menu

Tuesday 24 September 2013

ဂမ်လမ်ရာဇီတောင်တက်အဖွဲ့ကို သမ္မတ ဂုဏ်ပြုသဝဏ်လွှာပို့ တိုင်းတာချက်များအရ ခါကာဘိုရာဇီတောင်ထက် ပိုမြင့်နိုင်ကြောင်းယူဆ


သီဟကိုကို | အင်္ဂါနေ့၊ စက်တင်ဘာလ ၂၄ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၃၂ မိနစ်

နိုင်ငံတော်သမ္မတက ဂမ်လမ်ရာဇီတောင်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သော တောင်တက်အဖွဲ့သို့ စက်တင်ဘာလ ၂၃ ရက်က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း ထူးဖောင်းဒေးရှင်း၏ စီအီအို ဦးပေါ်ထွန်းဦး ကပြောသည်။

ယင်းသဝဏ်လွှာတွင်မူ ဂမ်လမ်ရာဇီတောင်ကို ဒုတိယအမြင့်ဆုံးတောင်ဟု သာဆိုထားသည်။

ထူးဖောင်ဒေးရှင်းမှ တောင်တက်အဖွဲ့၏ တိုင်းတာချက်များနှင့် အခြား ဆာဗေးတိုင်းတာချက်များအရ ဂမ်လမ်ရာဇီတောင်သည် မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင် ဖြစ်ကြောင်း ဂမ်လမ်ရာဇီတောင်သို့ တက်ရောက်ခဲ့သော
တောင်တက်အဖွဲ့သားများက ပြောသည်။

တောင်တက်အဖွဲ့ခေါင်းဆောင် အမေရိကန်နိုင်ငံသား အန်ဒီတိုင်ဆန်က အမေရိကန်နှင့် ရုရှနိုင်ငံတို့၏ တိုင်းတာချက်များနှင့် ယခုအချိန်တွင် တက်ရောက်ခဲ့သောတိုင်းတာချက်များအရ ဂမ်လမ်ရာဇီတောင်သည် ခါကာဘိုရာဇီတောင်ထက် မြင့်ကြောင်းဆိုသည်။


နောက်ဆုံး တိုင်းတာချက်များအရ ဂမ်လမ်ရာဇီတောင်သည် ခါကာဘိုရာဇီတောင်ထက် ပိုမြင့်ပြီး ခါကာဘိုရာဇီတောင်သည် လက်ရှိအမြင့်ပေထက် နိမ့်နိုင်ကြောင်း ဆိုသည်။

ဂမ်လမ်ရာဇီတောင်သို့ တက်ရောက်ခဲ့သည့် ဦးဝင်းကိုကိုက "အခုလက်ရှိ ဂမ်လမ်ကို တိုင်းတာခဲ့တာက အတိအကျ ပါ၊ ဒါပေမဲ့ ခါကာဘိုရာဇီက ဂြိုဟ်တုကနေ တိုင်းတာတော့ ဒီ Level မှာ မရှိပါဘူး၊ ၅၈၈၁ ဟာ မှားနေတယ်လို့ ဆာဗေးတိုင်းတာတဲ့သူတွေဆီကသိရပါတယ်" ဟု ပြောသည်။

ဂမ်လမ်ရာဇီတောင်သို့ တက်ရောက်ခဲ့သော မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံသားတို့ ပါဝင်သော တောင်တက် အဖွဲ့သည် ခေတ်အမီဆုံး GPS စနစ်များဖြင့် တိုင်းတာခဲ့ခြင်းဖြစ်ပြီး အမြင့်ပေ ၁၉၂၅၈ ဒသမ ၈ ပေ (၅၈၇၀ ဒသမ ဝ၈၄ မီတာ) ရှိသည်ကို တိုင်းတာနိုင်ခဲ့ကြောင်း ဆိုသည်။

မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင်ဟု သတ်မှတ်ထားသော ခါကာဘိုရာဇီတောင် အား ၁၉၉၆ ခုနှစ်တွင် ဂျပန်နိုင်ငံသား အိုဇာကီနှင့် မြန်မာနိုင်ငံသား တိဗက်လူမျိုးတစ်ဦးတို့သာ ပထမဆုံး တက်ရောက်နိုင်ခဲ့ပြီး အမြင့်ပေ ၁၉၂၉၄ ပေ ( ၅၈၈၁ မီတာ) ရှိကြောင်း သိရှိရသည်။

ခါကာဘိုရာဇီတောင်သို့ တက်ရောက်ခဲ့သော ၁၉၉၆ ခုနှစ်ကာလမှာ ခေတ်မီ GPS များ မရှိသေးခြင်းကြောင့် တိုင်းတာချက်မှာ ကွဲပြားနေနိုင်ကြောင်း တောင်တက်အဖွဲ့ဝင်များက ဆိုသည်။

အဆိုပါ တောင်တက်ခရီးစဉ်ကို စီစဉ်သည့် ထူးဖောင်ဒေးရှင်မှ တာဝန်ရှိသူ ဦးဇေယျာထွန်းက "တိုင်းတာခဲ့တဲ့ GPS စနစ်စက်တွေက ခေတ်မီစက်တွေပါ၊ ဒီစက်တွေဟာ အလွဲဆုံး ခြောက်ပေ အထက်အောက်သာရှိတယ်" ဟု ပြောသည်။

အမေရိကန်နှင့် ရုရှနိုင်ငံတို့၏ Topography Photo (၁၉၄၅) အရ ဂမ်လမ်ရာဇီတောင်သည် ခါကာဘိုရာဇီတောင်ထက် အမြင့်ပေ ၉၀ ပိုမြင့်သည်ဟု သတ်မှတ်ထားကြောင်း သိရသည်။

ဩဂုတ်လ ၁၅ ရက်မှ စတင်ကာ အမေရိကန်နိုင်ငံသား ငါးဦးနှင့် မြန်မာနိုင်ငံသားနှစ်ဦးတို့ ပါဝင်သည့် တောင်တက်အဖွဲ့မှာ ဂမ်လမ်ရာဇီတောင်သို့ စတင်တက်ရောက်ခဲ့ပြီး စက်တင်ဘာလ ၇ ရက်တွင် တောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့ကြောင်း တောင်တက်အဖွဲ့မှ သိရှိရသည်။

တောင်ထိပ်သို့ အမေရိကန်နိုင်ငံသား ငါးဦး နှင့် မြန်မာနိုင်ငံသား ကြိုပညြ့်ဖိုးအောင်တို့ တက်ရောက်နိုင်ခဲ့ပြီး ကျန်တစ်ဦးမှာ အကြောင်းကြောင်းကြောင့် တက်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း ဆိုသည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis