menu

Thursday 3 October 2013

ဆန္ဒပြပွဲများအလွန် အထည်ချုပ်လုပ်ငန်းများ

Photo: ဆန္ဒပြပွဲများအလွန် အထည်ချုပ်လုပ်ငန်းများ
-----------------------
ရေးသားသူ- ငြိမ်းချမ်း၊ အေးမြတ်သူ

ရန်ကုန်မြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် မဟာဗန္ဓုလပန်းခြံရှေ့တွင် အပြာရောင် တူညီဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်စုက အချက်သုံးချက် တောင်းဆိုနေသည်။

“အလုပ်သမားအခွင့်အရေးရရှိရေး ချက်ချင်းပေး။ အလုပ်သမားတန်းတူညီမျှမှုရရှိရေး ချက်ချင်းပေး။ ဟုန်ရှင်းအလုပ်သမားများ မပြိုကွဲရေး ဒို့အရေး”

သပိတ်စခန်းဖွင့်ကာ ၂၆ နာရီကြာ ဆန္ဒထုတ်ဖော်ခဲ့သော အအေးခန်းစက်ရုံမှ အလုပ်သမားများ၏ အသံများဖြစ်သည်။ လုပ်အားခလစာနည်းပါးခြင်း၊ စက်ရုံမှ အလုပ်ထုတ်ပယ်ခံရခြင်းတို့ကြောင့် ဒုတိယအကြိမ်မြောက် တောင်းဆိုခြင်းဖြစ်သည်။ ထိုဆန္ဒပြတောင်းဆိုမှုကြောင့် စက်ရုံပိုင်ရှင်က အလုပ်သမားများအား သုံးလစာပေးကာ စက်ရုံသိမ်းပိတ်ခဲ့သည်။ ထိုစက်ရုံအလုပ်သမားများ ဆန္ဒပြမှုသည် အစိုးရသစ်လက်ထက်တွင် လစာနည်းမှုကြောင့် အလုပ်သမားဆန္ဒပြမှုပေါင်း နှစ်ရာကျော်ထဲမှ တစ်ခုဖြစ်သည်။

ထိုသို့ လုပ်ခလစာနည်းပါးမှုနှင့် အလုပ်သမားအခွင့်အရေး နည်းပါးမှုကြောင့် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီးနောက် အထည်ချုပ်စက်ရုံအချို့မှာ အခြားစက်ရုံများမှ ယုံကြည်မှုနည်းပါးခြင်း၊ အလုပ်သမားများ ရရှိရန်ခက်ခဲလာခြင်း၊ စက်ရုံနာမည် ပျက်ရခြင်းတို့ကြောင့် ရပ်တည်ရန်ခက်ခဲလာနိုင်သည်။

“အလုပ်သမားတွေ ဆက်ပြီးဆန္ဒပြနေဦးမယ်ဆိုရင် လုပ်ငန်းရှင်တွေ ရပ်တည်ဖို့ခက်ခဲလာမယ်”ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးကဆိုသည်။

မြန်မာနိုင်ငံတွင် အလုပ်သမားဆန္ဒပြမှုများ ဖြစ်ပေါ်နေသောကြောင့် ကမ္ဘောဒီးယားနိုင်ငံမှ လုပ်ငန်းရှင်များက လာရောက်ရင်းနှီးမြှုပ်နှံရန်အတွက် စိုးရိမ်နေကြောင်း ကမ္ဘောဒီးယားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် လုပ်ကိုင်နေသော ပြည်တွင်းစီးပွားရေးသမားအချို့ကလည်း ဆိုသည်။

လုပ်ခလစာနည်းပါး၍ ဆန္ဒပြမှုများဖြစ်ပေါ်ပြီးနောက် အချို့စက်ရုံပိုင်ရှင်များမှာ မိမိတို့စက်ရုံတွင် အလားတူပြဿနာမပေါ်အောင် လစာတိုးမြှင့်ပေးခဲ့သည်များလည်းရှိသည်။

ယခင် စက်ရုံအလုပ်သမားများ လုပ်ခလစာနည်း၍ ဆန္ဒထုတ်ဖော်မှုများ၊ စက်ရုံအတွင်းပြုလုပ်ခဲ့သည်များ ရှိသော်လည်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် လှိုင်သာယာစက်မှုဇုန်အတွင်းရှိ တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားတစ်ထောင့်ငါးရာကျော်သည် စက်ရုံမှ လစာပေးထားမှုနည်းပါးခြင်းကြောင့် ပထမဆုံးအကြိမ် ဆန္ဒပြတောင်းဆိုသည့် အလုပ်သမားများဖြစ်သည်။ မေ ၉ နှင့် ၁၀ ရက်တွင် ဟိုင်မိုစက်ရုံမှ အလုပ်သမား ၂၀၀၀ ကျော် ဆန္ဒပြမှုများကြောင့် တစ်နိုင်ငံလုံး လူသိများခဲ့ကာ ထို့နောက် အလုပ်သမားဆန္ဒပြမှုများ စက်ရုံတစ်ရာကျော်တွင် ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ပြီးနောက်ပိုင်း စက်ရုံမှ လစာပေးထားမှုနည်းပါးခြင်းကြောင့် ဆန္ဒဖော်ထုတ်တောင်းဆိုသည့် အမှုပေါင်းနှစ်ရာကျော်ထိ ရှိခဲ့သည်။
ထိုအထဲမှ ခုံသမာဓိကောင်စီအထိ ဖြေရှင်းရသည့် အမှုပေါင်း ၅၆ မှုရှိပြီး ခုံသမာဓိအဆင့်ထိ ဖြေရှင်းခဲ့ရသည့် အမှုပေါင်း ၁၀၆ မှုရှိကြောင်း နေပြည်တော် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အလုပ်သမားများ၏ ဆန္ဒပြတောင်းဆိုမှုများကြောင့် အင်ဒိုနီးရှားအထည်ချုပ်စက်ရုံတစ်ရုံနှင့် ဟုန်ရှင်းအအေးခန်းစက်ရုံတစ်ရုံ ပိတ်သိမ်းခဲ့သည်။

“အလုပ်သမားအခွင့်အရေးတွေမရလို့၊ တောင်းဆိုချက်တွေမရလို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ လာပြီးသပိတ်စခန်းဖွင့်တာပါ”ဟု စက်တင်ဘာ ၂၂ ရက်တွင် ဟုန်ရှင်းအအေးခန်းစက်ရုံမှ အလုပ်ထုတ်ခြင်းခံရသောကြောင့် သပိတ်စခန်းဖွင့်လှစ်ရာတွင် ဦးဆောင်သူအလုပ်သမား ကိုသီဟကပြောသည်။

“ဆန္ဒပြလို့ စက်ရုံပိတ်ရရင် အလုပ်ရှင်လည်း ရပ်တည်ဖို့အတွက် ခက်ခဲသွားသလို၊ အလုပ်သမားလည်း နောင်အလုပ်ရဖို့ ခက်သွားပြီ”ဟု ပြည်တွင်း နာမည်ရအထည်ချုပ်လုပ်ငန်းတစ်ခုမှ လုပ်ငန်းရှင်တစ်ဦးကဆိုသည်။

စက်ရုံအလုပ်သမား လစာနည်းပါးခြင်းကြောင့် အလုပ်သမားများ ဆန္ဒပြတောင်းဆိုခြင်းမှာ ယခင်ကတည်းက ရှိခဲ့သော်လည်း အစိုးရ၏အရေးယူမှု၊ အလုပ်ရှင်မှ အလုပ်ထုတ်ပယ်လိုက်ခြင်းတို့ကြောင့် ဆန္ဒပြတောင်းဆိုမှုများမှာ နည်းပါးခဲ့သည်။

“အလုပ်သမားတွေကို လစာကောင်းကောင်းပေးမထားရင် ဆန္ဒပြမှာပဲ။ ဆန္ဒထုတ်ဖော်မှုတွေ မဖြစ်စေချင်ရင် လစာကောင်းကောင်း ပေးထားရမှာပဲ။ အလုပ်သမားတွေ အပြင်ထွက်မသွားရအောင် မိသားစုလိုဆက်ဆံရမှာပါ”ဟု တောင်ဒဂုံမြို့နယ်ရှိ ထိုက်ထိုက်အထည်ချုပ်စက်ရုံပိုင်ရှင် ဦးကျော်ခိုင်ကပြောသည်။

ဆန္ဒပြမှုဖြစ်ပွားခဲ့သော စက်ရုံအများစုတွင် အလုပ်သမားများသည် တစ်ရက်လုပ်အားခ ခုနစ်ရာကျော်ဝန်းကျင်သာရရှိပြီး အခြားစက်ရုံမှ အလုပ်သမားများသည်လည်း တစ်နေ့လုပ်ခ တစ်ထောင်ဝန်းကျင်သာရရှိကြရာ အချိန်ပိုကြေးနှင့် အခြားထောက်ပံ့သောအရာများ ရရှိနေသောကြောင့် အဆင်ပြေမှုများရှိနေသည်။

“အလုပ်သမားတွေ တောင်းဆိုကြတာက ဥပဒေပါအကြောင်းအရာကို တောင်းဆိုကြတာပါ။ အလုပ်ရှင်တွေကလည်း အလုပ်သမားဥပဒေကို နားလည်ဖို့လိုတယ်”ဟု အလုပ်သမားအရေးများကို ဆောင်ရွက်ပေးနေသော ရှေ့နေဦးဌေးကပြောသည်။

၂၀၁၂ ခုနှစ် ဇွန်လအတွင်းက စက်ရုံအလုပ်သမားများ ဆန္ဒပြတောင်းဆိုချိန်တွင် ၀န်ကြီးဦးမြင့်သိန်းက စက်ရုံပိုင်ရှင်များအနေဖြင့် တစ်နေ့အနည်းဆုံး လုပ်ခတစ်ထောင်ကျပ် ပေးရမည်ဟု စက်ရုံပိုင်ရှင်များနှင့် ယာယီသဘောတူခဲ့သည်။ ထိုအချိန်ကတည်းက နှုတ်သဘောဖြင့် ပြောဆိုမှုသာရှိပြီး တကယ့်ဥပဒေတစ်ရပ် ထွက်ပေါ်လာခြင်းမရှိခဲ့။

ထို့အပြင် ဥရောပမှ မြန်မာကို ကုန်သွယ်ရေးအထူးသက်သာခွင့် ပြုပြီးနောက်ပိုင်း မြန်မာနိုင်ငံမှ ပို့ဆောင်သော ကုန်ပစ္စည်းများကို အခွန်မဆောင်ရခြင်း၊ အလုပ်သမား အလွယ်တကူရရှိခြင်းတို့ကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာပြီး ပြည်တွင်းတွင် အထည်ချုပ်စက်ရုံပေါင်း ၂၈၀ ၀န်းကျင်ထိ ရှိလာသည်။ တောင်ကိုရီးယားနိုင်ငံမှ လာရောက်လုပ်ကိုင်သော စက်ရုံပင် ၅၀ ကျော်ထိ ရှိလာသည်။

ပြည်ပလုပ်ငန်းရှင်များက လုပ်အားခပိုပေးပြီး အလုပ်သမားများခေါ်ယူပါက ပြည်တွင်းစက်ရုံများအနေဖြင့် အလုပ်သမားအခက်အခဲများနှင့်လည်း ရင်ဆိုင်လာရနိုင်ကြောင်း ဦးမြင့်စိုးကဆိုသည်။

ထို့အပြင် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံမှုများကြောင့် ပြည်တွင်းစက်ရုံများအနေဖြင့် ဈေးကွက်နှင့်နည်းပညာ ရရှိမည်ဖြစ်သော်လည်း လစာများပိုပေးသောကြောင့် ပြည်တွင်းစက်ရုံများအတွက် အလုပ်သမားများဆုံးရှုံးနိုင်ကြောင်း အထည်ချုပ်လုပ်ငန်းပိုင်ရှင်များက ပြောဆိုသည်။

“အနိမ့်ဆုံးလစာတွေ မပြဋ္ဌာန်းနိုင်သေးလို့ ဆန္ဒပြပွဲတွေရှိနေသေးတာ”ဟု လွှတ်တော်မှဖွဲ့စည်းထားသော အလုပ်ရှင်အလုပ်သမားအခွင့်အရေး၊ လေ့လာရေး ပူးပေါင်းကော်မရှင်အဖွဲ့ဝင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကပြောသည်။

၂၀၁၃ ခုနှစ် မတ်လက ပြဋ္ဌာန်းခဲ့သော အနည်းဆုံးအခကြေးငွေဥပဒေတွင် အလုပ်ရှင်များအနေဖြင့် ပုဒ်မ ၁၄ အရ အလုပ်သမားများရခွင့်ရှိသော အနည်းဆုံးအခကြေးငွေနှင့် အခြားခံစားခွင့်များအောက်လျော့နည်း၍ အလုပ်သမားအား ပေးခြင်းမပြုရ၊ အလုပ်သမားများ၏ စာရင်း၊ ဇယားနှင့် စာတမ်းအမှတ်အသားများ၊ အခကြေးငွေစာရင်းများနှင့်ပတ်သက်ပြီး မမှန်မကန်ပေးသွင်းခြင်း၊ လိမ်လည်မှတ်တမ်းပြုစုခြင်း (သို့မဟုတ်) မမှန်မကန်လိမ်လည်၍ အစီရင်ခံခြင်းမပြုရ စသည်တို့ပြုလုပ်ပါက မည်သည့်အလုပ်ရှင်မဆို ပုဒ်မ ၂၂ အရ ထောင် ၂ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းထက်မပိုသော ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မည်ဟု ဖော်ပြထားသည်။

အလုပ်သမားအများစု မျှော်လင့်လျက်ရှိသည့် အနည်းဆုံးအခကြေးငွေနည်းဥပဒေအား ဇူလိုင် ၁၂ ရက်တွင် ပြဋ္ဌာန်းနိုင်ခဲ့သော်လည်း အနိမ့်ဆုံးလုပ်ခလစာမှာ ယနေ့အထိ မသတ်မှတ်နိုင်သေးပါ။ ထိုနှုန်းကိုသတ်မှတ်ရန် အမျိုးသားကော်မတီအဖွဲ့ ဖွဲ့စည်းထားပြီး အမျိုးသားကော်မတီမှ တိုင်းဒေသကြီး ပြည်နယ်တို့ရှိ အလုပ်သမားများ၏ လုပ်ခလစာများကို ကွင်းဆင်းလေ့လာနေဆဲဖြစ်သည်။ တရားဝင်နှုန်းထား သတ်မှတ်နိုင်ရန် အချိန်ကာလ ခြောက်လကြာမြင့်ဦးမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ဓာတ်ပုံ- နစ်ကီ

7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis