menu

Wednesday 6 November 2013

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် စစ်ဆေးရန် ကျန်ရှိနေသေးသည့် ဟန်လင်းမြို့ဟောင်းအား လာမည့်နှစ်ဆန်းပိုင်းတွင် လာရောက်စစ်ဆေးမည်

Photo: ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် စစ်ဆေးရန် ကျန်ရှိနေသေးသည့် ဟန်လင်းမြို့ဟောင်းအား လာမည့်နှစ်ဆန်းပိုင်းတွင် လာရောက်စစ်ဆေးမည်

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် စာရင်းတင်သွင်းထားသည့် ပျူမြို့ဟောင်း သုံးမြို့အနက် ICOMOS (International Council on Monuments and Sites) မှ လာရောက်စစ်ဆေးရန် ကျန်ရှိနေသေးသည့် ဟန်လင်းမြို့ဟောင်းအား ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် လာရောက်စစ်ဆေးမည်ဖြစ်ကြောင်း ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ သိရသည်။

ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ UNESCO ၏ တာဝန်ပေးချက်အရ ICOMOS မှ ကျွမ်းကျင်ပညာရှင် Dr.Susan က အောက်တိုဘာ ၂၅ ရက်တွင် ပျူမြို့ဟောင်း သုံးမြို့အနက်မှ သရေခေတ္တရာ မြို့ဟောင်းနှင့် ဗိဿနိုးမြို့ဟောင်းတို့အား လာရောက်စစ်ဆေးခဲ့ပြီး ဟန်လင်းမြို့ဟောင်းအား စစ်ဆေးရန် ကျန်ရှိနေသေးကြောင်း သိရသည်။

"ICOMOS က ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့ တင်ထားတဲ့ သရေခေတ္တရာ မြို့ဟောင်းနဲ့ ဗိဿနိုး မြို့ဟောင်းတွေကို ပထမဦးဆုံး လာစစ်ဆေးတာပါ။ စစ်ဆေးဖို့ ကျန်သေးတဲ့ ဟန်လင်းမြို့ဟောင်းကိုတော့ ၂၀၁၄ နှစ်ဆန်းပိုင်းမှာ လာပြီးစစ်ဆေး ဦးမှာပါ။ လာစစ်ဆေးတာက သူတို့ဆီကို တင်ထားတဲ့ Management Plan နဲ့ အပြင်မှာ ဆောင်ရွက်ထားတာတွေ ကိုက်ညီမှု ရှိမရှိ လာစစ်ဆေးတာပါ။ ယဉ်ကျေးမှု နယ်မြေတွေကို ထိန်းသိမ်းထားတာ တကယ်ဟုတ် မဟုတ်ကိုပေါ့။ အခုစစ်ဆေးဖို့ ကျန်သေးတဲ့ ဟန်လင်းမှာလည်း ပြုပြင်ထိန်းသိမ်းမှုတွေ ဆက်လုပ်နေပါတယ်။ ပြတိုက်လည်း တည်ဆောက်ပြီးသွားပြီ" ဟု ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ပြင်သစ်နိုင်ငံ အခြေစိုက် ICOMOS အဖွဲ့သည် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်များ ပြုပြင်ခြင်းနှင့် ကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်းများအား လုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဒေသများနှင့် ပတ်သက်၍ UNESCO အား အကြံပြုချက်များ ပေးအပ်လျက်ရှိသည့် အဖွဲ့တစ်ခုဖြစ်ကြောင်း သိရသည်။

ဟန်လင်းမြို့ဟောင်း တစ်နေရာအား တွေ့ရစဉ်

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis