menu

Saturday 2 November 2013

ဒီအခါကို လွမ်းတယ်.....( ဒေါက်တာခင်မောင်ညို)


  • "မီတာခတွေ တက်လိုက်တာတော်"

    အရာရှိကတော် ဒေါ်ကြော့က အိမ်ရှေ့မှ အော်နေသည်။ ခင်မောင်ကျော် ပိုက်ဆံတောင်းလိုက် ကတည်းက ဒေါ်ကြော့အသံ ထွက်လာခြင်း ဖြစ်သည်။

    "အမေက ပိုက်ဆံတောင်းလိုက်ရင် တစ်ခုခုပြောပြီ"

    "ခင်မောင်ကျော်၊ မင်းတို့မီတာခတွေ တက်တော့ ငါ့မှာလည်း မလောက်မင မဖြစ်အောင် ချွေတာရမှာပေါ့"

    "ဒါကတော့ အမေရယ်။ လူတိုင်း လျှပ်စစ်ရအောင် လုပ်တာ။ ပုဂ္ဂလိကကို လွှဲရတယ်လေ။ ဘယ်ကုမ္ပဏီကမှ အရှုံးခံ မရောင်းဘူး အမေရဲ့။ နိုင်ငံတစ်နိုင်ငံမှာ လျှပ်စစ်ဓာတ်က အရေးကြီးတယ်။ ဒါဟာ မောင်းနှင်အားလို့ခေါ်တယ် အမေရဲ့"

    "ဒါတွေ လာပြောမနေနဲ့၊ နင့်အဖေ မောင်းနှင်အားကတော့ အရက်ပဲ။ နင်ကလည်း ဘီယာသောက်တတ် လာတယ်။ နင်တို့ပေးတဲ့ ပိုက်ဆံနဲ့ မီတာခနဲ့ ဘယ်လိုကာမိမှာလဲ။ ပိုက်ဆံထပ်ရှာဦး"

    "အမေကလည်း ကျွန်တော်က စာအုပ်တွေ ၀ယ်ရတယ်။ ကွန်ပျူတာ ဒီခေတ်ကြီးမှာ ကွန်ပျူတာတတ်မှ စာတတ်တယ်တဲ့။ နောက်ပြီး အင်္ဂလိပ်စာလည်း တတ်ရတယ်။ ပညာတတ်ဖြစ်ချင်ရင် ကွန်ပျူတာရော အင်္ဂလိပ်စာကော တတ်ဖို့လိုတယ် အမေရဲ့"

    "အင်း နင်တို့သားအဖ ပြောလိုက်ရင် ချောလို့။ အိမ်မှာပိုက်ဆံ မရှိဘူး"

    "အမေကလဲ၊ ဒါဆို အဖေ့ဆီ လာပေးထားတဲ့ ဟိုဘလက်လေး ယူသွားမယ်နော်။ ဆိုင်သွားသွင်းလိုက်မယ်"

    "နင့်အဖေ ဆူနေဦးမယ်"

    "အမေကလဲ။ အဖေက ဘလက်မှ မသောက်တာဘဲ၊ ရက်ဒ်လောက် သောက်တာ၊ ဗီရိုထဲမှာ ရက်ဒ်သုံးပုလင်းတောင် ရှိသေးတယ်"

    "ဒါဆိုလည်း ပိုတဲ့ပိုက်ဆံ အမေ့ကိုလာပေး၊ မင်းဘီယာ မသောက်ခဲ့ ရဘူးနော်"

    "တစ်ခါတလေ ခင်ဇော်တို့တိုက်လို့ သောက်တာပါ အမေ။ အမေက မီတာခ တက်တာကိုပဲ စကားထဲ ထည့်ပြောနေသေးတယ်"

    "ပြောရတာပေါ့အေ။ မီတာက တစ်ရာယူနစ်ထက်ကျော်ရင် တစ်ယူနစ်ကို ၅၀ ပေးရမယ်တဲ့"

    "ကျွန်တော်တို့ရုံးက နိုင်ငံခြားသားတွမ်က ပြောတယ်။ မီတာတက်တာ ဘာမှမများ သေးဘူးတဲ့။ သူတို့ ဖိလစ်ပိုင်မှာဆို တစ်လကို ဒေါ်လာ ၂၀၀ လောက် ပေးနေရတယ်တဲ့"

    "အရင်က ၄၅ ပြား နောက်ပြား ၆၀ ပေးခဲ့ရတယ် သားရဲ့၊ တစ်ယူနစ်ရဲ့ ဈေးနှုန်းက အဆမတန် တက်သွားလို့ ပြောနေရတာ"

    "ဒါတော့ ဟုတ်တယ်။ ကျွန်တော်တို့ နိုင်ငံက နှစ် ၅၀ လုံး လျှပ်စစ်မီး ကောင်းကောင်းမရဘူး။ နောက်ပြီး လူဦးရေ ရာခိုင်နှုန်း ၄၀ ကျော်ကျော်ဟာ လျှပ်စစ်မီး မရှိကြဘူးတဲ့။ ဒီရာခိုင်နှုန်း ၄၀ ဟာလည်း တောနေလယ်သမား တောင်သူလယ်သမား ဦးကြီးတွေပဲတဲ့"

    "ဒီလိုမီတာခနဲ့ သူတို့ဒီတစ်သက် လျှပ်စစ်မီး မသုံးရပါဘူး။ မင်းအဖေနိုးလာရင် ပြောနေဦးမယ်။ သွားတော့"

    "ဘာတွေပြောမလဲ မိန်းမ"

    ဦးသိန်းအောင်ဇော်သည် အိမ်ရှေ့ခန်းထဲ ၀င်လာသည်။ "မင်းတို့ပြောတာ အကုန်ကြားရတယ်။ ခင်မောင်ကျော် မင်းငါ့အရက်ကို သွားရောင်းဖို့ ယူသွားတယ် မဟုတ်လား"

    "ဟုတ် ဟုတ်ကဲ့"

    "ပြန်ထားစမ်း"

    "အဖေက ရက်ဒ်ပဲ သောက်တာ၊ ဒါက ဘလက်ပဲ အဖေရဲ့"

    "ငါသွားကန်တော့စရာ ရှိသေးတယ်။ မင်းပြန်ထားလိုက်"

    "ဟုတ်ကဲ့"

    ခင်မောင်ကျော်သည် ကုပ်ကုပ်နှင့် အခန်းထဲဝင်ကာ ဘလက် အရက်ပုလင်းကို ပြန်ထားလိုက်သည်။

    သူပြန်ထွက်လာတော့ အဖေကြီးကို ပြောသည်။

    "အဖေ သားပရိုဂရမ်မင်းစာအုပ် ၀ယ်ရမယ်။ အဲဒါ တစ်သောင်းလောက် ကျမယ်"

    "မင်း ဟိုနေ့က လာကန်တော့တဲ့ထဲမှာ မုန့်ပုံးနှစ်ပုံးတောင် ပါတယ်မဟုတ်လား။ အဲဒါရောင်းလိုက်"

    "]ဒါက တစ်သောင်းမပြည့်ဘူး ထင်တယ်"

    "ဦးဂျမ်း ထည့်ရောင်းလိုက်ပေါ့"

    ဒေါ်ကြော့က "မုန့်ပုံးတော့ မရဘူး။ ဆရာတော် သွားကန်တော့ဖို့ ဖယ်ထားတာ" ပြီးတော့ ဒေါ်ကြော့က ဆက်ပြီး "သားရယ်၊ နောက်တစ်ပတ်မှဝယ်၊ မားကတ်တင်းက လာတဲ့အခါ အရက်ပုလင်း ပါလာမယ်၊ ဒီတော့မှ ရောင်းပေါ့"

    "သီတင်းကျွတ်မှာ အရက်ပုလင်း သိပ်မလာဘူး။ မင်းမမျှော်လင့်နဲ့။ ငါတို့ရုံးက ပေးထားတဲ့ ၁၅၀၀ တန်ဖုန်းကို သွားရောင်းပါလား"

    "ရှင်ပဲပြောတယ်။ ကတ်ချိုးထားလို့ ရှစ်သောင်းပဲ ရမှာမို့ မရောင်းနဲ့ဦးဆို" ခင်မောင်ကျော်က ၀င်ပြောသည်။

    "ကဲ အဖေ၊ သားပဲ သွားရောင်းလိုက်မယ်။ မိုဘိုင်းရှော့ပ်က ကောင်လေးတွေနဲ့ သားရင်းနှီးတယ်"

    "အေး၊ မင်းဆိုင်ကိုရောက်ရင် ဆော်ဒါတစ်ဘူးနဲ့ ချိစ်တစ်ထုပ်ကိုပါ ဆွဲခဲ့"

    "ငါ့အတွက် Diet Coke လည်း ၀ယ်ခဲ့"

    ဒေါ်ကြော့က မှာနေပြန်သည်။

    ဘ၀သည် အင်မတန် မောစရာ ကောင်းသည်။ "ကံကောင်းပေလို့ ဦးသိန်းအောင်ဇော်က နေရာကောင်းလေး ရထားလို့" ဟု ဒေါ်ကြော့စဉ်းစားနေသည်။

    လခတော့ မက်စရာ မဟုတ်။ သို့သော် အပေးအယူတွေ လုပ်လို့ရသည်။

    "ရှင့်တပ်ထဲက သူငယ်ချင်းကိုအောင်တင် ရေနံရောက်နေတယ်ဆို"

    "အေး၊ ငါတို့ Batch တစ်ခုထဲက အောင်တင် ရေနံကို ရောက်နေတယ်လို့ ကြားတယ်"

    "ရှင်သွားပြီး ရေနံချေးလေး ဘာလေး တောင်းပါလား"

    "အေး ငါလည်း စဉ်းစားနေတာ။ ရေနံချေးကိုတော့ ပေးနိုင်ပါတယ်"

    ဒေါ်ကြော့စီမံခန့်ခွဲ၍ရသော ရေနံချေးကို ရောင်းစားရာ သိန်း ၆၀ ကျော်မြတ်သည်။ အမှန်မှာ ဒေါ်ကြော့ကို ရေနံချေး မြင်ဖူးသလားဟု မေးကြည့်ပါ။ ဒေါ်ကြော့မမြင်ဖူးပါ။ မြင်ဖူးစရာလည်း မလိုပါ။ ပါမစ်ကို လက်လွှဲရောင်းလိုက်ရုံသာ ဖြစ်သည်။

    ဒေါ်ကြော့တို့လို့ ဗိုလ်ကတော် တစ်ဖြစ်လဲ အရာရှိ ကတော်များသည် တစ်ယောက်ကိုတစ်ယောက် သတင်းအချက်အလက် ဖလှယ်ကြသည်။

    "မင်းယောက်ျား သူငယ်ချင်း တောင်ငူဘက် ရောက်နေပြီ"

    ဒါကိုသိလျှင် ဒေါ်ကြော့တောင်ငူကို လိုက်သွားသည်။ ပါမစ်မြေ တစ်ကွက်တော့ လွယ်လွယ်ကူကူပင် ရသည်။ အရောင်းအ၀ယ်ကိုတော့ ရန်ကုန်မှာပင် စောင့်လုပ်သည်။ သိန်းတစ်ရာလောက် မြတ်သည်။ မြတ်မှဖြစ်မည်။ ကြည့်လေ စရိတ်တွေကလည်း အင်မတန် တက်တယ်။ သားက ကားလိုချင်လို့ ဟွန်ဒါဖစ်လေး ၀ယ်ပေးလိုက်ရသည်။ ခုတော့ ၁၀ သိန်းကျော် ရှုံးသည်။
    ကားရောင်းလို့မြတ်တဲ့ခေတ် ကုန်သွားပြီ။

    လွန်ခဲ့တဲ့ နှစ်နှစ်လောက်က QQ3 (သူတို့က ကြူကြူသင်းဟု ခေါ်သည်) တစ်စီးရ၍ ရောင်းစားလိုက်ရာ သိန်း ၆၀ ကျော် မြတ်သည်။ ခုတော့ အဲဒီကားတွေ ရှုံးနေသည်ဟု ကြားရပြန်သည်။ သားကားဟာ ဓာတ်ဆီမစား ပေမယ့်လည်း ဓာတ်ဆီဖိုးက အတော်များသည်။ အရင်ခေတ်ကလို ဓာတ်ဆီတန်းစီတဲ့ခေတ်ကို လွမ်းမိသေးသည်။ ဘယ်လောက်တန်းစီရစီရ အမြတ်နှင့် ကားစီးနိုင်သည်။ ဟင်းလျာဝယ်နိုင်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ FM ရေဒီယိုက မေဆွိသီချင်းလေး လာနေသည်။ "ဒီအချိန်ကို လွမ်းတယ်" တဲ့။
    Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis