menu

Tuesday 20 August 2013

ငြိမ်းချမ်းရေးမဟာတာရာ ကြွေလွင့်ခြင်း (ရေးသားသူ- ဥက္ကာကိုကို)

Photo: ငြိမ်းချမ်းရေးမဟာတာရာ ကြွေလွင့်ခြင်း
-------------------
ရေးသားသူ- ဥက္ကာကိုကို

ကျည်ဆန်ခြုံ၍မလုံ... မေတ္တာခြုံမှ လုံလိမ့်မည်ဆိုသည့် ငြိမ်းချမ်းရေး ကြယ်မဟာဖြစ်သော ကဗျာဆရာကြီး၊ စာရေးဆရာကြီး သခင်ဌေးမြိုင် (ခေါ်) ဒဂုန်တာရာသည် အသက် (၉၅)နှစ်အရွယ်၊ ၂၀၁၃ သြဂုတ် ၁၉ ရက် တွင် မငြိမ်းချမ်းသည့်ကမ္ဘာကြီးကို ငြိမ်းချမ်းစွာပင် စွန့်ခွာသွားခဲ့လေပြီ။

“ဌေးမြိုင်ကတော့ ငါ့ကိုအရိုင်းတဲ့ကွာ။ ငါအဲဒီလောက်လည်း မရိုင်းသေးပါဘူး”ဟု ဗိုလ်ချုပ်အောင်ဆန်းက အပါးတော်မြဲဗိုလ်ထွန်းလှဘက်သို့လှည့်၍ ခပ်ပြုံးပြုံးပြောလိုက်သည်။ 
အောင်ဆန်း (သို့မဟုတ်) အရိုင်းဟု ခေါင်းစဉ်တပ်၍ ရုပ်ပုံလွှာစာအုပ်တွင် ရေးသားခဲ့သည့် ဆောင်းပါးကိုဖတ်ရှုပြီးပြောခြင်းဖြစ်သည်။ 
ထိုဆောင်းပါးကို ရေးသားခဲ့သူ ကိုဌေးမြိုင်၏ ကလောင်အမည်က ဒဂုန်တာရာ။ 

ကျွန်တော်က သူ့ကို အရိုင်းဟု ၀ိသေသပြုခြင်းမှာ ဟန်ဆောင်ခြင်းမရှိဘဲ သူခံစားသည့်အတိုင်း ရိုးရိုးဘွင်းဘွင်းပြောတတ်သော သူ၏စရိုက်သဘာဝကို ပေါ်လွင်ထင်ရှားစေလို၍သာဖြစ်သည်ဟု ဒဂုန်တာရာက ပြန်လည်ဖြေရှင်းပြခဲ့သည်။ 

ဆရာကြီးဒဂုန်တာရာသည် ခေတ်သစ်စာပေကို ရဲရဲဝံ့ဝံ့ဖောက်ထွက်ခဲ့သူ စာပေသူရဲကောင်းတစ်ဦးဖြစ်သည်။ 

“ပင်လယ်ဝသို့ လှေကလေးနဲ့ ထွက်ခဲ့တယ်”ဟု ကာရန်မပါသည့်ကဗျာကို ဆရာဒဂုန်တာရာက ရေးခဲ့သည်။ ထိုစဉ်က ဝေဖန်သံတို့သည် ခေတ်သစ်စာပေလောကအတွက် ဆည်းလည်းသံများ ဖြစ်ခဲ့သည်။ ဆရာဒဂုန်တာရာသည် ငြိမ်းချမ်းရေးလုပ်ငန်းများ နှင့် မွေ့လျော်သော ကဗျာဆရာကြီးတစ်ဦးလည်းဖြစ်ပါသည်။

ထိုငြိမ်းချမ်းရေးကဗျာဆရာကြီးက “နိုင်ငံငြိမ်းချမ်းရေးအတွက် ညီညွတ်ရေးတည်ဆောက်ရန်လိုသည်”ဟု ပြောခဲ့သည်။ ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် နိုးနိုးကြားကြားဆောင်ရွက်ကြရန် လိုအပ်နေပြီဖြစ်ကြောင်း သူက ပန်ကြားခဲ့သည်။ 

“ကျည်ဆန်ခြုံ၍ မလုံ၊ မေတ္တာခြုံမှ လုံလိမ့်မည်”ဟု ၂၀၁၁ခုနှစ် သြဂုတ် ၈ရက်နေ့က အောင်ပန်းမြို့မှတစ်ဆင့် ငြိမ်းချမ်းရေးပန်ကြားချက်ထုတ်ပြန်ခဲ့သည့် ဆရာကြီးဒဂုန်တာရာသည် အသက် ၉၄နှစ် အရွယ်၊ သြဂုတ်လ ၁၉ရက်၊ နေ့ လယ် ၁နာရီ ၁၅မိနစ်တွင် အောင်ပန်းမြို့မှာပင် လူကြီးရောဂါဖြင့် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားခဲ့ပါပြီ။

မိုးကုပ်ကုပ်ဝယ် 
အို ရုတ်တရက်၊ မျဉ်းဖြူစက်၍
ကွဲအက်ကြောင်းရာ 
ဟ ..ဟ လာပြီး
မိုးပြာကိုဖြတ်၊ ပတ္တမြားရည်
စီးလည်အဟုန်၊ နီမြန်းကုန်သည်
အရုဏ်ပေါ်စ ၀ိုးတ၀ါး။
မှုန်မွှားမွှားလျှင်
ဝိုးဝါးတိတ်ဆိတ်၊ 
ကြယ်ရောင်ရိပ်ဝယ်
မြစ်ဆိပ်နှင့်လည်း၊ 
မနီးမဝေးချောင်းရိုးဘေးမှ 
ဖြေးဖြေးညင်းညင်း
လှေတစ်စင်းထက် 
တောတွင်းသားပျို
ဖျင်လက်တိုနှင့်၊ ကိုယ်ကိုဝပ်၍
စိုက်စိုက်ရွေ့သည်၊ 
ခြောက်သွေ့ မြက်ထုံးကောက်ရိုးဖုံးလျက်၊ 
ကွယ်ပုန်းဝှက်လာ
ယူကာလက်ထောက်၊ အလျား မှောက်သည်
လှေအောက်ဝမ်းမှ စက်သေနတ်။
(ဒဂုန်တာရာ/မတ်လတော်လှန်ရေးကဗျာမှ)

ဒဂုန်တာရာဟုဖြစ်လာမည့် ဦးဌေးမြိုင်ကို ၁၉၁၉ခုနှစ်၊ မေ ၁၀ ရက်တွင် ဦးဘအုန်း၊ ဒေါ်ဖွားရှင်တို့မှ ထိုခေတ်က ဒေးဒရဲမြို့နယ်အပိုင်၊ ကျိုက်လတ်မြို့နယ်အနီးရှိ ထိုင်ကူမြစ်တန်းကျေးရွာ၌ မွေးဖွားခဲ့သည်။ ရန်ကုန်မြို့ ၇ လမ်းရှိ အောင်ဇေယျမင်္ဂလာ မြန်မာစာသင်ကျောင်း၊ ကျိုက်လတ်အမျိုးသားကျောင်း၊ ရန်ကုန်ရေကျော်မက်သဒစ်ကျောင်းတို့တွင် ပညာသင်ကြားပြီး ၁၉၃၇ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့၍ ၁၉၃၇ မှ ၁၉၄၀ အထိ ရန်ကုန်တက္ကသိုလ် ကျောင်းသားအဖြစ် ဆက်လက်သင်ကြားခဲ့သည်။

ထိုစဉ်က နိုင်ငံအရေး၊ ကျောင်းသားအရေး လှုပ်ရှားမှုများတွင် ဆရာဒဂုန်တာရာသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၏ ရေနံမြေစည်းရုံးရေးကိုယ်စားလှယ်၊ တကသအမှုဆောင်၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ စသည့်တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ဒဂုန်တာရာသည် ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် တက္ကသိုလ်သိပံ္ပမဂ္ဂဇင်းတွင် “မှုံပြာရီ” ၀တ္တုကို စတင်ရေးသားပြီး စာပေနယ်ထဲသို့ဝင်ရောက်ခဲ့သည်။ ထိုစဉ်က သူ၏ကလောင်နာမည်မှာ မြိုင်သဇင်ဖြစ်ပြီး နောက်ပိုင်းမှ ဒဂုန်တာရာကလောင်အမည်ကို စတင်သုံးစွဲခဲ့သည်။ သူ၏ ကလောင်အမည်များမှာ မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောထွတ်၊ ဦးတိုး၊ မောင်းလင်ထက်၊ ဗညားသီဟ၊ ဦး ဒဂုန်တို့ဖြစ်ကြသည်။

တာရာမဂ္ဂဇင်းကို ၁၉၄၆ ခုနှစ်ကုန်ပိုင်းတွင် ထုတ်ဝေခဲ့ပြီး စာပေသစ်မဂ္ဂဇင်းကိုလည်း ထုတ်ဝေခဲ့သည်။ ဂန္တ၀င်ဂျာနယ် အယ်ဒီတာအလုပ်ကိုလည်း တစ်ပြိုင်နက်ဆောင်ရွက်ခဲ့သည်။ 
ဆရာကြီးဒဂုန်တာရာ ရေးသားပြုစုခဲ့သော စာအုပ်များအနက် “မေ” ၀တ္တုမှာ နာမည်အကျော်ကြားဆုံး ဖြစ်သည်။ အဆိုပါ မေ ၀တ္တုကို ၁၉၄၇ ခုနှစ်တွင် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ 

ဒဂုန်တာရာ၏ ဒဂုန်တာရာ၊ ဒဂုန်တာရာ ၀တ္တုတိုပေါင်းချုပ်၊ ဖျတ်ခနဲတွေ့ရသော ရုပ်ပုံလွှာများ၊ ကြာပန်းရေစင် ၊ သဇင်သင်းပြန်တော့၊ မေ၊ ဂန္ဓာလရာဇ်ရုပ်ပုံလွှာ၊ ပန်းနုရောင်နှစ်ကာလများ (မိုးဝေစာပေမဂ္ဂဇင်း)၊ ဗညားသီဟစာပေ စစ်တမ်း(သံလွင်စာပေ)၊ ဒို့ခေတ်ကိုတော့ ရောက်ရမည်မှာမလွဲပါ (မြေလတ်သားစာပေ) စသည့် စာအုပ်များသည် နာမည်ကျော်ကြားခဲ့သည်။
သူသည် စပယ်ဦးဟူသည့် ၀တ္တုတိုပေါင်းချုပ်ဖြင့် ၁၉၆၁ ခုနှစ်အတွက် စာပေဗိမာန် ၀တ္တုတိုပေါင်းချုပ်ဆုကိုရရှိခဲ့ ပြီး ၂၀၀၁ ခုနှစ်ပခုက္ကူ ဦးအုန်းဖေ တစ်သက်တာစာပေဆုပိုင်ရှင်လည်းဖြစ်သည်။

ဆရာကြီးသည် ကမ္ဘာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တစ်စိုက်မတ်မတ်ဆောင်ရွက်ခဲ့သဖြင့် ထင်ရှားကျော်ကြားခဲ့သည်။ တရုတ်-မြန်မာမိတ်ဆွေဖြစ် အသင်းချုပ်အမှုဆောင်၊ မြန်မာ- ဆိုဗီယက် ယဉ်ကျေးမှုနှင့် မိတ်ဆွေဖြစ် အသင်းချုပ်အမှုဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာ)၏ အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂဥက္ကဋ္ဌ၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်(မြန်မာ)၏ အမြဲတမ်းကော်မတီဒုတိယဥက္ကဋ္ဌ တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။ 
၁၉၅၃ခုနှစ်တွင် သြစတြေးလျနိုင်ငံ၌ ကျင်းပသည့် ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီသို့လည်း တက်ရောက်ခဲ့သူဖြစ်သည်။

သူသည် ငြိမ်းချမ်းရေးနှင့် စာပေအရေးတို့ကို တက်ကြွစွာ ဆောင်ရွက်ခဲ့သည်။ ရန်သူမရှိ၊ မိတ်ဆွေသာရှိသည်ဟူသည့်မူကို အသက်ထက်ဆုံး လက်ကိုင်ထားခဲ့သည်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း အမြဲတစ်စေ ဆုမွန်တောင်းပေးနေခဲ့သည်။

ကွယ်လွန်သူစာရေးဆရာကြီး ဗန်းမော်တင်အောင်နှင့် အရင်းနှီးဆုံး ဆရာကြီးဒဂုန်တာရာသည် သေသည်အထိ လူပျိုကြီးအဖြစ် နေထိုင်သွားခဲ့သည်။ ကွယ်လွန်ချိန်၌ စာပေလောက၏ အသက်အကြီးဆုံး စာရေးဆရာကြီးတစ်ဦးလည်း ဖြစ်သကဲ့သို့ ငြိမ်းချမ်းရေးပြယုဂ်တစ်ခုလည်း ဖြစ်သည်။

ဆရာကြီးဒဂုန်တာရာသည် လူသူကင်းဝေး၊ ရှုပ်ရှုပ်ထွေးထွေး၊ နိုင်ငံအရေးတို့မှ မျက်ကွယ်ရာတွင် တိတ်ဆိတ်စွာနေလိုသည့်ဆန္ဒ ရှိဟန်တူသည်။ မြန်မာ့ နိုင်ငံရေးဖြစ်စဉ်တစ်လျှောက်လုံး တစ်ထောင့်တစ်နေရာမှ ပါဝင်လာခဲ့ပြီး ယခုလက်ရှိ နိုင်ငံ့အရေးကိစ္စများ ရှုပ်ထွေးပွေလီနေချိန်တွင် ကျန်းမာရေးမကောင်းမွန်တော့သည့် ဆရာကြီးသည် ရှမ်းပြည်နယ် အောင်ပန်းမြို့ကလေး၌ အေးချမ်းစွာ နားနေခဲ့သည်။ 
ငါတစ်မူကား
မည်သူကမျှ၊ အမိန့်မချ
မိမိဆန္ဒဖြင့်၊ မြို့ပြမှခွာ
မဲဇာသို့ သွားနေလိုက်သည် 
(ဒဂုန်တာရာ/မိမိကိုယ်ကို မဲဇာသို့ပို့ခြင်းကဗျာမှ) 

မြန်မာ့သမိုင်းစဉ် တစ်လျှောက်တွင် ထင်ရှားကျော်ကြားသူများအကြောင်းကို သူထိတွေ့မိသမျှ ရေးသားခြယ်မှုန်းခဲ့သည့် ရုပ်ပုံလွှာဆောင်းပါးများသည် စာဖတ်သူတို့ နှလုံးသားတွင် စွဲလမ်းစေခဲ့သည်။ ယနေ့ လူလတ်ပိုင်း စာဖတ်ပရိသတ်အထိ ဒဂုန်တာရာ၏ မေ၀တ္ထုကို စွဲလမ်းနှစ်သက်ကြဆဲဖြစ်သည်။  

ဆရာကြီးဒဂုန်တာရာသည် အသက် ၉၅ နှစ်အရွယ် ၂၀၁၃ သြဂုတ် ၁၉ ရက် နေ့လယ် ၁ နာရီ ၁၅ မိနစ် အချိန်တွင် ရှမ်းပြည်နယ် အောင်ပန်းမြို့၌ ချစ်ခင်သူတို့ကို နှုတ်ဆက်ခဲ့ပါပြီ။ 
“အောင်ပန်းမှာ ဆေးရုံတင်ထားပြီး ဒီနေ့မနက်က သက်သာလာလို့ ပြန်ဆင်းလာတယ်။ ပြီးမှ နေ့လယ်မှာ ဆုံးသွားပါတယ်။ အုတ်ဂူသေးသေးလေးတစ်လုံးဆောက်မယ်။ သုသာန်မှာ မဟုတ်ပါဘူး။ မျက်စိဆေးရုံဆောက်ဖို့  ၀ယ်ထားတဲ့မြေနေရာမှာ လုပ်မှာပါ”ဟု ဆရာကြီး၏ အိမ်သားတစ်ဦးက သြဂုတ် ၁၉ ရက် ညနေပိုင်းက ပြောပြသည်။

သြဂုတ်လသည် အနုပညာငွေကြယ်ပွင့်ကြီးများကို တစ်ပွင့်ချင်းဆွဲဖြုတ်သွားခဲ့သည်။ ပန်းချီ မြိတ်ဝင်းထိန်၊ မောင်ဝံသ၊ မင်းလူ၊ မျိုးမြင့်လေး စသည့်ကြယ်ပွင့်တို့ ကြွေလွင့်ခြင်းအပေါ် ၀မ်းနည်းမကုန်သေးခင်မှာပင် နောက်ထပ် အစားထိုးမရနိုင်သည့် ငြိမ်းချမ်းရေးငွေကြယ်ပွင့်ကြီးကို ထပ်မံ ကြွေလွင့်စေခဲ့သည်။

“မြန်မာပြည်အတွက် နောက်ထပ်ကြယ်တစ်ပွင့် လွင့်သွားပြန်ပြီ။ ကြွေတယ်ဆိုတာ ပွင့်ခြင်းဆိုရင် နောက်ထပ် ထောင်စုနှစ်တွေအထိ ကောင်းကင်ယံမှာ ဒဂုန်တာရာနာမည်နဲ့ ကြယ်တစ်ပွင့် ထွန်းလင်းပွင့်သစ်နေဦးမယ်ဆိုတာ ယုံကြည်ပါတယ်”ဟု ကဗျာဆရာလူပအောင်က ၀မ်းနည်းစကားဆိုသည်။

လူငယ်ကဗျာဆရာတစ်ဦးဖြစ်သည့် ဘလော့ဂ်ဂါကဗျာဆရာမိုးလှိုင်ညကလည်း “တစ်သက်တာပတ်လုံး ငြိမ်းချမ်းရေးနဲ့ ကဗျာအတွက် တစ်စိုက်မတ်မတ် ရပ်တည်သွားတဲ့ဆရာကြီးကို လေးစားအားကျပြီး အမြဲအမှတ်ရနေမှာပါ။ ဆရာက သမိုင်းခေတ်တွေကို ထဲထဲဝင်ဝင်ဖြတ်သန်းခဲ့သလို မြန်မာစာပေနဲ့ လူ့ဘောင်သမိုင်းမှာလည်း နက်နက်ရှိုင်းရှိုင်း ကျန်ရစ်ခဲ့ပါပြီ”ဟု ဆိုသည်။

စာရေးဆရာမင်းဒင်ကတော့ ဆရာကြီးကွယ်လွန်ခြင်းနှင့်ပတ်သက်၍ အောက်ပါအတိုင်း ပြောပါသည်။ 

“ဆရာကြီးဒဂုန်တာရာ ကွယ်လွန်ခြင်းကြောင့် ၀မ်းနည်းကြေကွဲတဲ့သူတွေ အတော်များပါတယ်။ ကျွန်တော်ကတော့ တန်ဖိုးကြီးမားလှတဲ့ သူ့ဘ၀သူ့သမိုင်းကို သူမသေခင်မှာ ဘယ်နှယောက်ကများ တိကျခိုင်မာစွာ မှတ်တမ်းပြုထားနိုင်ခဲ့ပါလိမ့်ဆိုတာကို နှမြောစိတ်နဲ့ တွေးမိတယ်”

စာပေပညာရှင်ကြီး၊ ကဗျာဆရာကြီးသည် မငြိမ်းချမ်းသေးသော ကမ္ဘာကြီးကို စွန့်ခွာလျက် ပင်လယ်ဝဆီသို့ လှေကလေးနှင့်ငြိမ်းချမ်းစွာ ထွက်ခွာသွားခဲ့ပြီဖြစ်ပါသည်။ 

ငြိမ်းချမ်းရေးအတွက် အကောင်းမျှော်ပြောခဲ့သည့်ဆရာ့စကားက “ဗိုလ်သိန်းစိန်ပြောသလို ကောင်းမွန်တဲ့အစိုးရ၊ သန့်ရှင်းတဲ့အစိုးရဖြစ်ရင် ငြိမ်းချမ်းရေး ရကိုရမယ်”

7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis