menu

Sunday 29 September 2013

ထွေးဦးမြန်မာ ရုပ်သေးပညာရှင် ဦးမောင်ကြည် ဖျော်ဖြေမှု ပြီးဆုံးချိန် ရုတ်တရတ် ကွယ်လွန်


ရန်ကုန်၊ စက်တင်ဘာ ၂၈

ဆီဒိုးနားဟိုတယ် မင်းတုန်းခန်းမတွင် စက်တင်ဘာ ၂၇ ရက်နေ့ညက ပြုလုပ်သော ထိုင်း-မြန်မာ ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံပွဲတွင် ကပြဖျော်ဖြေခဲ့သည့် ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့မှ ပင်တိုင် ရုပ်သေးပညာရှင်ဖြစ်သူ ဦးမောင်ကြည်မှာ အဆိုပါ ခန်းမအတွင်း ဖျော်ဖြေမှု ပြီးဆုံးချိန် ဆေးသောက်နေစဉ် ရုတ်တရက် သေဆုံးခဲ့ကြောင်း ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့မှ ဒေါ်တင်တင်ဦးက The Voice သို့ ပြောကြားသည်။

ထိုင်း-မြန်မာ ခရီးသွားလာရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံပွဲတွင် ရုပ်သေး အကအလှများဖြင့် ကပြဖျော်ဖြေ ခဲ့ပြီးနောက် ပစ္စည်းများ သိမ်းဆည်း၍ အပြီးတွင် ဦးမောင်ကြည်က အသင့် ယူဆောင် လာသည့် ဆေးဝါးများကို သောက်သုံးစဉ် လဲကျသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူ၏ တပည့်လည်းဖြစ်သည့် ရုပ်သေးပညာရှင် တစ်ဦးဖြစ်သူ ဒေါ်တင်တင်ဦးကပင် ထပ်မံရှင်းပြသည်။
“ဆေးကို အစာမရှိဘဲ သောက်နေတာတွေ့လို့ ပေါင်မုန့်လေးစားပြီး သောက်ပါလို့ ပြောတာကို ဆရာက ဆေးသောက်ပြီးမှ စားမယ်ဆိုပြီး ဆေးကို အရင်သောက်တယ်။ ပြီးတော့ ပေါင်မုန့်စားနေတုန်း ရှေ့ကို ငိုက်ကျပြီး ကျွန်မလက်ပေါ်မှာတင် ဆုံးသွားတာပါ” ဟု ၎င်းက ထပ်မံပြောကြားသည်။



သေဆုံးသူမှာ နှလုံးရောဂါနှင့် သွေးတိုး ရောဂါဝေဒနာ ခံစားနေရသူ ဖြစ်ပြီး ယခုသေဆုံးမှုမှာ နှလုံးအဆို့ရှင် ပိတ်၍ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု မှုခင်းဆရာဝန်ကြီးက မှတ်ချက် ပေးထားကြောင်း မိသားစု ဝင်တစ်ဦးက ဆိုသည်။

ဦးမောင်ကြည်မှာ အသက် ၁၈ နှစ် အရွယ်ခန့်က သဘင်လောကသို့ စတင်ဝင်ရောက်ခဲ့ကာ ဇာတ်မင်းသားအဖြစ် အနှစ် ၂၀ ခန့် လုပ်ကိုင်ခဲ့ပြီးနောက်ပိုင်း ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနတွင် ရုပ်သေး ကြိုးဆွဲပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ကာ အကြိမ် ၅၀ နှင့်အထက် ဇီဝိတဒါန သွေးလှူဒါန်းမှုကြောင့် လူမှုထူးချွန်ဆု ရရှိခဲ့ကြောင်း ၎င်းကထပ်မံပြောကြားသည်။

သေဆုံးသူ ဦးမောင်ကြည်မှာ ၂၀၀၆ ခုနှစ်မှစတင်၍ သေဆုံးချိန် ထိ ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့နှင့် ဆိုးတူကောင်းဖက် တစ်လှေတည်းစီးကာ လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ ၎င်း၏ မိသားစုအတွက် ဖခင်ကောင်းတစ်ဦး ဆုံးရှုံးရုံမက မြန်မာ့ရုပ်သေး လောကအတွက် ရုပ်သေး ဆရာကောင်းတစ်ဦး ဆုံးရှုံးခဲ့ရကြောင်း ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့ တည်ထောင်သူ ဦးခင်မောင်ထွေးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis