menu

Sunday 22 December 2013

ကျောင်းဝင်းထဲက နိုင်ငံရေး အကျဉ်းချ၍ ရမည်လော



တက္ကသိုလ်မြေက အရင်းခံလာသည့် နိုင်ငံရေး စိတ်ဓာတ်ဖြင့်ပင် ကိုလိုနီ စနစ်ဆိုးကြီးကို မြန်မာ့မြေပေါ်မှ တိုက်ထုတ်ခဲ့ သကဲ့သို့ အာဏာရှင် စနစ်ဆိုးကိုလည်း အန်တု ဖက်ပြိုင်ခဲ့ရာ အာဏာရှင်တို့၏ အမုန်းတရားများဖြင့် တက္ကသိုလ် နယ်မြေတွင် နိုင်ငံရေး လှုပ်ရှားမှုများကို နှစ်ပေါင်း ၆၀ ကျော် တင်းကျပ်စွာ ပိတ်ပင် တားမြစ်ခဲ့ကြသည်။
ဒီမိုကရေစီ စနစ်ကို ကူးပြောင်းနေသည် ဆိုသော သမ္မတကြီး ဦးသိန်းစိန် လက်ထက်တွင်မူ နိုင်ငံရေး လှုပ်ရှားမှုများကို ပွင့်လင်း လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပြုလာသကဲ့သို့ နှစ်ပေါင်း၂၀ နီးပါး ပိတ်ပင်ထားခဲ့သည့် တက္ကသိုလ် ကျောင်းသားများ အဆောင်နေခွင့်ကို ပြန်လည် ခွင့်ပြုလိုက်သည့် အပြင် ရန်ကုန် တက္ကသိုလ်ကြီးကိုလည်း ကျောင်းသားများဖြင့် ပြန်လည် အသက်ဝင် စေခဲ့သည်။
ယင်းကြောင့်ပင် အစိုးရသစ်၏ အပြုသဘော ဆောင်သည့် လုပ်ရပ်များနှင့်အတူ ပညာရေး ဝန်ကြီးဌာန၏ မူဝါဒသစ်ကို တက္ကသိုလ် အသိုင်းအဝိုင်း သာမက ယခင် ကျောင်းသားဟောင်းကြီး များကပါ ဝမ်းသာအားရဖြင့် ကြိုဆို ခဲ့ကြသည်။ သို့သော် ရန်ကုန်တက္ကသိုလ် ဖွင့်လှစ်ပြီး ရက်ပိုင်းခန့် အကြာတွင် အဆောင်နေ တက္ကသိုလ် ကျောင်းသားများသည် နိုင်ငံရေး လုပ်လိုပါက တက္ကသိုလ် အာဏာပိုင်တို့၏ ခွင့်ပြုချက်ယူ ရမည်ဆိုသည့် စည်းကမ်းချက်ကို အခြေခံပညာရေး ဦးစီးဌာနမှ အရာရှိတစ်ဦးက ထုတ်ပြန် ပြောကြားလိုက်ရာ ကျောင်းဝင်းထဲက နိုင်ငံရေးကို ဒီမိုကရေစီ အစိုးရ ထိတ်လန့်နေပြီလော၊ ကျောင်းဝင်းထဲက နိုင်ငံရေးကို အကျဉ်းချ၍ ရမည်လောဆိုသည့် မေးခွန်းမှာ နိုင်ငံရေး နယ်ပယ်၊ ပညာရေး နယ်ပယ်တို့တွင် ဂယက် ရိုက်သွားသည်။
ယင်းကန့်သတ်ချက် အပေါ်တွင် နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ ပညာရေး နယ်ပယ်မှ ပုဂ္ဂိုလ်များက ခေတ်ဆိုးမှ စနစ်ဆိုးကြီးကို လက်ဆင့် ကမ်းလာခြင်းဟု မြင်ကြသည်။

ယင်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က “ဘယ်ခေတ် ဘယ်စနစ်ပဲ ဖြစ်ဖြစ် ကျောင်းသားက သူ့ဘာသူ နိုင်ငံရေးလုပ်တာ ဘယ်သူ့ ခွင့်ပြုချက် ယူခဲ့လို့လဲ။ နိုင်ငံသားတွေ နိုင်ငံရေးလုပ်တာ ခွင့်ပြုချက်ယူစရာ မလိုပါဘူးဗျာ။ နိုင်ငံရေးက နိုင်ငံသားတိုင်းနဲ့ ပတ်သက်တယ်။ အခုနေတာ အဲသလို သတ်မှတ်တယ်။ တစ်ချိန်က ကျတော့လည်း ကျောင်းသားတွေ နိုင်ငံရေးထဲမှာ မပါမနေရ၊ ပါတီ မဝင်မနေရ ဆိုပြီးတော့ ကျောင်းသားတွေ တောင် ဖောင်တွေ ပေးပြီးတော့ တစ်ခါတည်း ဝင်ခိုင်းတာ မဟုတ်လား” ဟု ဝေဖန် ထောက်ပြသည်။
အိမ်ရှင်မများ ထမင်းချက်သည်ကအစ နိုင်ငံရေးပင် ဖြစ်သည်ဟု ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေး အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် ယဉ်ပါးခဲ့သော မြန်မာ့တက္ကသိုလ် အသိုင်းအဝိုင်းမှာ လက်ရှိ ပညာရေးဆိုင်ရာ မူဝါဒ ချမှတ်သူတို့က ဖွင့်ဆိုချင်သော နိုင်ငံရေး အဓိပ္ပာယ် ဖွင့်ဆိုချက်ကိုမူ နားမ လည် နိုင်ကြောင်း လက်ရှိ တက္ကသိုလ် ကျောင်းသား၊ ဆရာ ဆရာမများနှင့် ကျောင်းသားဟောင်း အများစုက ဆိုသည်။
“နိုင်ငံရေး ဆိုတာကို နားမလည်တဲ့ သူတွေက ထုတ်ပြန်တဲ့ဟာပဲ ဖြစ်မယ်လို့ ကျွန်တော်တို့ သုံးသပ်တယ်။ အဓိက ကတော့ ကျောင်းထားတယ်ဆိုတာ နိုင်ငံရေး ကိစ္စ၊ နိုင်ငံရဲ့အရေးအရာ တွေကို စိတ်ဝင်စား လာအောင်လုပ်ရတာ” ဟု ဒဂုံတက္ကသိုလ် ဆရာများ သမဂ္ဂအဖွဲ့ဝင် ဦးအာကာမိုးသူက ဝေဖန်သည်။
ယခင်အာဏာပိုင် အစိုးရအဆက်ဆက် လက်ထက်တွင် အထက်တန်းအရွယ်မှ စတင်ကာ တက္ကသိုလ် အဆင့်အထိ ကျောင်းသားများသည် နိုင်ငံရေး ကင်းရှင်းရမည်ဆို ခံဝန်ချက်ကို ကျောင်းအပ်စ မှာပင် လက်မှတ်ရေးထိုး ဝန်ခံ ကတိပြုရပြီး ယင်းမူဝါဒမှာ ယခုတိုင် ပြောင်းလဲခြင်း မရှိသေးခြင်းပင် ဖြစ်ကြောင်း ရန်ကုန် တက္ကသိုလ်တွင် ကျောင်းတက်နေသော ကျောင်းသား အများစုက ဆိုသည်။
ထို့ပြင် လက်ရှိ ဒီမိုကရေစီ အစိုးရ၏ မူဝါဒ အသစ်ကြောင့် အဆောင်ပြန်နေခွင့် ရတော့မည့် တက္ကသိုလ် ကျောင်းသားများသည် နိုင်ငံရေး ကင်းရှင်းပါသည် ဆိုသော စည်းကမ်းချက်ကို လက်မှတ်ရေးထိုး ခိုင်းရန် ညွှန်ကြားထားသည်ဟု သိရကြောင်း ဒဂုံတက္ကသိုလ်တွင် လက်ထောက် ကထိက တာဝန် ထမ်းဆောင်နေသော ဆရာလည်း ဖြစ်သည့် ဦးအာကာမိုးသူက ထုတ်ဖော် ပြေကြားသည်။
ကျောင်းသားများကို နိုင်ငံရေးလုပ်ရာ၌ ခွင့်ပြုချက် တောင်းခံရန် ပညတ်ထားသော်လည်း ကျောင်းသား ကျောင်းသူများနှင့် ဆရာဆရာမ အများစုကို လက်ရှိ အာဏာရ ပါတီဖြစ်သော ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီသို့ မဝင်မနေရ ပုံစံမျိုး စည်းရုံး လုပ်ဆောင်မှုများ ရှိနေကြောင်း ၎င်းက ဖွင့်ဟသည်။
ပညာရေး အာဏာပိုင်များက ယင်းကဲ့သို့ မူဝါဒများ ထုတ်ပြန်ရန် ကြိုးစားနေသော်လည်း ဥပဒေအားလုံး၏ အချုပ်ဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်မူ အသက် (၁၈) နှစ် ပြည့်ပြီးသော နိုင်ငံသားတိုင်းကို ရွေးကောက်ပွဲများ၌ မဲပေးပိုင်ခွင့်၊ မိမိယုံကြည်ရာ နိုင်ငံရေးပါတီတွင် ဝင်ရောက် လှုပ်ရှားပိုင်ခွင့်နှင့် လွတ်လပ်စွာရေးသား၊ ဖြန့်ချိပိုင်ခွင့်တို့ကို ခွင့်ပြုထားပြီး ဖြစ်သည်။
သို့ဖြစ်ရာ သာမန်နိုင်ငံသား တစ်ယောက်သည် တက္ကသိုလ်ပရဝဏ် ပြင်ပတွင် နိုင်ငံသား အခွင့်အရေးကို အပြည့်အဝ ခံစားပိုင်ခွင့်ရှိပြီး ယင်းပရဝဏ် အတွင်းသို့ ခိုလှုံခါမှ နိုင်ငံသား အခွင့်အရေးတစ်ဆင့် နိမ့်တော့မည်ကဲ့သို့ ဖြစ်နေကြောင်း နိုင်ငံရေး သမားများက ထောက်ပြသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ကိုကျော်ကိုကို ကမူ “တက္ကသိုလ်ကျောင်းသား အရွယ်က အသက် ၁၈နှစ် ဖြစ်တယ်။ မဲပေးလို့လည်း ရတယ်။ ကိုယ်နှစ်သက် ယုံကြည်ရာ နိုင်ငံရေးပါတီမှာ ဝင်ရောက် လှုပ်ရှားပိုင်ခွင့် ရှိတယ်။ ဒါကို တက္ကသိုလ် အာဏာပိုင်ကို အကြောင်းကြားရမယ်ဆိုတာ မဖြစ်သင့်ဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှု တစ်ခုလို သက်ရောက်နေတယ်” ဟု သုံးသပ်သည်။
ယင်းကဲ့သို့ နိုင်ငံသား အခွင့်အရေးနှင့် ကျောင်းသား အခွင့်အရေးများကို ဆရာ ဆရာမများ၏ ခွင့်ပြုချက်ရမှသာ လှုပ်ရှားခွင့် ပြုမည်ဆိုသော စည်းကမ်းချက်မျိုးကို ၎င်းတို့ သမဂ္ဂက လက်မခံနိုင်ကြောင်း ကိုကျော်ကိုကိုက ကန့်ကွက်သည်။
နှစ်ပေါင်းရာချီ အာဏာပိုင် စနစ်ဖြင့် အုပ်ချုပ်ခံထားရသော မြန်မာနိုင်ငံ၌ ဒီမိုကရက်တစ် လုပ်ထုံး လုပ်နည်းများကို ကျွမ်းကျင် ပိုင်နိုင်သည့် လွှတ်တော် အမတ်များ ရှားပါးလျက်ရှိရာ နောက်လွှတ်တော် သက်တမ်းများတွင် အစားထိုး တာဝန်ယူလာမည့် လူငယ် လွှတ်တော် ကိုယ်စားလှယ် လောင်းလျာများ မွေးထုတ်ပေးနိုင်ရေး အတွက် ယင်းမူဝါဒက အဟန့်အတားသဖွယ် ဖြစ်လာနိုင်မည်လော စဉ်းစားစရာ ဖြစ်လာသည်။
တက္ကသိုလ် ကျောင်းသား ကျောင်းသူများသည် အသင်းအဖွဲ့များ၌ ဝင်ရောက် လှုပ်ရှားခြင်း၊ သမဂ္ဂ ကဲ့သို့သော အဖွဲ့အစည်းများ ဖွဲ့စည်းကာ အဆိုတင် ငြင်းခုံမှုများ လုပ်ဆောင်ခြင်းတို့မှာ တက္ကသိုလ် ကျောင်းသား ဘဝကပင် လွှတ်တော် ကိုယ်စားလှယ်လောင်းလျာများ လိုအပ်သည့် အရည် အချင်းများကို လေ့ကျင့်နေခြင်း ဖြစ်ရာ ကျောင်းသားသမဂ္ဂကို ကျောင်းသား လွှတ်တော်ဟု ယူဆထားကြောင်း ကိုကျော်ကိုကိုက ရှင်းပြသည်။
“ဒီလိုအချိန်မျိုးမှာ ကျောင်းသားတွေက လေ့ကျင့်မှု မရှိရင် ဘယ်လို အချိန်မျိုးမှာ သွားလေ့ကျင့်ရမှာလဲ” ဟု ကိုကျော်ကိုကိုက တက္ကသိုလ် အာဏာပိုင်များကို မေးခွန်းထုတ်သည်။
ဒီမိုကရေစီစနစ် ကျင့်သုံးသော ပါလီမန် ဒီမိုကရေစီ အစိုးရ လက်ထက်တွင် အရှေ့တောင်အာရှ နိုင်ငံများအားလုံး လေးစားရသည့် ရန်ကုန်တက္ကသိုလ်၌ ပညာဆည်းပူးခဲ့သော လက်ရှိ ဒီမိုကရက်တစ် ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေကမူ ၎င်းတို့ တက္ကသိုလ် ကျောင်းသားဘဝတွင် တက္ကသိုလ် ကျောင်းသား သမဂ္ဂကဲ့သို့ အဖွဲ့အစည်းများ ဖွဲ့စည်း လှုပ်ရှားခြင်း သာမက ဆိုရှယ်လစ်ဝါဒ လေ့လာရေး လူငယ်အဖွဲ့ ကဲ့သို့သော နိုင်ငံရေး အဖွဲ့အစည်းမျိုးကိုလည်း ဖွဲ့စည်းဖူးကြောင်း ပြန်ပြောင်း ပြောပြသည်။
ကျောင်းသား ကျောင်းသူများသည် နိုင်ငံရေးနှင့် ကင်းရှင်းရမည် ဆိုသော အယူအဆမှာ တပ်မတော် အစိုးရ အာဏာသိမ်းသော ၁၉၆၂ ခုနှစ်နောက်ပိုင်းမှ စတင်ကာ အာဏာပိုင်အစိုးရ အဆက်ဆက် လက်ထက်၌ ကျင့်သုံးခဲ့သော ပညာရေးမူဝါဒ ဖြစ်ကြောင်း၊ ယင်းမူဝါဒကြောင့်ပင် ကျောင်းသား ကျောင်းသူများ၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ စာသင်ကြားရန် တာဝန်ရှိသော ဆရာ ဆရာမများမှာ စာသင်ကြားရေးထက် စည်းကမ်း ထိန်းသိမ်းရေးကို ပိုမိုဦးစားပေး နေရကြောင်း ဦးသန့် အရေးအခင်း၌ ပါဝင်ခဲ့သော ကျောင်းသားဟောင်း ဦးရာကျော်က ထောက်ပြသည်။
“အစိုးရိမ်ကြီးလေ ပိုပြီးရုန်းရလေ ဆိုတဲ့ သဘောတရားတွေလည်း ရှိတယ်” ဟု ဦးရာကျော်က ဆိုသည်။
ပညာရေးမူဝါဒ အပြောင်းအလဲ မြန်ဆန်သော မြန်မာနိုင်ငံ၌ အစိုးရတစ်ရပ် တက်တိုင်း မူဝါဒ တစ်မျိုးပြောင်းသော အစိုးရ တက္ကသိုလ် (Government University) မျိုးကြောင့် အစိုးရ ညွှန်ကြားသည့် သင်ရိုးများကိုသာ သင်ကြား ပေးနေရပြီး ပညာရေး လွတ်လပ်ခွင့် (Academic Freedom) ရှိသော နိုင်ငံတော် တက္ကသိုလ် (State University) မျိုး ပြောင်းလဲ သင့်ကြောင်း ဦးအာကာမိုးသူက အကြံပြုသည်။
“အဓိက ပြဿနာကတော့ အုပ်ချုပ်ရေးသမား တွေက ပညာရေးကို ဝင်ထောက်တယ်” ဟု ၎င်းကဆိုသည်။
ကျောင်းသားများသည် ကျောင်းသား အခွင့်အရေးအရ စာပေ လွတ်လပ်ခွင့်နှင့် အသင်းအပင်း ဖွဲ့စည်းခွင့်များ ရှိပြီး နိုင်ငံသား အခွင့်အရေး အရလည်း မိမိ ကြိုက်နှစ်သက်သည့် ပါတီကို ဝင်ရောက် လှုပ်ရှားနိုင်ခွင့် ရှိကြောင်း ၎င်းက ထောက်ပြသည်။ တက္ကသိုလ် ဆရာ ဆရာမများ၏ တာဝန်မှာ ကျောင်းသားများကို ဝေဖန် စဉ်းစားတတ်သော စွမ်းရည် ထူထောင်ပေးရမည့် တာဝန်သာ ဖြစ်ကြောင်း၊ နိုင်ငံရေး ပါတီတစ်ခု၏ သြဇာခံ မဖြစ်သင့်ကြောင်း ဒဂုံ တက္ကသိုလ်မှ သရုပ်ပြ ဆရာတစ်ဦးက ထောက်ပြသည်။
ဆရာအာကာမိုးသူက ၎င်းကိုယ်တိုင်မှာ အာဏာပိုင် အစိုးရလက်ထက်တွင် ပညာဆည်းပူးခဲ့ရခြင်း ဖြစ်ပြီး အာဏာပိုင်များ ပြဋ္ဌာန်းသော ပညာရေး စနစ်ဆိုးကို ကောင်းစွာ နားလည်ကြောင်း၊ အဆောင် နေ ကျောင်းသားများသည် နိုင်ငံရေးလုပ်ခွင့် တောင်းခံရမည်ဆိုသော ပညာရေးမူဝါဒနှင့် ပတ်သက်၍ အင်မတန် ကြောက်စရာကောင်းသော မူဝါဒ ဖြစ်ကြောင်း သုံးသပ်သည်။
ယခင်ခေတ် အဆက်ဆက်က ယင်းကဲ့သို့ပင် ပိတ်ဆို့မှုကို အခြေပြုသော မူဝါဒ များကြောင့် ကျောင်းသား အရေးအခင်း ကဲ့သို့သော ပညာရေး မူဝါဒအမှား၏ အကျိုးအဆက်များ ဖြစ်ပေါ်ခဲ့ဖူးရာ လက်ရှိ မူဝါဒသစ်မှာ မည်ကဲ့သို့သော ပြဿနာဆိုးများ မွေးဖွားပေးမည်ကို စောင့်ကြည့်ရဦးမည် ဖြစ်ပြီး တက္ကသိုလ် ပရဝဏ်ထဲတွင် နိုင်ငံသား အခွင့်အရေး ခံစားခွင့်ရှိ၊ မရှိကိုလည်း ပညာရေး မူဝါဒ ချမှတ်သူများဘက်က ဖြေကြားပေးရဦးမည် ဖြစ်ကြောင်း နိုင်ငံရေး အကဲခတ်တစ်ဦးက ဆိုသည်။
ခေတ်အဆက်ဆက် ကျောင်းသား လှုပ်ရှားမှုများကို ကြည့်ပါက ကျောင်းသားများမှာ ဝါသနာပါရာကို သင်ယူလေ့လာရင်း ကျောင်းပရဝဏ်အတွင်း ပျော်မွေ့သူများသာ ဖြစ်ပြီး တိုင်းပြည်အတွက် လိုအပ်သည့် အချိန်တွင်တော့ စနစ်ဆိုး၊ ခေတ်ဆိုး၊ ခေါင်းဆောင်ဆိုးများကို တိုက်ထုတ်ရန် လက်နက်ကိုင်ရန် ဝန်မလေး သကဲ့သို့ သေနတ်ပြောင်းဝရှေ့ မတ်တတ်ရပ်ရဲသူ များလည်း ဖြစ်ကြကြောင်း တွေ့ရမည် ဖြစ်သည်။
ယင်းကြောင့် သေနတ်မကြောက်၊ တုတ်မကြောက် သူများကို စည်းကမ်းချက်ကလေး တစ်ခုက တားဆီးရနိုင်မည် မဟုတ်ကြောင်းလည်း နိုင်ငံရေးသမားများ၊ ကျောင်းသား ခေါင်းဆောင်များက ဆိုကြသည်။
နိုင်ငံရေး လေ့လာဆန်းစစ်သူ တစ်ဦးကမူ ကျောင်းသားများနှင့် ပညာရေး ဝန်ကြီးဌာန အကြား နိုင်ငံရေးကို အဓိပ္ပာယ် ဖွင့်ဆိုချက် ကွာဟခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးဝင်းမြင့်ကမူ “ဘယ်လို ဥပဒေ ပြဌာန်းပြဋ္ဌာန်း ဘယ်လိုစည်းကမ်း သတ်မှတ်သတ်မှတ် တကယ်နိုင်ငံရေး လုပ်ရမယ့် အချိန်ကျတော့ ဥပဒေတွေ၊ စည်းကမ်းတွေက အာနိသင် ပြယ်တာမျိုး ဖြစ်တတ်ပါတယ်” ဟု ပြောဆိုလိုက်သည်။
ယင်းသည်ပင် ကျောင်းဝင်းထဲက နိုင်ငံရေးကို အကျဉ်းချနိုင်မည်လော ဆိုသော မေးခွန်း၏ အဖြေဖြစ်မည် ထင်သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis