menu

Sunday 22 December 2013

နှစ်သစ်ကူးနေ့တွင် ဗုံးပေါက်ကွဲမှုနှင့် အမှုကြီးဖြစ်စဉ်များ မဖြစ်ပွားစေရန် လူစည်ကားသောနေရာများ၌ လုံခြုံရေးစီမံချက်ဖြင့် ဆောင်ရွက်မည်

Photo: နှစ်သစ်ကူးနေ့တွင် ဗုံးပေါက်ကွဲမှုနှင့် အမှုကြီးဖြစ်စဉ်များ မဖြစ်ပွားစေရန် လူစည်ကားသောနေရာများ၌ လုံခြုံရေးစီမံချက်ဖြင့် ဆောင်ရွက်မည်

မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတို့တွင် နှစ်သစ်ကူးနေ့၌ ဗုံးပေါက်ကွဲမှုဖြစ်စဉ်များနှင့် အမှုကြီးဖြစ်စဉ်များ မဖြစ်ပွားစေရန် ရဲတပ်ဖွဲ့ဝင်အင်အားကို အပြည့်အ၀ချထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတို့မှ တာဝန်ရှိသူများက ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ပြောကြားချက်အရ သိရသည်။

အဆိုပါ နှစ်သစ်ကူးနေ့တွင် ရဲတပ်ဖွဲ့ဝင်များအား အပြည့်အ၀ချထားသွားမည့်အပြင် လုံခြုံရေးစီမံချက်ရေးဆွဲကာ စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ရဲမှူး ခင်အောင်က ပြောကြားသည်။

ဆက်လက်၍ ရဲမှူးက "နှစ်သစ်ကူးနေ့မှာ လုံခြုံရေးဆောင်ရွက်ဖို့ စီမံချက်ရေးဆွဲနေပြီး အဓိကတော့ လုယက်မှုတွေ၊ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေနဲ့ အခြားမှုခင်းဖြစ်စဉ်တွေ မဖြစ်စေဖို့ ခရိုင်အလိုက် စီမံချက်ချမှတ်ပြီးတော့ ဆောင်ရွက်သွားမယ်" ဟု ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်း၌ ပြောကြားသည်။

မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး မျိုးဆွေဝင်းက "အဲဒီနှစ်သစ်ကူး ညပိုင်းမှာ ကျွန်တော်တို့ ပြည်နယ်အတွင်း အရေးကြီးတဲ့နေရာ သုံးနေရာ၊ လေးနေရာလောက်မှာ အဓိက လုံခြုံရေး ဆောင်ရွက်သွားမယ်။ ညပိုင်းတွေမှာလည်း နယ်မြေအလိုက် လှည့်ကင်းပတ်ကင်းတွေကို တိုးမြှင့်ဆောင်ရွက်သွားမယ်၊ ကားတွေ ဆိုင်ကယ်တွေကိုလည်း ပိတ်ဆို့စစ်ဆေးသွားပါမယ်" ဟု ပြောကြားသည်။
ထို့ပြင်ရှမ်းပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် နှစ်သစ်ကူးနေ့တွင် လုံခြုံရေးဆောင်ရွက်မှုကို ခရိုင်ရဲတပ်ဖွဲ့မှူးများက ဦးစီးပြီး  စီမံချက်ဖြင့် ပိုမိုဂရုပြုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ် ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး လှိုင်တင့်က ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြားသည်။

အလားတူ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိန်လွင်က "အခမ်းအနားပွဲတွေ ရှိရင်တော့ ယခင်ကထက် နယ်မြေအလိုက် လုံခြုံရေးကို ပိုမိုအလေးထားပြီးတော့ လုံခြုံရေးစီမံချက်အတိုင်း ဆောင်ရွက်သွားမယ်" ဟု ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူစည်ကားလေ့ရှိသော နေရာများတွင် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးဝင်းကြည်က ဆိုသည်။

(ဒီဇင်ဘာ ၁၆ ရက်က လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- ၀င်းမြင့်ကျော်))

EMG
 
No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis