ယခုတစ်ပတ်ထုတ် The Messenger Journal အတွဲ (၄)၊ အမှတ် (၁၀) တွင် "၂၀၁၅ အထိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အသက်ရှင်နေဖို့ လိုတယ်..." ခေါင်းစဉ်ဖြင့် ဖော်ပြထားသည့် ဦးမင်းဇင်နှင့် အင်တာဗျူးပါ အမေးအဖြေ အချို့အား ပြန်လည်ကောက်နုတ် ဖော်ပြအပ်ပါသည်။
မေး ။ အခုပြောတဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၅ မှာ ဖြစ်လာမယ့် အခန်းကဏ္ဍကို လျှော့ချတဲ့ အနေနဲ့ အခုလို အခြေအနေတွေ ဖြစ်နေတယ်လို့ ယူဆပါတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို လျှော့ချချင်တဲ့ သူတွေက ဘယ်သူတွေများ ဖြစ်နိုင်မလဲ။
ဖြေ ။ ပြောဖို့ ခက်တယ်ဗျ။ ကျွန်တော် ဒါနဲ့ပတ်သက်လို့ ဘယ်သူဘယ်ဝါဆိုတာ ပြောရခက်တယ်။ ဒါပေမဲ့ သေချာတာကတော့ ဒါနဲ့ပတ်သက်လို့ မြန်မာပြည် ၂၀၁၅ မှာ တည်ငြိမ်ဖို့ အတွက်ကို ၂၀၁၅ ကို ချောချောမွေ့မွေ့နဲ့ ဖြတ်သန်းဖို့ အတွက်ဆိုရင် အချက်သုံးချက်က ... တကယ်အရေးကြီးဆုံး 'ကြီးသုံးကြီး' လို့ ပြောလို့ရတဲ့ Triangle ပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဦးသိန်းစိန်ရယ်၊ ဦးရွှေမန်းရယ် သူတို့ရဲ့ ဆက်ဆံရေးက တည်ငြိမ်တဲ့ ဆက်ဆံရေးဖြစ်ဖို့ လိုတယ်။
အဲလို မဟုတ်ဘူးဆိုရင် ၂၀၁၅ ရဲ့ ချောမွေ့မှုဟာ အနှောင့်အယှက် ဖြစ်နိုင်တယ်။ နောက်တစ်ခုက ဒီအပြောင်းအလဲ အကုန်လုံးဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စီစဉ်ဆောင်ရွက်ခဲ့တာ ဖြစ်တဲ့အတွက် ၂၀၁၅ အထိ ဗိုလ်ချုပ်မှူးကြီး အသက်ရှင်နေဖို့ လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတော်တော်များများက သူနေရာ ချထားပေးခဲ့တာ။ ဒီမှာရှိတဲ့ (Hardliners) သဘောထားတင်းမာသူ၊ ပျော့ပြောင်းသူအားလုံးက သူနေရာချပေးခဲ့တာပဲ။ သူစီမံ ခန့်ခွဲခဲ့တာပဲ။ ဒါကြောင့် သူရှိနေသမျှ ကာလပတ်လုံး အဲဒီလူတွေ အကုန်လုံး မထိန်းနိုင် မသိမ်းနိုင် ဖြစ်သွားနိုင်တဲ့ အခြေအနေကို တစုံတစ်ရာ ဟန့်တားနိုင်လိမ့်မယ်။ သူက ဒီ Game ကို ဆက်ကြိုက်နေတယ်ဆိုရင် ဒီလိုမျိုး ဒီအတိုင်း ဆက်ဖြစ်နေဖို့ အလားအလာ ရှိတယ်။
ဒုတိယအချက် ပြောမယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျန်းမာရေး ဆက်ကောင်းနေတာဟာ သူဟာတိုက်ရိုက် မလွှမ်းမိုးရင်တောင်မှ Passive Influence ပေါ့။ သူရှိနေခြင်းအားဖြင့် Passive Influence က အရေးပါတယ်လို့ ကျွန်တော်ထင်တယ်။
တတိယအချက်ကတော့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ၂၀၁၅ ခုနှစ်မှာ အနားယူတော့မယ်။ အငြိမ်းစား ယူတော့မယ်။ အငြိမ်းစားယူပြီးရင် အငြိမ်းစား ယူသွားတာက ပိုအဓိပ္ပာယ်ရှိတယ်။ အဲဒီလိုမဟုတ်ဘဲ နိုင်ငံရေးဘက် ကူးလာခဲ့မယ်ဆိုရင် တိုင်းပြည်အတွက် နမူနာကောင်း မဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်တယ်။
သဘောကဗျာ။ ကာကွယ်ရေး ဦးစီးချုပ် လုပ်ပြီးတဲ့သူဟာ ကာကွယ်ရေးဦးစီးချုပ် လုပ်ပြီးရင် သမ္မတ ၀င်လုပ်ချင်တယ်ဆိုတဲ့ဟာက ဖြစ်လာရင် နောက်နောင်မှာ အဲဒီဓလေ့ကြီး ထွန်းကားလာမယ်။ အဲဒီလိုဆိုရင် Revolving door ခေါ်တာပေါ့ဗျာ။ ဆုံလည်တံခါးကြီးလို ဒီအပေါက်ကထွက်ရင် ဟိုအပေါက်က ပြန်ဝင်လာမယ် ဆိုတာမျိုးဖြစ်ရင် တိုင်းပြည်အတွက် မကောင်းဘူး။ အဲဒီသုံးချက်က ၂၀၁၅ အတွက် အရေးပါတယ်။ ပြီးတော့ အဲဒီသုံးချက် တည်ငြိမ်မှုကို နှောင့်ယှက်တာ မှန်သမျှက အစိုးရဘက်ကပဲ ဖြစ်ဖြစ်၊ တပ်မတော်က elements အစိတ်အပိုင်းတွေက ဖြစ်ဖြစ်၊ နောက်ဆုံးဗျာ အတိုက်အခံ ဘက်ကပဲဖြစ်ဖြစ် ဖြစ်မယ်ဆိုရင် အမြော်အမြင် မရှိရာ ရောက်နိုင်ပါတယ်။ ရုတ်တရက်ကြည့်ရင် ကြိုက်တာရှိမယ်။ မကြိုက်တာ ရှိမယ်။ စိတ်ခံစားမှုအရ ထင်မြင်ချက်တွေ ရှိနိုင်ပါတယ်။ သို့သော် အဲဒီအချက် သုံးချက်နဲ့ အနေအထား ချိန်ခွင်လျှာပျက်တာ မကောင်းဘူး။ ကျွန်တော်သိသလောက်ဆိုရင် ...။ ကဲထားပါတော့။
တတိယအချက်ကတော့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ၂၀၁၅ ခုနှစ်မှာ အနားယူတော့မယ်။ အငြိမ်းစား ယူတော့မယ်။ အငြိမ်းစားယူပြီးရင် အငြိမ်းစား ယူသွားတာက ပိုအဓိပ္ပာယ်ရှိတယ်။ အဲဒီလိုမဟုတ်ဘဲ နိုင်ငံရေးဘက် ကူးလာခဲ့မယ်ဆိုရင် တိုင်းပြည်အတွက် နမူနာကောင်း မဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်တယ် . . . . . |
ဖြေ ။ သူတို့ (ဧရာဝတီ) ဘာသာပြန်တာက ရေပေါ်ဆီလို့ ပြန်လိုက်တာ။ ကျွန်တော် ပြောချင်တာက Elite ပေါ့။ ထိပ်ပိုင်းပုဂ္ဂိုလ်တွေပဲလုပ်တဲ့ နိုင်ငံရေးကိုပဲ ပိုအားသန်တာကို ပြောတာ။ ဆိုလိုတဲ့ သဘောကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ရင် ဘ၀င်မကျတာ နှစ်ချက်ပေါ့။ တစ်ချက်ကတော့ ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးကို သိပ်ပြီးတော့ Personalize လုပ်တယ်လို့ ကျွန်တော်ထင်တယ်။ ပုဂ္ဂိုလ်ရေးအပေါ် သိပ်အားပြုတယ်။ ဖြစ်သင့်တာက Institution လို့ခေါ်တဲ့ သင်းပင်းဖွဲ့စည်း အဆောက်အအုံ အားကောင်းအောင် လုပ်သင့်တာ။ ဥပမာ- NLD ပါတီပေါ့ဗျာ။ NLD ညီလာခံခေါ်တယ်။ NLD ဥက္ကဋ္ဌကို သူတို့ ၀ိုင်းမဲပေးကြတယ်။ NLD CEC ကို ပွင့်ပွင့်လင်းလင်း ပြောရရင် ဒေါ်အောင်ဆန်းစုကြည် စိတ်တိုင်းကျ ရွေးတာပဲ။ မဲနဲ့ရွေးတာ မဟုတ်ဘူး။ သူက ပြောမှာပေါ့ဗျာ။ လက်ရှိ CEC နဲ့ ညှိနှိုင်းပြီး ရွေးတာလို့။ ဒါပေမဲ့ အခြေခံကျကျ ပြောရရင် သူ့စိတ်ကြိုက် သူရွေးတာပဲ။ ဒါဟာ အဲဒီပါတီ အဖွဲ့အစည်းရဲ့ Institution ကို အားကောင်းဖို့ကို အင်မတန်မှ အဟန့်အတား ဖြစ်စေတယ်။ တစ်ခါ အခုထိ ကျွန်တော်သိရသလောက်ဆိုရင် အဲဒီရွေးထားတဲ့ CEC ကို တာဝန်သတ်သတ်မှတ်မှတ် ပေးတာမျိုး မရှိဘူး။ ဘယ်သူကတော့ ဘာလုပ်၊ ဘယ်သူကဘာလုပ်ဆိုတဲ့ ခွဲပြီးလုပ်တဲ့ Delegation ခေါ်တာပေါ့။ ဒါကလည်း ဒီအဖွဲ့အစည်းတွေရဲ့ အားကောင်းမှုကို အဟန့်အတား ဖြစ်စေတာပဲ။ နောက်တစ်ခါ ဘာဖြစ်လဲဆိုတော့ NLD မှာဆိုရင် လွှတ်တော်ရေးရာ ကော်မတီဆိုတာ ရှိတယ်။ လွှတ်တော်နဲ့ ပတ်သက်ပြီးတော့ လွှတ်တော်အမတ်တွေ ဘာလုပ်သင့်တယ်ဆိုပြီး နောက်ကနေပြီးတော့ Think Tank ခေါ်တာပေါ့။ အကြံပြုပေးတာပါ။ ကျွန်တော်မေးကြည့်တာကတော့ အဲဒီလွှတ်တော်ရေးရာ ကော်မတီက အစည်းအဝေးခေါ်တာ တစ်ကြိမ်မှ မရှိသေးဘူးလို့ သိရတယ်။ အခု NLD လွှတ်တော်ထဲဝင်တာ တော်တော်ကြာပြီ။ အကျိုးဆက်က ရှင်းရှင်းလေးပဲ။ NLD လွှတ်တော်အမတ်တွေ လွှတ်တော်ထဲမှာ ဘာတွေလုပ်နေလဲ။ သူတို့ရဲ့ Voting Record ခေါ်တဲ့ မဲပေးမှတ်တမ်းကို ကြည့်ကြည့်လိုက်။ အာဏာရ ပါတီက တင်လာတဲ့ အဆိုတွေကို ဘယ်နှခေါက် သူတို့ဝေဖန်ဖူးလဲ။ တင်လာသမျှ အမြဲတမ်း ဝေဖန်စရာ မလိုဘူး။ တချို့ကိစ္စကို ကောင်းတာပါရင် လက်ခံပေါ့။ တချို့ကိစ္စတွေက Modified လုပ်ပေါ့။ ပြုပြင်ပြင်ဆင်ပြီးတော့ ဖြည့်စွက်တာ ရှိမယ်။ အချို့ကိစ္စတွေမှာ ဝေဖန်တာ ရှိမယ်။ တချို့ကိစ္စတွေမှာ ကိုယ်ပိုင်တင်တာ ရှိမယ် အချို့ကန့်ကွက်တာ ရှိရမယ်။ ဒါတွေ ဘာသွားတွေ့လဲဆိုတော့ အဖွဲ့စည်းက လူပုဂ္ဂိုလ်ပေါ် သိပ်အားပြုလွန်းတဲ့ အခါကျတော့ အဖွဲ့အစည်းက သူ့နေရာနဲ့သူ အားမကောင်းတော့ဘူး။ ဒါက နံပါတ်တစ် ပြောတာပေါ့နော်။ NLD ပါတီကို ခေါင်းဆောင်တစ်ယောက် အနေနဲ့ Institution အားကောင်းအောင် မလုပ်တာက တိုင်းပြည်အတွက်တော့ ဒီမိုကရေစီကို သွားချင်ရင် နိုင်ငံရေးပါတီက အရေးကြီးဆုံးပဲ။ နိုင်ငံရေး ပါတီရှိမှ တိုင်းပြည်ခေါင်းဆောင်မယ့်သူ ပေါ်မှာကိုး။ လူထုစည်းရုံးရေးက အရေးကြီးသလိုပဲ ခေါင်းဆောင်သစ် မွေးမြူရေး Recruit ပေါ့။ မွေးမြူရေးကလည်း အရေးကြီးတာပဲ။ မနက်ဖြန်၊ သန်ဘက်ခါ ဒေါ်အောင်ဆန်းစုကြည် အစိုးရ ဖွဲ့ရပါပြီတဲ့။ သူ့မှာ အစိုးရဖွဲ့နိုင်တဲ့လူ လုံလုံလောက်လောက် ရှိလားဆိုတဲ့ မေးခွန်းဟာ လူထုကမေးရမှာ၊ သတင်းစာ ဆရာတွေက မေးရမှာ၊ ကျွန်တော်တို့က မေးရမှာ။ ကျွန်တော်တို့နဲ့ ဆိုင်တာကိုး။ မနက်ဖြန် သန်ဘက်ခါ ၂၀၁၅ အတွက် လူတစ်ထောင်ကျော်လောက်ကို ကိုယ်စားလှယ်အဖြစ် ရွေးရပါပြီတဲ့။ NLD မှာ တကယ်ရှိသလား။ ဒါတွေကို ကျွန်တော်တို့က မေးရမယ်။ နံပါတ်တစ်၊ ကျွန်တော် ဘ၀င်မကျတာက အဖွဲ့အစည်းကို Institution အဖြစ်နဲ့ အားကောင်းအောင် မလုပ်ဘဲ လူပုဂ္ဂိုလ်ကို သိပ်အားပြုတာကို ကျွန်တော်မကြိုက်ဘူး။ နံပါတ်နှစ်က ဘာလဲဆိုတော့ နိုင်ငံရေး ရင်ကြားစေ့ရေး Negotiation, Reconcilation လုပ်တယ်။ ရင်ကြားစေ့ရေး ဆွေးနွေးမှုတွေ လုပ်တယ်။ ဦးသိန်းစိန်နဲ့ တွေ့တယ်။ ဦးရွှေမန်းနဲ့ တွေ့တယ်။ တပ်မတော်ခေါင်းဆောင် အချို့နဲ့ သူတွေ့တယ်။ ပထမတစ်ခေါက်၊ နှစ်ခေါက်၊ သုံးခေါက်ကတော့ဗျာ။ နားလည်မှုရအောင်၊ ဆက်ဆံရေး အဆင်ပြေအောင် တွေ့တယ်ပေါ့ဗျာ။ အဲဒီထက်ပို ကြာလာပြီဆိုရင် ဒီတွေ့ဆုံ ဆွေးနွေးမှုတွေမှာ အားလုံးပါဝင် လာနိုင်အောင်လုပ်ပေါ့။ သူက တွေ့ဆုံဆွေးနွေးမှုတွေကို သူတစ်ယောက်တည်းနဲ့ တွေ့နေတဲ့အခါ Binding မဖြစ်ဘူး။ သူမရှိရင် ဘယ်သူဆက်လုပ်မှာလဲ။ ဒါတွေ အကုန်ပျက်သွားမှာပေါ့။ တွေ့ဆုံဆွေးနွေးမှုတွေမှာ နောက်မျိုးဆက်တွေ၊ ၈၈ က လူငယ်တွေ ခေါ်မှာလား၊ ဦးခွန်ထွန်းဦးတို့လို တိုင်းရင်းသား ခေါင်းဆောင်တွေကို ခေါ်မှာလား။ ဒီတော့ တွေ့ဆုံဆွေးနွေးမှုတွေကို Presonalize လိုက်လုပ်နေရာကနေ Institutionalize လုပ်ရမယ်။ ဒါမှ ဒီတွေ့ဆုံဆွေးနွေးမှုတွေက သူမရှိလည်း ဆက်သွားနေမှာပေါ့။ အခုဟာက ကျွန်တော်သိသလောက်က ဦးသိန်းစိန့်ပဲ တွေ့တွေ့၊ ဦးရွှေမန်းနဲ့ပဲ တွေ့တွေ့ NLD ဥက္ကဋ္ဌက တွေ့တာလား ဒေါ်အောင်ဆန်းစုကြည်က တွေ့တာလားတောင် သိပ်မကွဲဘူး။ အဲဒါဆိုရင်တော့ တိုင်းပြည်အမျိုးသား ရင်ကြားစေ့ရေးအတွက် ကျယ်ပြန့်မှု အားနည်းမှာပဲ။ အားနည်းရင်တော့လည်း အဖြေတွေက ကျယ်ကျယ်ပြန့်ပြန့် အကျိုးရှိမှာ မဟုတ်ဘူး။ ဒါကြောင့်မို့ ကျွန်တော်အမြဲတမ်း ထောက်ပြခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရုံမကလို့ စကြ၀တေးမင်း ဖြစ်ရင်တောင်မှ Institution တွေ အားမကောင်းရင် တိုင်းပြည်ဘာမှဖြစ်မှာ မဟုတ်ဘူး။
မေး ။ ကြားဖြတ်ရွေးကောက်ပွဲ အပြီးမှာ ၈၈ နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆက်ဆံရေးက အရင်ကထက် ပိုဝေးကွာသွားတယ် ထင်တယ်။ ကိုမင်းဇင်ဘယ်လို သုံးသပ်ထားပါသလဲ။
ဖြေ ။ သူတို့တွေ ဘယ်နှကြိမ် တွေ့တယ်ဆိုတာကတော့ ကျွန်တော်မသိဘူး။ သေချာတာကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ NLD အင်စတီကျူးရှင်း အနေနဲ့ အားကောင်းအောင် မျိုးဆက်လက်ဆင့် ကမ်းချင်တယ်ဆိုရင် ၈၈ လူငယ်တွေက အလားအလာကောင်းတဲ့ အင်အားစုအဖြစ် အသိအမှတ်ပြုတာ ပိုကောင်းမယ် ထင်တယ်။ ဒါဆိုရင်တော့ တိုင်းပြည်အတွက် ကျွန်တော်ထင်ပါတယ်။ ကောင်းတဲ့လက္ခဏာ တစ်ခုပါ။ ၈၈ ဆိုပေမယ့် ၉၆ တို့ ၉၈ တို့ အများကြီး ရှိပါသေးတယ်။ အချို့ဆို သတင်းစာလောကမှာ ရှိတယ်။ အချို့ဆိုလည်း ပညာရှင်တွေ၊ NGO တွေ လုပ်နေကြတာလည်း ရှိတယ်။ နိုင်ငံရေး ပါတီတစ်ခုက လူထုစည်းရုံးရေးတင် မဟုတ်ဘူး။ အနာဂတ်အတွက် ခေါင်းဆောင်တွေကို မွေးပေးရမယ်၊ တည်ဆောက်ပေးရမယ်။ ခုနက စကားကို ပြန်ကောက်ရရင် ၈၈ မှာ ရွေးစရာက ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲပြီး NLD ပါတီဝင်မလား။ အဲဒီလို ၀င်မယ်ဆိုရင်တော့ သူတို့ချင်း စေ့စပ်ဆွေးနွေးရမယ်။ ဘယ်လိုပုံစံမျိုးနဲ့ ၀င်ရမှာလဲ၊ ဒေါ်အောင်ဆန်းစုကြည်က တစ်ယောက်ချင်း ခေါ်ချင်တာလား၊ တစ်စုတစ်ဖွဲ့လုံး ခေါ်ချင်တာလား။ ဒါကတော့ အသေးစိတ် သူတို့အပြန်အလှန် စေ့စပ်ရမယ့်အပိုင်း ဖြစ်မှာပေါ့။ အဲဒီလိုဆိုရင် ကောင်းတဲ့လက္ခဏာပေါ့။ အဲဒီလို မဟုတ်ဘူးဆိုရင် ၈၈ မှာ နိုင်ငံရေး လုပ်ချင်တဲ့ လူတွေက တစ်စုတည်းလည်း ဖြစ်ချင်ဖြစ်၊ သိသိသာသာ ကွဲပြီးတော့ ဖြစ်ဖြစ်ပေါ့။ နိုင်ငံရေးပါတီ ပေါ်လာဖို့ ရှိတယ်။
မေး ။ ၈၈ တွေနဲ့ သီးခြားနိုင်ငံရေး ပါတီတစ်ခု အနေနဲ့ မြတ်မယ်ဆိုရင် ၂၀၁၅ မှာ ဘယ်လို အခြေအနေမျိုး ရှိနိုင်မလဲ။
ဖြေ ။ ခုနက ကျွန်တော်ပြောသလိုပေါ့။ ၂၀၁၅ ကို သူတို့က တက်ကုန်ရွက်ကုန်ဖွင့်ပြီး ပြိုင်မှာလား။ ဒါမှမဟုတ် ၂၀၁၅ မှာ ပါတီတစ်ခု အနေနဲ့ ရပ်တည်လို့ ရရုံ၊ သူတို့မူဝါဒတွေကို လူထုသိအောင် ရှင်းပြလို့ရရုံ ပြိုင်မှာလား။ အဲဒီနှစ်ခုက သူတို့အတွက် အဓိက ရွေးရမှာ။ တက်ကုန်ရွက်ကုန် ပြိုင်မယ်ဆိုရင် သူတို့မှာ resource အရင်းအမြစ် ရှိလား၊ လူအရင်းအမြစ်ကော၊ ဘဏ္ဍာရေး အရင်းအမြစ်ကော ရှိလား၊ အများကြီး ပြင်ရတာပေါ့။ အဲဒီလို မရှိဘူးဆိုရင်၊ ရှိတယ်ဆိုရင်လည်း သူတို့ထိပ်တိုက် တွေ့ရမှာလို့ NLD ပဲ။ ပြည်သူလူထုကတော့ NLD ကို ဘာပဲပြောပြော ကြိုက်တယ်၊ သဘောကျတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတယ်။ ချစ်ခင်တယ်။ ဒီသဘောနဲ့ NLD ကို ထောက်ခံမှာပဲ။ တစ်ဖက်က ၈၈ တွေ ပေါ်လာရင်လည်း မြို့နယ်အသီးသီးမှာ ခုနကပြောတဲ့ အားပြိုင်စရာတွေ ဖြစ်လာမှာပေါ့။
ကိုယ်ရေးအကျဉ်း မင်းဇင်သည် The Foreign Policy မဂ္ဂဇင်း၏ အသွင်ကူးပြောင်းရေးဆိုင်ရာကဏ္ဍ (Transition Blog) တွင် ပုံမှန်ရေးသားနေသူ တစ်ဦးဖြစ်သည်။ ၎င်းသည် Freedom House အဖွဲ့အပါအ၀င် မြန်မာနိုင်ငံအကြောင်း လေ့လာသုတေသန ပြုနေသော သုတေသန ဖောင်ဒေးရှင်း များစွာတွင်လည်း သုတေသန ပညာရှင်အဖြစ် ပါဝင်ဆောင်ရွက်လျက် ရှိသည်။ ၈၈ အရေးအခင်းတွင် အထက်တန်း ကျောင်းသားအဖြစ် ပါဝင်လှုပ်ရှားခဲ့ပြီး ဖမ်းဆီးခံရခြင်းမှ ရှောင်ရှားနိုင်ရန် ၁၉၈၉ တွင် မြေအောက်လှုပ်ရှားမှု လုပ်ငန်းများဘက် ရောက်ခဲ့သည်။ မြေအောက်လှုပ်ရှားမှု စာရေးသူအဖြစ် ကိုးနှစ်ကြာ ရပ်တည်ခဲ့သည်။ ၁၉၉၇ သြဂုတ်လတွင် ထိုင်း-မြန်မာ နယ်စပ်သို့ ကူးပြောင်းခိုလှုံခဲ့သည်။ မင်းဇင်၏ စာများသည် The Foreign Policy, The Irrawaddy, The Bangkok, Far Eastern Economic Review, Wall Street Journal အပါအ၀င် နိုင်ငံတကာ သတင်းဂျာနယ်များတွင် ပါဝင်ခဲ့သည်။ မင်းဇင်သည် ယခုအခါ ဘာကလီကယ်လီဖိုးနီးယား တက္ကသိုလ်တွင် နိုင်ငံရေး သိပ္ပံဘာသာရပ်ဖြင့် ပါရဂူဘွဲ့ ယူနိုင်ရန် လေ့လာဆည်းပူးလျက် ရှိသည်။ |
No comments:
Post a Comment