menu

Saturday 2 November 2013

ဆီးရီးယား လေတပ်စခန်း အစ္စရေးလေယာဉ်များ တိုက်ခိုက်

news_for_syratiryt_cna

ဒမတ်စကတ်၊ နိုဝင်ဘာ ၁
ဆီးရီးယားနိုင်ငံမြောက်ပိုင်း လာတာကီယာ ပြည်နယ်တွင်းရှိ လေတပ်စခန်းတစ်ခုကို အစ္စရေး တိုက်လေယာဉ်များက တိုက်ခိုက်ခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
လက်ဘနွန် အခြေစိုက် ရှီးယား စစ်သွေးကြွအုပ်စု ဟစ်ဇဘိုလာအဖွဲ့သို့ လွှဲပြောင်းပေးပို့ရန် စီစဉ်ထားသည့် လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များကို အစ္စရေး တိုက်လေယာဉ်များက တိုက်ခိုက်သွားခြင်း ဖြစ်ကြောင်း Al- Arabiya သတင်းတွင် ဖော်ပြထားသည်။
အစ္စရေးတို့၏ တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ကြောင်း အမေရိကန် အရာရှိများက အတည်ပြု ပြောကြားခဲ့သော်လည်း မည်သည့်နေရာနှင့် မည်သည့်အချိန်တွင် တိုက်ခိုက်ခဲ့ကြောင်း အတိအကျ ဖော်ပြသွားခြင်းမရှိပေ။
“ဟစ်ဇဘိုလာတွေကို လွှဲပြောင်းပေးမယ့် ဒုံးကျည်တွေကို တိုက်ခိုက်လေ့ရှိတဲ့ သမိုင်းတော့ ရှိပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။
လတ်တာကီးယား ဒေသတွင်းရှိ ဆီးရီးယား လေတပ်စခန်းတွင် ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ယင်းတိုက်ခိုက်မှု နောက်ကွယ်တွင် အစ္စရေးနိုင်ငံ ရှိနေကြောင်း ဒူဘိုင်းအခြေစိုက် Al- Arabiya သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ သတင်းများနှင့် ပတ်သက်၍ မှတ်ချက်ပေး ဖြေကြားပေးရန် AFP သတင်း၏ တောင်းဆိုချက်ကို အစ္စရေး အရာရှိများက ငြင်းပယ်ခဲ့သည်။
လေတပ်စခန်း တိုက်ခိုက်ခံရမှု နောက်ကွယ်တွင် တူရကီနိုင်ငံ ပါဝင်ပတ်သက်နေကြောင်း သတင်းများလည်း ထပ်မံထွက်ပေါ်လာပြီး အဆိုပါဒေသအနီး တူရကီ စစ်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရ သည်ကို လက်စားချေသည့်အနေနှင့် တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်နိုင်ကြောင်း လက်ဘနွန် အခြေစိုက် MTV သတင်းတွင် ဖော်ပြထားသည်။
ရုရှားနိုင်ငံလုပ် SA-125 လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များကို အစ္စရေး တိုက်လေယာဉ်များက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ အမေရိကန် အရာရှိတစ်ဦးက ပြောကြားသည်။
ဓာတုလက်နက် သို့မဟုတ် သမားရိုးကျ လက်နက်များကို စစ်သွေးကြွအုပ်စုများသို့ လွှဲပြောင်းပေးအပ်ပါက ဆီးရီးယားနိုင်ငံအပေါ် အရေးယူသွားမည်ဟု အစ္စရေးနိုင်ငံက သတိပေးထားသည်။
ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပနိုင်ရန် ရုရှားနှင့် အမေရိကန် ပြည်ထောင်စုတို့ အနီးကပ် ပူးပေါင်း ဆောင်ရွက်နေချိန်တွင် ရုရှားလက်နက်များကို ပစ်မှတ်ထား တိုက်ခိုက်သည့် အစ္စရေးလေကြောင်း တိုက်ခိုက်မှု ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis