menu

Wednesday 28 August 2013

" သခင်မဲ့ လမ်းမှ အပစ်ပယ်ခံတို့၏ နတ္ထိဘဝ "

Photo: " သခင်မဲ့ လမ်းမှ အပစ်ပယ်ခံတို့၏ နတ္ထိဘဝ "
==========================

မြန်မာနိုင်ငံရှိ လမ်းများပေါ်တွင် ကားများ ၊ လူများအပြင် နေရာအနှံ့မလွဲမသွေတွေ့နိုင်သေးသည်မှာ ခွေးများဖြစ် သည်။ ထိုခွေးများဆိုသည်က အလှမွေးခွေး များတော့မဟုတ်။ ပိုင်ရှင်မဲ့ ဟိုဟိုဒီဒီ လျှောက်သွားနေသော၊အုပ်စုဖွဲ့နေကြ သော ခွေးလေခွေးလွင့်များဖြစ်သည်။ စင်စစ်ခွေးသည် လူကို ခင်တွယ် သောသတ္တဝါ၊ ထို့ကြောင့် လူရှိလျှင် ခွေးရှိ သည်။

ရွာတိုင်းတွင် ခွေးရှိသည်၊ ပြဿနာ မရှိ။ မြို့တိုင်းတွင်ခွေးရှိသည်။ မြို့သေးလျှင် ပြဿနာသိပ်မဟုတ်သေး။ မြို့ကြီးဆိုလျှင် တော့ ဒါဟာ ပြဿနာကြီးတစ်ခု ဖြစ်လာ ချေပြီ။ ကောင်ရေတိုးပွားမှု
အဆမတန် များလာသောအခါ လူတွေက ခွေးတွေကို ရှင်းလင်းရလေတော့သည်။ တချို့နိုင်ငံ တွင် ဓာတ်ငွေ့လှောင်အိမ်တွင်း၌၊ တချို့ နိုင်ငံတွင် အဆိပ်ခတ်၍၊ တချို့နိုင်ငံတွင် ကောင်ရေမတိုးပွားအောင် သားကြော ဖြတ်ပေးခြင်းစသော နည်းလမ်းအမျိုးမျိုး သုံးကြသည်။

ဤအတွက် အပြစ်ဆိုမည် ဆိုလျှင် မတရားရာရောက်လေသည်။
သို့ရာတွင် မြန်မာနိုင်ငံ၏ လေလွင့် ခွေး ရှင်းလင်းရေးနည်း တစ်ခုကတော့ အလွန်အံ့သြ မျက်လုံးပြူးဖွယ်ကောင်း သည်ဟု အများက သုံးသပ်ကြသည်။

တရုတ်နိုင်ငံသို့အကောင်လိုက်တင်ပို့ ရောင်းချခြင်း

ထိုနည်းလမ်းကို မည်သည့်အချိန်က တည်းက စတင်လုပ်ဆောင်ခွင့် ပေးခဲ့သည်၊ ကျင့်သုံးနေသည်ကို မည်သူမျှ မသိကြရ။ ယခုကဲ့သို့ လွတ်လပ်ပွင့်လင်းလာသောခေတ် အခါတွင်မှ ကြားသိရခြင်းဖြစ် သည်။ လေလွင့်ခွေးများသာမက အိမ်မွေး ခွေးများအပါအဝင် တရုတ်နိုင်ငံသို့ တင် ပို့ရန် ဖမ်းဆီးထားသော ခွေးကောင်ရေ ၂ဝဝ နီးပါးခန့်အား ရန်ကုန်မှ မမြတ်သက် မွန် ဆိုသည့်အမျိုးသမီးက ကယ်ဆယ်ခဲ့သည့် သတင်းက ကြားရသူအပေါင်းအား အံ့သြတုန်လှုပ်စေခဲ့သလို မမြတ်သက်မွန်၏ အားထုတ်မှုကိုလည်း ချီးကျူး အသိအ မှတ်ပြုရမည်။

ထိုခွေးတင်ပို့ ရောင်းချသည့် မှောင်ခိုသမားအားလည်း သက်ဆိုင်ရာက ဖမ်းဆီးခဲ့ကြောင်းသိရသည်။ သို့ရာတွင်...

''သူက တရားဝင်တင်ပို့တာပါ။ စည်ပင်က ခွင့်ပြုချက်ပါတယ်။ အခွန်ဦးစီးဌာန၊ နယ်စပ်ကုန်သွယ်နဲ့ (၁ဝ၅) မိုင်ကခွင့်ပြုချက်အကုန်ရှိတယ်'' ဟု မမြတ်သက်မွန်က ပြောသည်။

ထိုသောအခါ မမြတ်သက်မွန်က ''ကျွန်မတို့ နိုင်ငံက ခွေးရောင်းစားရတဲ့ နိုင်ငံအဆင့် ရောက်နေပြီလား'' ဟု မေးခွန်းထုတ်သည်။

ဒေါ်ရိုဇာဝင်းကတော့ ''အလွန်စိတ်ပျက်စရာကောင်းသည်'' ဟု မှတ်ချက်ပြုထားသည်။ မန္တလေးတိုင်း ပလိပ်မြို့နယ်မှ ကယ် တင်လာသော ခွေးများအား ယခုလက်ရှိ ကျောက်တန်းမြို့နယ် ပါဒကြီးကျေးရွာအ နီး ယာယီဂေဟာတစ်ခုတွင် ထိန်းသိမ်း ထားသည်။

တရုတ်သို့ တင်ပို့မည့် ခွေးများအား ကယ်တင်လိုက်နိုင်ပြီးနောက် လူထုစိတ်
ဝင်စားမှုများလာသည်နှင့်အမျှ တိရစ္ဆာန် ကယ်တင်ရေးအဖွဲ့အစည်း (Animal Resuce Soceity) ကို သြဂုတ်လ ၁၉ ရက်နေ့က ဖွဲ့စည်းခဲ့သည်။ မမြတ်သက်မွန်က အတွင်းရေးမှူးအဖြစ် တာဝန်ယူရ သည်။ သို့ရာတွင် ယင်းအဖွဲ့အစည်းတွင်လည်း တိကျသော မူဝါဒမရှိနိုင်သေး။

''လက်ရှိတော့ ဒီကယ်လာတဲ့ ခွေး လေးတွေကိုပဲ ပြုစုနိုင်ဖို့ စဉ်းစားရသေး တယ်။ မြေကျယ်ကျယ်လိုတယ်။ လှူမယ့် သူရှိရင်ကောင်းမယ်'' ဟု မမြတ်သက်မွန်က ပြောသည်။

ရန်ကုန်တိုင်းအတွင်း မြေဈေးကြီးလှ သည်ကို ကမ္ဘာသိ။ လေလွင့်ခွေးများ ထားရန်အတွက်လိုအပ်သောမြေကို မည်သူလှူပါမည်နည်း။ ''ကျန်တာတွေ ကျွန်မတို့ လုပ်လို့ရ တယ်။ အဓိက မြေလိုတာ။ အပြီးလှူတာမဟုတ်တောင် နှစ်နှစ်၊ သုံးနှစ် အသုံးပြုခွင့် ပေးရင်ကို အရမ်းကျေးဇူးတင်ရပါမယ်'' ဟု ဒေါ်ရိုဇာဝင်းက ပြော သည်။ လေလွင့်ဗမာခွေးများအတွက် သခင်လိုနေသည်။ ထိန်းသိမ်းရန် မြေလိုသည်။ ဘယ်သူကူပါမည်နည်း။

ရှိတော့ရှိသည် သို့သော် ------

The greatness of a nation and its moral progress can be judged by the way its animals are teated. ( Gandhi )
''နိုင်ငံတစ်နိုင်ငံ၏ ကြီးကျယ်မြင့် မြတ်မှုနှင့် ကိုယ်ကျင့်တရားအဆင့်အတန်းကိုတိရစ္ဆာန်များအား ဆက်ဆံသည့် နည်းလမ်းအပေါ်တွင် အခြေခံ၍ ဆုံးဖြတ်နိုင်သည်'' ( ဂန္ဒီ )

ဟိန်းသံ၊ ဟောက်သံ၊ ဟောင်သံများနှင့် ဆူညံနေသောဂေဟာ၏ နဖူးစည်းဟု ဆိုရမည့်နေရာတွင် ထိုစာသားကို အင်္ဂလိပ် ဘာသာဖြင့်ကပ်ထားသည်။ အဆိုပါနေရာသည် ရန်ကုန်တိုင်းဒေသ ကြီး မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်တွင် တည် ရှိသော ရန်ကုန်တိရစ္ဆာန်ဂေဟာ (Yangon Animal Shelter) ဖြစ်ပါသည်။ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလက စတင်ဖွင့်လှစ်ခဲ့သော ရန်ကုန်တိရစ္ဆာန်ဂေဟာတွင် လက်ရှိလမ်း ဘေးခွေး ၉၆ ကောင်ကို ထိန်းသိမ်းစောင့် ရှောက်ထားပါသည်။

''ကျွန်မတို့ လွန်ခဲ့တဲ့သုံးနှစ်လောက် ကတည်းက ဒီလိုလေးလုပ်ဖို့ စိတ်ကူးထား တာပါ။ လမ်းဘေးမှာရှိ တဲ့ ခွေးတွေကို ကျွေးမွေးစောင့်ရှောက်ရင်း သူတို့ကို မွေး စားမယ့် လူကောင်းတွေလက်ထဲကို ရောက် သွားဖို့အတွက်ပါ'' ဟု ရန်ကုန်တိရစ္ဆာန် ဂေဟာ စတင်တည်ထောင်သူ သုံးဦး အနက်မှ တစ်ဦးဖြစ်သူ တယ်ရီဂျတ်က ပြောသည်။ သူမနှင့် အတူ
အမ်ဘာဘီစလေနှင့် ဒေါ်ရိုဇာဝင်းတို့က ဤဂေဟာအတွက် ကမကထပြု စတင်ခဲ့ခြင်း ဖြစ်သည်။ International School Yangon ဟူသော ကျောင်းမှ ဆရာမများဖြစ်သော သူမတို့အတွက် ဤသို့ လုပ်ဆောင်ရေးတွင် အခက်အခဲအများကြီးရှိခဲ့သည်။

''အဓိက အခက်အခဲက မြေပေါ့။ ဒီ့ ထက်ကျယ်တဲ့ မြေလိုတယ်။ ဒါမှဒါ့ထက် ပိုပြီး လုပ်ပေးနိုင်မှာ'' ဟု ဒေါ်ရိုဇာဝင်းက ပြောသည်။ လက်ရှိဂေဟာအတွက် အသုံးပြုထား သော ဧကဝက်ခန့်ကျယ်သည့် ခြံကို ဒေါ်ရိုဇာဝင်းက အသုံးပြုခွင့်ပေးခဲ့ပြီး မြေဝယ်မည့်ငွေများအား အခြားလိုအပ်သည့် အဆောက်အအုံများဆောက်လုပ်ရေးအတွက် အသုံးပြုခဲ့သည်ဟု
ဆိုသည်။

အမေရိကန်နိုင်ငံသားဖြစ်သူ တယ်ရီဂျတ်က ကျောင်းသွားကျောင်းပြန် အနီးအနားရှိလမ်းဘေးခွေးများကို ကျွေးမွေး ပြုစုရာမှလမ်းဘေးခွေးအရေအတွက်ကို ထိန်းချုပ်ရန်အတွက် စတင်ကြိုးပမ်းခဲ့ ကြခြင်းဖြစ်သည်။ ''ကျွန်မတို့ဒီမှာ ခွေးလေးတွေကို သင်းပေးတယ်။ သားအိမ်ထုတ်ပေးတယ်။ ကာကွယ်ဆေးထိုးပေးတယ်။ ကျွေးမွေး ပြုစုစောင့်ရှောက်ထားတယ်။

ပြီးတော့မွေး စားချင်တဲ့သူတွေကို ပေးတယ်။ အခုထိတော့ မွေးစားဖို့လာယူတာ နိုင်ငံခြားသားတွေချည်းပါပဲ''ဟုဒေါ်ရိုဇာဝင်းကပြောသည်။ဂေဟာစတင်စဉ်က ကောင်ရေ နှစ် ဆယ်ခန့်မျှသာရှိခဲ့သော် လည်းလာရောက် ပို့ဆောင်လိုသူ များပြားလွန်းသဖြင့် ကောင်ရေ ရာဂဏန်းကျော်အထိ ထိန်းသိမ်းထားခဲ့ရဖူးသည်ဟု သိရသည်။

ထို့အတူ ယခုအထိလည်း ဂေဟာသို့ ခွေးလာပို့လိုသောသူများ အများအပြားရှိကြောင်း ဒေါ်ရိုဇာဝင်းက ပြောသည်။ သို့ရာတွင် နေရာအခက်အခဲရှိသောကြောင့်စိတ်ရှိ
သလောက် လက်မခံနိုင်ဟုသူမကဆိုသည်။

''တချို့ကတော့ အိမ်ပြောင်းရလို့ တချို့ကတော့လမ်းဘေးကနေဖမ်းပြီး လာ ပို့ချင်တာလေ'' ဟု ဂေဟာကို အဓိက စောင့်ရှောက်မှုပြုနေသူ ကိုကရင်က ပြောသည်။ မြန်မာလူမျိုးများ ခွေးချစ်ပါသည်။ ခွေးသည် သခင်အပ်ါအလွန်သစ္စာ စောင့် သိတတ်သော တိရစ္ဆာန်ဟုလည်း ရှုမြင်ယုံကြည်ထားကြပါသည်။ ကျေးလက်ဒေသများတွင် ခွေးမမွေးသောအိမ်ဟူ၍ အလွန် ရှားပါးပါလိမ့်မည်။ အိမ်တွင်မွေးထားသည့် ခွေးသေသွား၍ ပူဆွေးနေရသူများကို လည်း မကြာခဏတွေ့နိုင်ပါသည်။

သေဆုံးသွားရှာသော ခွေးလေးအတွက် ဆွမ်း သွပ်အမျှဝေသူများပင် ရှိပါသည်။ သို့ရာတွင် မြန်မာနိုင်ငံမြို့ကြီးများ တွင်မူ ခွေးများသည် လေလွင့်ခွေး၊ လမ်း ဘေးခွေးများအဖြစ် အများအမြင်တွင် ရွံ ရှာဖွယ်၊ ကြောက်လန့်ဖွယ် သတ္တဝါအသွင် ရှုမြင်ခြင်း
ခံနေရပါသည်။ကျောတစ်နေရာစာပင် ခက်ခဲသော မြန်မာနိုင်ငံ၏ မြို့တော် ရန်ကုန်တွင် ဤ ပြဿနာသည် အလေးမူသင့်သော ပြဿနာ ဖြစ်ပါသည်။

အထိန်းအကွပ်မရှိ ကောင်ရေ တိုးပွားလာသော လမ်းဘေး ခွေးများကို အချို့က ခြိမ်းခြောက်မှုတစ်ခု အဖြစ် ရှုမြင်ကြပြီး တချို့ကမူ သနားစရာ အဖြစ်ရှုမြင်ကြပေမည်။ ဤအတွက် မည်သူ့ကိုမျှ အပြစ်မဆို နိုင်ပေ။

အဆိပ်တုံးအမဲသား ပစ်ကျွေးရှင်းလင်းခြင်း

ထို့အတွက် ရန်ကုန်မြို့တော်စည်ပင်၏ ဆောင်ရွက်မှုတစ်ခုလည်း ရှိပါသေးသည်။ တစ်နေ့တခြား တိုးပွားလာသော ရန်ကုန်မြို့၏ လမ်းဘေးခွေးပြဿနာကို ရှင်းရန် ရန်ကုန်မြို့တော်စည်ပင်က နည်းလမ်းတစ်ခုသာသုံးသည်ဟု သိရသည်။ ရန်ကုန်မြို့စည်ပင် တိရစ္ဆာန်ဆေးကုနှင့် သားသတ်ဌာနမှ အရာရှိတစ်ဦး အဆိုအရဆိုလျှင်
လမ်းဘေးခွေးများအား အဆိပ်တုံး အမဲသားပစ်ကျွေး ရှင်းလင်းခြင်းကို တစ်နှစ်ပတ်လုံး လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

''တစ်ခါတလေ အလုံဘက်မှာ အမဲသားတုံးပစ်ကျွေးတာ ခွေးတွေ အပုံလိုက်ကြီးဗျာ။ တွေ့ရတာ စိတ်မကောင်းဘူး။ ဒါပေမဲ့ ဒီလိုမှ မလုပ်ဘယ်လိုလုပ်ကြမလဲ။ ခွေးရူး ရောဂါကလည်း ကြောက်ရသေးတာကိုးဗျ'' ဟု လမ်းမတော် ကျုံးကြီးရပ်နေကိုမောင်မောင်ဆွေ က ပြောသည်။ နိုင်ငံတကာတွင်လည်း လေလွင့် ခွေးပြဿနာက မသေးလှပါ။ အမေရိ ကန်နိုင်ငံ ဒက်ထရွိုက်မြို့တစ်မြို့တည်း တွင်ပင် လေလွင့်ခွေးကောင်ရေ ငါးသောင်းခန့် ရှိကြောင်း နိုင်ငံတကာသတင်းများ အရ သိရသည်။

ဒေဝါလီခံ၍ နေအိမ်စွန့်ခွာသူ များ၏ နေအိမ်အလွတ်များ၊ လမ်းမများ ထက်တွင် လေလွင့်ခွေးများ မင်းမူနေ သော ဒက်ထရွိုက်မြို့ ဟု ရေးသားဖော်ပြမှု များလည်းရှိသည်။ ယင်းကြောင့်ပင် လေ လွင့်ခွေး ရှင်းလင်းရေးကို မြို့သူမြို့သား များက အပူတပြင်းလုပ်ဆောင်ရန် တောင်း ဆိုထားကြသည်။

ထို့အတူ အိန္ဒိယနိုင်ငံ ဒေလီမြို့ တော်တွင်လည်း သူတို့ပြဿနာမသေး ပါ။ လေလွင့်ခွေး အကိုက်ခံရကြောင်း တိုင်တန်းမှုများပြားလာသဖြင့် ဒေလီ တရားလွှတ်တော်ချုပ်က ဒေလီအစိုးရနှင့် မြူနီစီပါယ်လုပ်ငန်း သုံးခုအား လေလွင့် ခွေးအရေအတွက် ထိန်းချုပ်ရေးနှင့် ခွေး ရူးရောဂါ ကာကွယ်ဆေးထားရှိမှု အခြေ အနေကို ဆင့်ခေါ်မေးမြန်းခဲ့ကြောင်း
Hindustan Times က ရေးသားဖော်ပြ ထားသည်။

ကြီးမားဖွံ့ထွားလာသော မြို့တော်ရန်ကုန်နှင့်
အဖြေမရှိသေးသော ခွေးဇာတ်လမ်း

လူတစ်ကိုယ်စာပင် ခက်ခဲချင်သော ရန်ကုန်။ ခွေးမွေးရန် နေရာမရှိနိုင်သည်က သဘာဝကျသည်။ ''ကျွန်မတို့ မနက်မနက် လမ်းထ လျှောက်ရင်ကို သူတို့က တစ်ရန်ဖြစ်နေတာလေ။
နည်းနည်းနောနော အုပ်ကြီးမှ မဟုတ်တာ။ တစ်ယောက်တည်းဆို လမ်းထမလျှောက်ဖြစ်တော့ဘူး'' ဟု တာမွေမြို့ နယ်နေ အသက် ၃၄ နှစ်အရွယ် မသင်ဇာ မျိုးမြင့်က ပြောသည်။

သို့နှင့်တိုင် ခွေးချစ်တတ်သော မြန် မာလူမျိုးတို့က အခန်းငယ်ငယ်လေးထဲ ၌ပင် မဖြစ်မနေ ခွေးမွေးကြပါသေးသည်။ သို့သော် နိုင်ငံခြားခွေးကိုသာ မွေးကြ သည်ကများသည်။
မြန်မာခွေးများ နေရာမရ။ သခင်မရှိကြ။

''တစ်ပတ်ကို အကောင် ၂ဝ လောက် ရောင်းရတယ်။ ဗမာတွေပဲ ဝယ်တာများ ပါတယ်။ နိုင်ငံခြားသားက တစ်ယောက် တလေပဲပါတာပါ'' ဟု ယုဇနပလာဇာအနီး ရွှေငါးတိုင်းပြည်အလှမွေးငါးနှင့် တိရစ္ဆာန် မျိုးစုံရောင်းဝယ်ရေးမှ မကြည်ကြည်က ပြောသည်။ အိမ်မွေးနိုင်ငံခြားခွေးများကို တရုတ် နှင့် ယိုးဒယားတို့မှ အဓိကမှာယူတင်သွင်း ပြီး ခွေးကြီးဆိုလျှင် တန်ဖိုး ၃ သိန်းမှ ၇ သိန်းအထိရှိပြီး ခွေးငယ်ဆိုလျှင် တန်ဖိုး ၅ သောင်းမှ ၅ သိန်းအထိ အမျိုးမျိုး ရှိ ကြောင်း သိရသည်။

မှန်ပေမည်။ နိုင်ငံခြားခွေးတွေက ချောချောလှလှ၊ တိုက်ခန်းဆို အကောင် သေးသေးဝယ်ကြ၊ ခြံနှင့်ဝင်းနှင့်ဆို အကောင်ကြီးကြီးဝယ်ကြ၊ ဧည့်သည်လာလျှင် ထုတ်ကြွားလိုက်ကြနှင့် တစ်ခေတ် တစ်ခါက အင်မတန်မျက်စိစပါးမွေးစူးစရာဖြစ်ခဲ့ဖူးသည်က အများအသိ။ ယခုတော့အလေ့အထတစ်ခုပင်ဖြစ်လာပြီ။

''ဗမာတွေက နိုင်ငံခြားခွေးကိုပဲ မွေး ချင်ကြပါတယ်။
အခုလို ပွင့်လင်းလာတဲ့ အခါမှာ နိုင်ငံခြားသားတွေ များများ ရောက်လာရင် ကျွန်မတို့ရဲ့ ပါပီတွေကို မွေးစားမယ့်လူတွေ ပိုများလာလိမ့်မယ် လို့ ထင်ပါတယ်'' ဟု တယ်ရီဂျတ်က ပြောသည်။ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလက စခဲ့သော ရန်ကုန်တိရစ္ဆာန်ဂေဟာမှ ယခု အချိန်အထိ ခွေး ၁၆ ကောင်သာ သခင် ရသွားကြသည်ဟု သိရသည်။

''အားလုံးက နိုင်ငံခြားသားတွေ ချည်းပဲ''ဟု ဒေါ်ရိုဇာဝင်းက ပြောပြသည်။ ထိန်းသိမ်းသူမဲ့လမ်းဘေးခွေးကောင်ရေ တိုးပွားမှုနှုန်းကလည်း အလွန် သတိထားရမည့်ကိစ္စဖြစ်သည်။

အနီးအနား မှ လမ်းဘေးခွေးများအား ကျွေးမွေးရုံမျှ နှင့်မပြီး။ ခွေးကောင်ရေ မတိုးပွားစေရေး အတွက် ဝိုင်းဝန်းလုပ်ဆောင်ဖို့လိုပါသည်။ ''ကျွန်မတို့ ဂေဟာကို လာပို့ရင် ကျွန်မတို့ အလကားသားကြောဖြတ်ပေး မယ်။ ကာကွယ်ဆေးထိုးပေးမယ်။ ကုသ ပေးမယ်'' ဟုဒေါ်ရိုဇာဝင်းက ပြောသည်။ သို့အတွက်လူတိုင်းလူ တိုင်းက ဤကိစ္စ နှင့် ပတ်သက်၍ သိနားလည်ထားရန် လိုကြောင်းဆိုသည်။

''ကျွန်မတို့က အကန့်အသတ်နဲ့ပဲ လုပ်နိုင်တာလေ။ ဒါက အားလုံးပူးပေါင်း ပါဝင်လာမှသာ လုပ်နိုင်မှာပေါ့'' သူမက ဆိုသည်။ သို့ရာတွင် မြန်မာနိုင်ငံမြို့ကြီးများ တွင်မူ ခွေးများသည်
လေလွင့်ခွေး၊ လမ်း ဘေးခွေးများအဖြစ် အများအမြင်တွင် ရွံ ရှာဖွယ်၊ ကြောက်လန့်ဖွယ် သတ္တဝါအသွင် ရှုမြင်ခြင်း ခံနေရပါသည်။ ကျောတစ်နေရာစာပင် ခက်ခဲသော မြန်မာနိုင်ငံ၏
မြို့တော် ရန်ကုန်တွင် ဤပြဿနာသည် အလေးမူ သင့်သော ပြဿနာ ဖြစ်ပါသည်။

အထိန်း အကွပ်မရှိ ကောင်ရေတိုးပွားလာသော လမ်းဘေးခွေး များကို အချို့က ခြိမ်းခြောက်မှုတစ်ခု အဖြစ်ရှုမြင်ကြပြီး တချို့ကမူ သနားစရာ အဖြစ် ရှုမြင်ကြပေမည်။ ဤအတွက် မည်သူ့ကိုမျှ အပြစ်မဆို နိုင်ပေ။

အဖြေမဟုတ်သေးသော်လည်း ဒေါ်ရိုဇာဝင်းပြောခဲ့သလို ''အဓိက အခက် အခဲက မြေပေါ့။ ဒီ့ထက်ကျယ်တဲ့ မြေလို တယ်။ ဒါမှဒါ့ထက်ပိုပြီး လုပ်ပေးနိုင်မှာ'' ဟူသောစကားက လတ်တလောသနား စရာ သို့မဟုတ် သနားနေရုံဖြင့် ဤတိုင်း ထား၍ မရနိုင်သော သခင်မဲ့ခွေးများ အတွက် စွမ်းနိုင်ပါက ရနိုင်၏ဟူသော ကောက်ရိုးတစ်မျှင်တော့ ဖြစ်ကောင်းဖြစ်နိုင်
မည်ဟု မျှော်လင့်ရန်မှတစ်ပါး အခြားမရှိ သေးသော ပုစ္ဆာပင်ဖြစ်နေတော့သည်။

ကျော်ရဲလင်း၊ ရန်နိုင်

အေးချမ်းမွန် Credit To > Popular Myanmar News Journal < Thanks
Re-posted By ACM 28-8-2013 
https://www.facebook.com/excellencemedia

Popular Myanmar News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis