menu

Sunday 15 September 2013

၂၀၁၂-၂၀၁၃ ဝင်ငွေခွန်ထမ်းသူ ကုန်သွယ်ရေးလုပ်ငန်း အများဆုံး၊ ကုန်သွယ်ခွန်ထမ်းသူ အဖျော်ယမကာနှင့် စီးကရက် အများဆုံး

Photo: ၂၀၁၂-၂၀၁၃ ဝင်ငွေခွန်ထမ်းသူ ကုန်သွယ်ရေးလုပ်ငန်း အများဆုံး၊ ကုန်သွယ်ခွန်ထမ်းသူ အဖျော်ယမကာနှင့် စီးကရက် အများဆုံး 

ရန်ကုန်၊ စက်တင်ဘာ ၁၄

၂၀၁၂ - ၂၀၁၃ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်သူ လုပ်ငန်းရှင် ၅၀၀ ဦး စာရင်းကို ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်လိုက်ရာ ဝင်ငွေခွန် ထမ်းဆောင်သူတွင် ကုန်သွယ်ရေးလုပ်ငန်းက အများဆုံး ပါဝင်နေပြီး ကုန်သွယ်ခွန်တွင် အဖျော်ယမကာနှင့် စီးကရက်လုပ်ငန်းများက ထိပ်ဆုံးတွင် ရှိနေသည်။ 

ဝင်ငွေခွန်တွင် ကမ္ဘောဇဘဏ် ကုမ္ပဏီလီမိတက်နှင့် ကုန်သွယ် လုပ်ငန်းခွန်တွင် Myanmar Brewery လီမိတက်တို့က အခွန်အများဆုံး ထမ်းဆောင်သူတို့ ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝင်ငွေခွန် အများဆုံးထမ်းဆောင်သူများအနက် Trading လုပ်ငန်း အမျိုးအစားက အများဆုံးဖြစ်ကာ ၂၇၂ ဦး၊ ဝန်ဆောင်မှု လုပ်ငန်းက ၃၃ ဦး၊ စက်မှုနှင့် ထုတ်လုပ်ရေးလုပ်ငန်းက ၃၀ ဦး၊ ဆောက်လုပ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းက ၃၀ ဦးနှင့် ဘဏ်လုပ်ငန်းက ၁၂ ဦးတို့ ပါဝင်သည်။

ကုန်သွယ်လုပ်ငန်းခွန်တွင် အရက်၊ ဘီယာနှင့် စီးကရက် ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီလေးခုက အများဆုံး အခွန်ထမ်းတို့ ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း လုပ်ရာတွင် လုပ်ငန်းတစ်ခုကို ကုမ္ပဏီနာမည် တစ်ခုနှင့် လုပ်ကိုင်နေသော ကုမ္ပဏီများရှိပြီး လုပ်ငန်းအားလုံးကို ပေါင်းကာ ကုမ္ပဏီအုပ်စု (Group of Companies) ဖွဲ့ထားသော ကုမ္ပဏီများသာ အခွန်အများဆုံး ထမ်းသောစာရင်းတွင် ပါဝင်နိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ဆို ကုမ္ပဏီတစ်ခုမကဘူး။ အခွန်ဆောင်တဲ့အခါ လုပ်ငန်းအမျိုးအစား အလိုက်ဆိုတော့ ဒီစာရင်းထဲမှာ မပါနိုင်ဘူး” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၁ - ၂၀၁၂ စည်းကြပ်နှစ် အများဆုံးအခွန်ထမ်း ဦးရေ ၁၀၀ ကို ထုတ်ပြန်ခဲ့သော်လည်း ၂၀၁၂ - ၂၀၁၃ စည်းကြပ်နှစ်အတွက် အခွန်ထမ်းဦးရေ ၅၀၀ အထိ တိုးမြှင့်ထုတ်ပြန်ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis