တောင်ဥက္ကလာပမှ အမျိုးသမီးကြီးတစ်ဦးကိုသတ်ရန် ငွေပေးစေခိုင်းသူများနှင့် ကြေးစားလူသတ်သမားတို့ကို ဖမ်းမိပြီဟုဆို
ဇော်ဇော်ထွေး | သောကြာနေ့၊ စက်တင်ဘာလ ၂၀ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၃၇ မိနစ်
တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သော အမျိုးသမီးကြီးတစ်ဦးအား
လူတစ်ဦးက ချွန်ထက်သောအရာဖြင့် ထိုးပြီး ထွက်ပြေးခဲ့မှုနှင့် ပတ်သက်ပြီး
သံသယရှိထားသည့် ငွေပေးစေခိုင်းသူများနှင့် ကြေးစားလူသတ်သမားတို့ကို
ဖော်ထုတ် ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၁၉
ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
အမှုနှင့်ပတ်သက်၍ သံသယရှိဖမ်းဆီး ထားသူများမှာ ကြေးစားမြင့်အေး
(လိပ်စာအတည်တကျမရှိ) နှင့် ဒါးပိန်မြို့နယ် နေသူများဖြစ်သည့် စီစဉ်ပေးသူ
လှမောင် (ဘ) ဦးသောင်းငွေ၊ ငွေပေးစေခိုင်းသူ သားအဖ ဖြစ်သည့် ဦးပေါက် (ခ)
မြင့်လွင် (ဘ) ဦးပုနှင့် ၄င်း၏သားဖြစ်သူ ဇင်သန့် (ခ) ဇင်သန့်အောင်တို့ (၄) ဦး ဖြစ်သည်ဟုရဲတပ်ဖွဲ့က အတည်ပြု ထားသည်။
စက်တင်ဘာ ၁၀ ရက် ည ၉ နာရီခွဲအချိန်က တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ စတိုးဆိုင်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်း
ဖြစ်ပြီး ဈေးဝယ်လာသည့် အမျိုးသားကြီးတစ်ဦးက ကောင်တာတွင်ထိုင်နေသည့်
ဒေါ်မြင့်မြင့်ရှိန်အား အသင့်ယူဆောင် လာသော ပလပ်စတစ်အိတ်ပတ်ထားသည့်
ချွန်ထက်သောအရာဖြင့်ထိုး၍ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။
ဒေါ်မြင့်မြင့်ရှိန်တွင် ၀ဲ/ယာ
ရင်အုံအောက်တွင် ထိုးသွင်းဒဏ်ရာ (၂) ချက်၊ ၀ဲဂျိုင်းအောက်တွင်
ထိုးသွင်းဒဏ်ရာ (၁) ချက်တို့ ရရှိကာ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင်
အတွင်းလူနာ (စိုးရိမ်ရ) အဖြစ်တက်ရောက် ကုသခဲ့ရသည်။
ဖမ်းဆီးရမိသူများအား စစ်ဆေးရာတွင် လည်း ဒေါ်မြင့်မြင့်ရှိန်အား သတ်ဖြတ်ရန်
ကြံစည်ပြီး ငွေပေးစေခိုင်းခဲ့သူမှာ ကာယကံရှင်၏ အစ်မဖြစ်သူ ဒေါ်ခင်ခင်စိန်၏
ခင်ပွန်း ဖြစ်သူ ဦးမြင့်လွင်နှင့် သားဖြစ်သူ
ဇင်သန့်အောင်တို့က ကြံစည်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို စစ်ဆေးသိရှိခဲ့ရသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းတို့ သားအဖနှင့်ဦးသည် ဒေါ်မြင့် မြင့်ရှိန်နှင့် စားသောက်ဆိုင်ကိစ်္စ
စကားများကာ တောင်ဥက္ကလာပမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရမှုတွင်
အမှုရှုံးမည်စိုးသောကြောင့် လှမောင်ဆိုသူ (မြင့်လွင်နှင့် ညီအစ်ကို
ဝမ်းကွဲတော်သူ) နှင့် တိုင်ပင်ခဲ့ရာတွင် ၎င်းက လူငှားသတ်ရန်
အကြံပေးလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုထားသည်။
ထို့နောက် လှမောင်ကပင် မြင့်အေးဆိုသူနှင့် ဆက်သွယ်ပေးခဲ့ကြောင်းနှင့်
ထောက်ကြန့်လမ်းဆုံ အနီးရှိ ဘီယာဆိုင်တွင် မြင့်လွင်နှင့်
ဇင်သန့်အောင်တို့အား မြင့်အေးနှင့် တွေ့ဆုံပေးကာ ဒေါ်မြင့်မြင့်ရှိန်အား
သတ်ရန် ငွေကျပ်သိန်း (၅၀) ဖြင့် ဈေးသတ်မှတ်ခဲ့ခြင်းလည်းဖြစ်သည်ကို ဖော်ထုတ်ရရှိသည်ဟုလည်း တိုင်းရဲဌာနက ဆိုထားသည်။
ယင်းတို့် လေးဦးစလုံးကို တရားစွဲတင်ပို့နိုင်ရန် ဆက်လက်စစ်ဆေး
ဆောင်ရွက်လျက်ရှိသည်ပြီး သြဂုတ် လ ၂၆ ရက် ကလည်း ယင်းမြို့နယ်မှာပင်
အမျိုးသမီးတစ်ဦး၏ ပါးအား ဓါးဖြင့် လှီးခြစ်ခဲ့တစ်ခုဖြစ်ပွားထားခဲ့ပြီး ရဲတပ်ဖွဲ့က ငွေပေးစေခိုင်းသူနှင့် ဆက်စပ်ပြစ်မှု ကျူးလွန်ခဲ့သူ ငါးဦးခန့်ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။
Mizzima News
No comments:
Post a Comment