ရန်ကုန်၊ စက်တင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်၌ တောင်သူ
လယ်သမားများနှင့် တွေ့ဆုံစဉ် လယ်သမားများအား စိုက်ပျိုးစရိတ် ချေးငွေများ
အကျေဆပ်နိုင်ရန် တစ်ရက် ထမင်းတစ်နပ် လျှော့စားသင့်ကြောင်း လယ်/ဆည်
ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပြောကြားခဲ့ပြီးနောက် တစ်လခန့်အကြာတွင်
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း
ဝန်ကြီးဌာနက တူးဖော်ပေးလျက်ရှိသည့် သောက်သုံးရေ ရရှိရေး လုပ်ငန်းများအား
လုပ်ဆောင်ပေးခြင်း မပြုရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း ၀န်ကြီးရုံး
တာဝန်ရှိသူတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။
လယ်/ဆည်ဝန်ကြီး
ဦးမြင့်လှိုင်က ယခုနှစ် ဇန်န၀ါရီလ နောက်ဆုံးပတ်တွင် ဧရာဝတီတိုင်း ဒေသကြီး
ဓနုဖြူမြို့ရှိ တောင်သူ လယ်သမားများကို ထမင်းတစ်နပ် လျှော့စားကြရန်
ပြောကြားခဲ့ပြီးနောက် မီဒီယာများတွင် “တစ်နပ်စား ၀န်ကြီး” အဖြစ်
ဖော်ပြရေးသားခြင်း၊ ဝေဖန်ခြင်း ခံခဲ့ရပြီးနောက် တစ်လခန့် အကြာတွင်
အထက်ပါအတိုင်း အမိန့်ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။
လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ရေအရင်းအမြစ်မှ တစ်နိုင်ငံလုံးတွင် အများနှင့်
သက်ဆိုင် သော နေရာများ၌ သောက်သုံးရေ ရရှိရေး စက်ကြီးများဖြင့်
တူးဖော်ပေးလျက်ရှိရာ ရေတူးရန် ခက်ခဲသော ဝေဘူတောင်ကြောတွင်ပင်
ရေအရင်းအမြစ်မှ စက်ကြီးများဖြင့် တူးဖော်ပေးနိုင်ခဲ့ကြောင်း၊ ဧရာဝတီတိုင်း
ဒေသကြီးတွင် ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် လွှတ်တော်ဥက္ကဋ္ဌဦးတင်စိုးတို့
မေတ္တာရပ်ခံချက်ဖြင့် တူးဖော်ပေး ခဲ့ရကြောင်း၊ ယခင် လယ်/ဆည် ၀န်ကြီး
ဗိုလ်ချုပ်ဌေးဦး လက်ထက်မှစ၍ သောက်သုံးရေ တူးဖော်ပေးခဲ့ရာ နေပြည်တော်၌
ရေတွင်းပေါင်း ၁၀၀ ကျော်၊ နိုင်ငံတော်ဧည့်ဂေဟာ၊ အစိုးရ၀န်ကြီးရုံးများ၊
ဟိုတယ်ဇုန်၊ ၀န်ကြီးအိမ်တွင် မွေးထားသော ခွေးခြံအတွက် ခွေးများသောက်သုံးရေ
စသည် တို့ပါမကျန် ယခုအစိုးရသစ် လက်ထက်အထိ လူမှုရေး၊ ဘာသာရေး
နေရာဌာနများအတွက် ၀န်ကြီးအဆင့် အကြီးအကဲများ ထောက်ခံချက်ဖြင့် သောက်သုံးရေ
တူးဖော်ပေးလျက် ရှိနေစဉ်တွင်ပင် ယခုကဲ့သို့ သောက်သုံးရေ တူးဖော်ရေး
လုပ်ငန်းများ ရပ်ဆိုင်းရန် လယ်/ဆည်ဝန်ကြီး၊ အမိန့်ထုတ်ပြန်
ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ ညွှန်ကြားချက်ကိုလည်း ၀န်ကြီးရုံးမှ အောက်ခြေ အဆင့်ဆင့် ရုံးများသို့ ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။
ထိုကဲ့သို့
အမိန့်ထုတ်ပြန် လိုက်ရခြင်းနှင့် စပ်လျဉ်း၍ ““တစ်နိုင်ငံလုံး ထုတ်ထားတာ။
တစ်နပ်စားဆိုတဲ့ဟာ ပြီးတော့ တစ်လတောင် မကြာဘူး။ တစ်နပ်စား ဆိုတဲ့ဟာ
ဧရာဝတီတိုင်းမှာဖြစ်တာ။ ဧရာဝတီတိုင်းကို မင်းသောက်သုံးရေ လုပ်စရာမလိုဘူး။
မင်းဘာမှကူစရာမလိုဘူး။ ဧရာဝတီတိုင်းကို မဲတာ။ မဲရင်းနဲ့ တစ်နိုင်ငံလုံးကို
သောက်သုံးရေ မင်းမလုပ်ရဘူး။ တစ်နိုင်ငံလုံး အနေနဲ့ ထုတ်တာ။ သိပ်မကြာသေးဘူး။
တစ်နပ်စား နောက်ပိုင်း ကပ်လျက်လေးပဲ၊ ဒါကြောင့် ဒေသအာဏာပိုင်တွေ၊
တိုင်းဒေသကြီးအစိုးရတွေက ကျွန်တော်တို့ကို လုပ်ခိုင်းတယ်၊
ပြည်ထောင်စုအစိုးရက မလုပ်ခိုင်းဘူး၊ အဲဒီကြားထဲမှာ ကျွန်တော်က
ဘာလုပ်ရမှာလဲ”" ဟု အမည်မဖော်လိုသူ ၀န်ကြီးရုံး တာဝန်ရှိသူက
မြန်မာသံတော်ဆင့်သို့ ပြောသည်။
ထို့ပြင် လယ်/ဆည်ဝန်ကြီးက
သောက်သုံးရေတူးရန် တာဝန်ရှိသူအား ရိုးရိုးရေပဲတူးရန် (ဆည်ရေ အပါအ၀င်)၊
တစ်ပြည်လုံးကို မတူးပေးရန် လမ်းညွှန်ပြောကြားခဲ့ကြောင်း
မြန်မာသံတော်ဆင့်သို့ ပြောသည်။
လယ်သမားများအနေဖြင့်
စပါးစိုက်ပျိုးရန်အတွက် ဆည်ရေရရှိရန် ၀န်ကြီးဌာန တာဝန်ရှိသူ အချို့အား
အားကိုးနေရခြင်း၊ သောက်သုံးရေ ခက်ခဲသောဒေသများတွင် ကိုယ်ထူကိုယ်ထ
စက်များဖြင့် တူး၍မရသော နေရာများတွင် လယ်/ဆည် ၀န်ကြီးဌာနမှ
စက်ကြီးများဖြင့် တူးမှသာ ရနိုင်၍ ယခုကဲ့သို့ ၀န်ကြီးဌာနမှ သောက်သုံးရေ
မတူးပေးတော့ကြောင်း သတင်းကြားသိရ၍ များစွာ စိတ်မကောင်းဖြစ်နေကြောင်း၊
ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် လယ်သမားများအား
ဆင်းရဲဒုက္ခရောက်နေချိန်တွင် စာနာ နားလည်၍ ဖေးမ ကူညီသင့်ကြောင်း
ဧရာဝတီတိုင်း ဒေသကြီးအတွင်း စပါးစိုက် တောင်သူအချို့က ၎င်းတို့၏ ခံစားချက်ကို
မြန်မာသံတော်ဆင့်သို့ ပြောကြားကြသည်။
လယ်/ဆည်ဝန်ကြီး
ဦးမြင့်လှိုင်အနေဖြင့် ယခင်နှစ်ကလည်း လွှတ်တော် ကိုယ်စားလှယ်များအား
ပြည်သူလူထုက အထင်အမြင် လွဲမှားစေရန် အယုံအကြည် ကင်းမဲ့စေရန်နှင့် ဂုဏ်သိက္ခာ
လုံးဝကျဆင်းစေရန် ပြောကြားခဲ့မှုများကြောင့် ပြည်ထောင်စုလွှတ်တော်တွင်
ကိုယ်စားလှယ်များက စုပေါင်း လက်မှတ်ရေးထိုး တင်သွင်းခဲ့ရာ တောင်းပန်စကား
ဆိုခဲ့ရသည်။
ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် DSA အပတ်စဉ် (၁၇)
ဆင်းဖြစ်ပြီး လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်ထက် စီနီယာဖြစ်သည်။ ထိုကဲ့သို့ လွှတ်တော် ကိုယ်စားလှယ်များအား
လည်း ဝေဖန် ပြောဆိုခဲ့သောကြောင့် ၎င်းဝင်ရောက် ယှဉ်ပြိုင်ခဲ့သော
ကိုယ်စားပြုပါတီ ဖြစ်သည့် ကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ
ဦးအောင်သောင်းက ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ကို ခေါ်ယူ၍ သတိပေး
ဆုံးမခဲ့ရသေးကြောင်း ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက
မြန်မာသံတော်ဆင့်နှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး
ဦးမြင့်လှိုင်သည် ယခင်ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အစိုးရလက်ထက်
တိုင်းမှူးတာဝန်ဖြင့် ဆင်းရွှေလီစပါးများ ဒေသတွင်း စိုက်ပျိုးစေခဲ့ရာ
လယ်သမားများက အကုန်အကျများကြောင်း ညည်းတွား ပြောဆိုမှုများရှိခဲ့ပြီး
ယခုလည်း ပုလဲသွယ် စပါးမျိုးကို တီထွင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Myanmartandawsint Newspaper
No comments:
Post a Comment