မှတ်တိုင်အနီးထိပင် ဖြစ်ပေါ်နေသည်ဟု သိရသည်။
"လှည်းတန်းခုံးတံတား အဆင်းကစပြီး ကားတွေစပိတ်တာ ဟံသာဝတီ အ၀ိုင်းတစ်လျှောက်နဲ့ မဟာမြိုင် မှတ်တိုင်နားအထိပဲ။ ဒါနေ့တိုင်း ကြုံနေရတာပါ။ မိုးရွာတဲ့ အချိန်ဆိုရင် ပိုတောင်ဆိုးသေးတယ်။ လှည်းတန်းလမ်းဆုံမှာ ကားပိတ်တာလျော့ချင်လို့ ခုံးကျော်တံတား ဆောက်လိုက်မှ တံတားအဆင်းမှာ ကားတွေက စပိတ်နေတော့ ခုံးကျော်တံတားဆောက်တာ ကားပိတ်တဲ့ပြဿနာကို မဖြေရှင်းနိုင်သလို ဖြစ်နေတယ်" ဟု လှည်းတန်းလမ်းဆုံအနီး ပြည်လမ်းမှ တာမွေဘက်သို့ လာရောက်အလုပ်လုပ်ကိုင်သည့် ကုမ္ပဏီဝန်ထမ်း တစ်ဦးက ပြောကြားသည်။

လှည်းတန်းခုံးကျော်တံတား အဆင်းမှ စတင်သည့် ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်ကွင်းနိုင်ရန်အတွက် ယာဉ်များမှာ နာနတ်တောလမ်းမှတစ်ဆင့် ကျွန်းတောလမ်း၊ မကြီးကြီးလမ်းများမှ ဖြတ်မောင်းခြင်းကြောင့် အဆိုပါ လမ်းများတွင်လည်း ယာဉ်ကြောများ ပိတ်ဆို့နေသည်ဟု သိရသည်။ အဆိုပါ နေရာများအား ဖြတ်သန်းသွားလာရသည့် ခရီးသည်တင် ယာဉ်လိုင်းများ၏ ပြေးဆွဲနိုင်သည့် ခေါက်ရေပမာဏ လျော့ကျလာပြီး ၀င်ငွေပမာဏလည်း လျော့ကျလာသည်ဟု သိရသည်။ ယခင် တစ်နေ့အသွားအပြန် ၁၀ ခေါက်ပြေးဆွဲသည့် ခရီးသည်တင် ယာဉ်လိုင်းအချို့မှာ ယခုတစ်နေ့ ငါးခေါက်လောက်သာ ဆွဲနိုင်သည့် အနေအထား ဖြစ်လာကြောင်း လှည်းတန်းလမ်းဆုံအား နေ့စဉ်ဖြတ်သန်း မောင်းနှင်သည့် ခရီးသည်တင် ယာဉ်လိုင်းများမှ ယာဉ်မောင်းအချို့က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis