menu

Sunday 29 September 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ပြန်ရေးဆွဲရေး ပြည်သူ့ ဆန္ဒ ကောက်ခံမည်ဟု NLD ဆို

Photo: ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ပြန်ရေးဆွဲရေး ပြည်သူ့ ဆန္ဒ ကောက်ခံမည်ဟု NLD ဆို

ရန်ကုန်၊ စက်တင်ဘာ ၂၈

အခြေခံဥပဒေကို ပြင်ဆင်မည်ဟု ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆွယ်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရေးနှင့် အသစ်ပြန်လည် ရေးဆွဲရေး အတွက် ပြည်သူ့ဆန္ဒ သဘောထားကို ကောက်ခံသွားမည် ဖြစ်ကြောင်း ယင်းပါတီ၏ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီက စက်တင်ဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်နှင့် ပြန်လည် ရေးဆွဲရန်အတွက် အားသာချက်၊ အားနည်းချက်များကို တိုင်းရင်းသား ပါတီများနှင့် ဆွေးနွေးခဲ့သော်လည်း တူညီသော ဆုံးဖြတ်ချက် မရသဖြင့် ပြည်သူ့ဆန္ဒ ကောက်ခံရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ လမ်းကြောင်း ဖြစ်ပြီး အသစ်ပြန်ရေးခြင်းသည် ပါတီ၏ လမ်းကြောင်း မဟုတ်သဖြင့်  ပြတ်သားစွာ ပြောကြားရန် လိုအပ်သည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက The Voice သို့ ပြောကြားသည်။  

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်းသည် အစိုးရ ဖွင့်ပေးသောလမ်းကို လျှောက်ခြင်း ဖြစ်ပြီး အသစ်ပြန်လည် ရေးဆွဲပါက အစိုးရနှင့် ထိပ်တိုက် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က မှတ်ချက်ပေးသည်။
“အစိုးရကို ထိပ်တိုက် ရင်ဆိုင်တာထက် ပူးပေါင်းတာက ပိုကောင်းတယ်။ သမိုင်းကြောင်းတွေလည်း အများကြီး ရှိတယ်” ဟု ၎င်းကဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရေးအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေး အင်အားစုများက ပြင်ဆင်ရာတွင် ဦးတည်ချက်များ ကွဲလွဲနေပြီး အခြေခံဥပဒေ ကို ပြင်ဆင်ခြင်းနှင့် ပြန်လည် ရေးဆွဲခြင်း လုပ်ငန်းတွင် အကျိုးသက်ရောက်မှု ကြီးစွာကွာဟကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူများက သုံးသပ်ကြသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ပြောင်းလဲရေး လုပ်ငန်းစဉ်များ မဖြစ်နိုင်သည့်အတွက် အသစ်ပြန်လည် ရေးဆွဲရေးထက် ပြင်ဆင်ရန် ကြိုးပမ်းခြင်းက အကျိုးကျေးဇူး ပိုရနိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ပါတီ၏ အခြေခံဥပဒေ ပြန်လည် ပြင်ဆင်ရေး ကော်မတီကို သြဂုတ်လ ၆ ၇က်နေ့က ရှေ့နေ ခြောက်ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး စက်တင်ဘာလကုန်ပိုင်းတွင် အခြေခံဥပဒေ ပြင်ဆင်ချက်များကို ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis