menu

Saturday 2 November 2013

မန္တလေးတွင် ကျင်းပမည့် တေးသံရှင်လင်းလင်း၏ Solid Solo Show ပွဲမိန့် မရ

မန္တလေး၊ နိုဝင်ဘာ ၁

တေးသံရှင်လင်းလင်း၏ ဒုတိယမြောက် တစ်ကိုယ်တော် Solid Solo Show ကို မန္တလေးမြို့တော်၌ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ပွဲမိန့်မရသဖြင့် ပြင်ဦးလွင်မြို့ အမျိုးသား ကန်တော်ကြီး ဥယျာဉ်ရှိ နန်းမြင့်မျှော်စင်ရှေ့၌ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါပွဲနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တေးသံရှင်လင်းလင်းက ပြောကြားသည်။

ပထမအကြိမ် တစ်ကိုယ်တော် ရှိုးပွဲကို အောက်တိုဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့တော်တွင် ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်မြောက် ရှိုးပွဲကို မန္တလေးမြို့တော်တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ပွဲမိန့်မရသည့်အတွက် ပြင်ဦးလွင်မြို့တွင် ပြုလုပ်ရခြင်း ဖြစ်ကြောင်း လင်းလင်းက ရှင်းပြသည်။
“ရန်ကုန်ပြီးရင် မန္တလေး၊ မန္တလေးပြီးရင် ပြင်ဦးလွင်မှာလုပ်ဖို့ စီစဉ်ထားပေမယ့် မန္တလေးမှာ ပွဲမိန့်မရတဲ့အတွက် ပြင်ဦးလွင်မှာ အရင်လုပ်ဖြစ်သွားတာပါ။ မန္တလေးမှာ ပွဲမိန့်ရပြီ ဆိုတာနဲ့ ချက်ချင်း ရှိုးပွဲလုပ်ဖြစ်မှာပါ” ဟု လင်းလင်းက ဆိုသည်။

မန္တလေးမြို့တော်တွင် ပြုလုပ်ရန် ပွဲမိန့်မရခြင်းမှာ စက်တင်ဘာ၂၇ ရက်နေ့က ဒိုင်းမွန်းပလာဇာတွင် ပြုလုပ်ခဲ့သည့် ဟစ်ဟော့ရှိုးပွဲတစ်ခုတွင် ခိုက်ရန်ဖြစ်ပွားမှု ရှိခဲ့သည့်အတွက် ထောက်ခံချက်မရှိ၍ ပွဲမိန့်မရရှိခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ လင်းလင်း Show ပွဲစီစဉ်သူ ဦးရှမ်းမက ပြောကြားသည်။
“ပွဲမိန့်မရဘူးဆိုတာ တခြားကြောင့်တော့ မဟုတ်ပါဘူး။ မန္တလေးမှာ လုပ်တဲ့ပွဲတိုင်းလိုလို ရန်ဖြစ်ကြတယ်။ ရန်ဖြစ်ကြတဲ့ သူတွေကလည်း လေး၊ ငါးယောက်လောက်ပဲ ရှိပါတယ်။ ဒါပေမဲ့ အဲဒီ လေး၊ ငါးယောက်လောက်ကိုတောင် ထိရောက်အောင် ထိန်းသိမ်းမယ့်သူ မရှိဘူး။ ရန်ဖြစ်ပြီ ဆိုတာနဲ့ ပွဲမိန့်က ပိတ်လိုက်ပြန်ပြီ။ လေး၊ ငါးလလောက်ကြာရင် ပြန်ဖွင့်ပေးလိုက် ပြန်ပြီ။ ပရိသတ်ကလည်း ပွဲငတ်နေတော့ ပွဲရှိပြီဆိုတာနဲ့ အကုန်ပြုံပြီး ရောက်လာကြတော့၊ လူစုံတော့ ရန်ပြန်ဖြစ်ရော။ ဒီလိုနဲ့ သံသရာက လည်နေတယ်” ဟု ဦးရှမ်းမက ဆိုသည်။

ပြင်ဦးလွင်တွင် ပြုလုပ်မည့် ရှိုးပွဲတွင် တစ်ကိုယ်တော်ရှိုး ဖြစ်သည့်အတွက် လင်းလင်း တစ်ဦးတည်းသာ သီဆိုဖျော်ဖြေမည် ဖြစ်ပြီး မန္တလေး Dream Lover Band က တီးခတ်ပေးမည် ဖြစ်ကြောင်း Dream Lover အဖွဲ့သားတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော်နှင့် ပြင်ဦးလွင်တွင် ပြုလုပ်သည့် ရှိုးပွဲကို DVD အဖြစ် ရိုက်ကူးကာ ပြန်လည် ထုတ်ဝေမည် ဖြစ်သည့်အတွက် ရန်ကုန်ပွဲနှင့် မတူသည့် ထူးထူးခြားခြား အစီအစဉ်များ စီစဉ်ထားကြောင်း၊ ယင်း DVD ကို ၂၀၁၄ ခုနှစ် မေလခန့်တွင် ထွက်ရှိနိုင်မည်ဟု မျှော်လင့်ထားကြောင်း၊ ယင်းအခွေ ရောင်းချရာမှ ရရှိလာမည့် အမြတ်ငွေများနှင့် ငွေရင်းများ အားလုံးကို လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သုံးစွဲမည် ဖြစ်ကြောင်း တေးသံရှင်လင်းလင်းထံမှ သိရသည်။
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis