menu

Sunday 21 July 2013

ဘွဲ့ရတဲ့အခါ ဘာတွေလုပ်လို့ ရမှာလဲ (Written by ဒေါက်တာခင်မောင်ညို)

university-july17
(ပညာရေး ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးစားနေချိန်မှာ ကျွန်တော့်ဆောင်းပါး အနှောင့်အယှက်ဖြစ်ပါက တောင်းပန်ပါကြောင်း)
တစ်ခါက ကျွန်တော်သည် တက္ကသိုလ် ဆရာဘ၀မှ အနားယူပြီးနောက် လူငယ်များကို ကျူရှင်ပြသည်။ သူတို့ကို အသင့်အတင့် စာဖတ်ကာ ပြင်ပဗဟုသုတ ရှာတတ်စေရန် ပြောပါသည်။
သူတို့အများစုကတော့ ဂိမ်းဆော့သည်။ စာဖတ်တာ ၀ါသနာ မပါကြပါ။ ထိုအထဲတွင် ထက်မြက်ထူးချွန်သူ များစွာပါဝင်လာတတ် ပါသည်။ တစ်နေ့တွင် တပည့်တစ်ယောက် အိမ်ရောက်လာသည်။ သူ့အမည်က ဘုန်းမြင့်မောင် ဖြစ်သည်။ သူတက္ကသိုလ်ဝင်တန်း အောင်စာရင်းတွင် လေးဘာသာ ဂုဏ်ထူးနှင့် အောင်ခဲ့ကြောင်း လာပြောပါသည်။
သူ့လက်ထဲတွင် ပါလာသော ပုဆိုးနှင့် မုန့်ပုံးကို ကျွန်တော့်ရှေ့တွင်ချကာ ကန်တော့ပါသည်။ "အမေက ဆရာ့ဆီက အကြံဥာဏ် တောင်းပါတယ်တဲ့။ အမေမလာနိုင်လို့ပါ။ အမေနယ်စပ် ကုန်သွယ်ရေး လုပ်နေလို့ပါ"
သူတောင်းပန်သည်။
သူ့အမေက ကျွန်တော့်ထံ တိုင်ပင်ဖို့ လွှတ်လိုက်ခြင်း ဖြစ်သည်။ ဒါက အလွယ်လေးပါ။ သူက အိမ်ကတတ်နိုင်သည်။ သူလည်း ၁၆ နှစ် ကျော်ကျော်သာ ရှိသေးသည်။ "မောင်ဘုန်း ဆေးကျောင်းတက်မလား။ ဒါမှမဟုတ် အင်ဂျင်နီယာကျောင်းပဲ တက်မှာလား"
"ကျွန်တော် ဒါတွေမတက်ချင်ဘူး"
"ဒါဆိုလည်း မင်းဖစ်ဆစ် (ရူပဗေဒ) တက်ပေါ့" သူက ရူပဗေဒတွင် ဂုဏ်ထူးရထားသည်။
"ကျွန်တော် အဲဒါလည်း မလုပ်ချင်ဘူး။ ကျောင်းမတက်လို့ မရဘူးလား ဆရာ။"
"မင်းကျောင်းတက်ပြီး ဘွဲ့ရအောင်တော့ လုပ်ဖို့လိုတယ်။"
"တက္ကသိုလ်က ဘွဲ့ရလို့ ဘာလုပ်ရမှာလဲ" သူ့မျက်နှာကို ကျွန်တော်ကြည့်မိသည်။ သူကအတည်ပေါက်ကြီး ပြောနေပါသည်။
ထို့ကြောင့် ကျွန်တော်ဘာသာပြန်လျက်ရှိသော နယူးယောက်မှ နယူးလက်တာ (News Letter) တစ်စောင်ကို သူ့အားပြလိုက်သည်။ ဒါကို စာတမ်း (essay) တစ်ပုဒ်ဟု ခေါ်နိုင်ပါသည်။
ထိုစာကို အောက်ပါအတိုင်း ဖွင့်ထားသည်။ "ဒီနေ့ ကျွန်တော်တို့ ကောလိပ်ကို တက္ကသိုလ်ကဆရာ လာသွားတယ်။" သားက အိမ်ပြန်ရောက်တော့ ထမင်းစားပွဲတွင် ကျွန်တော့်အား ပြောပြသည်။ "ဘယ်တက္ကသိုလ်ကလဲ။ ဘယ်သူလဲ"
"ပါမောက္ခ အဲလက်စ်ပါ။ အယ်ဘာနီ တက္ကသိုလ်က"
"အင်း"
"သူက သားတို့သင်ယူနေတဲ့ ဘိုင်အိုအင်ဂျင်နီယာ ဘာသာရပ်ကို လာပြောသွားတာပါ"
"ကောင်းတာပေါ့။ သားစိတ်ဝင်စားလား။"
"မဆိုးပါဘူး။ သူကစကားပြော ကောင်းတယ်။ သူစပြောတာက ကျောင်းသားတွေဟာ အလုပ်မရမှာ ကြောက်နေတဲ့အကြောင်း ပါတယ်"
"ဟုတ်တာပေါ့။ လွန်ခဲ့တဲ့ နှစ်နှစ်ကစပြီး အဖေတို့ရဲ့ အမေရိကန်ပြည်ထောင်စုမှာ ရီဆက်ရှင် (Recession) ဆိုတဲ့ စီးပွားရေး ကျဆင်းမှုတွေ အများကြီး ဖြစ်တယ်။ လူအများကြီး အလုပ်ပြုတ်တယ်။ ဒီတော့ နောက်ထပ်အလားအလာ ကောင်းတဲ့အလုပ်တွေအတွက် စဉ်းစားဖို့ လိုလာတယ်လေ။ သမားရိုးကျ အလုပ်တွေဆိုရင် မသေချာတော့ဘူးပေါ့။"
"ဆရာက ပြောတယ်။ ကျောင်းသားတွေဟာ ဒီသင်တန်းတွေကိုတက်ပြီး ဘွဲ့ဒီဂရီတွေ ရပြီးတဲ့အခါ အလုပ်အလွယ်တကူ ရမရ သိချင်နေကြတယ်တဲ့။"
"အသေအချာပေါ့။ နောက်ဆရာ ဘာပြောသေးလဲ။"
အဓိကကတော့ တတ်အောင်သင်တာ ပါပဲတဲ့။ ဘာမဆို တတ်အောင်သင်ပါ။ ကျွမ်းကျင်အောင် လုပ်ပါ။ မိမိကိုယ်ကို အရည်အသွေး မြှင့်တင်ပါ။ ဒါဟာ အကောင်းဆုံး ပညာသင်တဲ့ နည်းပဲတဲ့။ သားစကားကို ကျွန်တော်ယုံတောင် မယုံနိုင်ဘူး . . . . .
"တကယ်တော့ အလုပ်တွေကို စဉ်းစားပြီး စာသင်တာ အဆင်မပြေနိုင်ဘူးတဲ့။ ကျောင်းသားတစ်ယောက်ဟာ ကျောင်းနေတယ်။ တက္ကသိုလ် တက်တယ်။ ဒါပါပဲတဲ့။ သူ့အနေနဲ့ ဒီလိုကျောင်းနေပညာ သင်တဲ့အခါ ခုလိုတက္ကသိုလ်မှာ ပါမောက္ခ ဖြစ်လာအောင် ရည်ရွယ်ပြီး ပညာသင်တာ မဟုတ်ဘူးတဲ့။"
ကျွန်တော်က လူတိုင်းပန်းတိုင် ရှိရမယ် ဆိုတာကို သားအားပြောပြထားတယ်။ ဒါကြောင့် သားကကျွန်တော့်ကို ဒီအကြောင်းတွေ လာပြောနေတာလား။
"ဆရာက သူ့ရဲ့သားသမီးတွေဟာလည်း ဒီလိုပဲ ပါမောက္ခဖြစ်လာဖို့ ပညာသင်ကြတာ မဟုတ်ဘူးတဲ့။ အဓိကကတော့ တတ်အောင်သင်တာ ပါပဲတဲ့။ ဘာမဆို တတ်အောင်သင်ပါ။ ကျွမ်းကျင်အောင် လုပ်ပါ။ မိမိကိုယ်ကို အရည်အသွေး မြှင့်တင်ပါ။ ဒါဟာ အကောင်းဆုံး ပညာသင်တဲ့ နည်းပဲတဲ့။ သားစကားကို ကျွန်တော်ယုံတောင် မယုံနိုင်ဘူး။
"အကောင်းဆုံး ပညာသင်ဖို့ကတော့ အဲဒီနေရာမှာ အတော်ဆုံးဖြစ်အောင် လုပ်ဖို့ပါပဲ" တဲ့။ ဘုန်းမြင့်မောင် နားထောင်နေပါသည်။
ဘုန်းမြင့်မောင်က "ဘွဲ့ရရင် ဘာလုပ်ရမှာလဲ" ဆိုသော အမေးသည် မမှားပါ။ ကျွန်တော်တို့တစ်တွေ ဘာလုပ်လုပ် ရည်မှန်းချက်တွေ ရှိရပေမည်။ အမေရိကန် "နယူးလက်တာ" ထဲမှာ ဆရာက ပြောသလို "အတော်ဆုံးဖြစ်အောင် လုပ်ပါ" ဆိုတဲ့ ရည်ရွယ်ချက်ဟာ ဆရာဝန်တွေ အင်ဂျင်နီယာတွေဖြစ်အောင် ရည်ရွယ်ချက်တွေ မထားရဘူးလို့ မဆိုလိုပါဘူး။ ပထမအဆင့်ကို မမေ့ဖို့ပါ။ ဒါပေမဲ့ ပထမအဆင့်ကို လူတွေက မေ့နေကြတယ်။ စာသင်တယ်ဆိုတာ တော်အောင်တတ်အောင်လုပ်ဖို့ မဟုတ်လား။ ထက်မြက်ထူးချွန်တယ်ဆိုတာ အလွတ်ကျက်ပြီး အမှတ်များများ ရတာကောဆိုင်လား စဉ်းစားနိုင်တယ်။
ဒါဆိုရင် လူတွေကျောင်းနေတဲ့ ရည်ရွယ်ချက်ဟာ ရှင်းသွားတော့မှာပါပဲ။ ကျောင်းနေတာ လူကောင်းသူကောင်း ဖြစ်ချင်လို့ပဲ မဟုတ်လား။ လူကောင်းသူကောင်းဆိုတာ မိမိကိုယ် မိမိသာမက လူမှုအသိုက်အ၀န်းကို ကူညီတတ်သူ မဟုတ်ပါလား။
လက်ဗန်းဒါး ဖလင်းမင်းဟာလည်း ထက်မြက်ထူးချွန်သူပါ။ ဒီအတိုင်းပဲ တိန့်ရှောင်ဖိန်တို့ လီကွမ်ယူးတို့ဟာလည်း လူကောင်းတွေပေါ့။ သူတို့ဟာ လူ့ဘောင်ကြီးကို ကောင်းအောင်တိုးတက်စေသူတွေပဲ မဟုတ်လား။ ဘ၀ကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ဖို့ ကျောင်းနေတာက စရတာပါ။
ဒါပေမဲ့ ကျောင်းနေပြီး အမှတ်ရအောင် မတရားလုပ်သူတွေ မသမာမှုတွေ လုပ်တဲ့သူတွေဟာ ရည်ရွယ်ချက်မှားပြီး ကျောင်းနေတဲ့ ရည်ရွယ်ချက် နားမလည်သူတွေပါပဲ။ ဒုတိယ အဆင့်ကတော့ ပရော်ဖက်ရှင်နယ်ဆိုတဲ့ ကိစ္စပါ။ ဥပမာ ဆရာဝန်ပညာ သင်ယူသူ တစ်ယောက်ဆိုပါတော့။ သူဟာ လူနာတွေကို ကောင်းအောင်ဘယ်လိုကုမလဲ။ မကျန်းမာသူတွေကို ဘယ်လိုကူညီနိုင်မလဲ။
အဲဒီ အခြေခံကျတဲ့ ရည်ရွယ်ချက်နဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်လာဖို့ ပညာသင်ကြရမှာ ဖြစ်တယ်။ စာမေးပွဲအောင်အောင် "ဘယ်နည်းမဆို လုပ်မယ်။ အမှတ်များစေမယ်။ ရာထူးကြီးကြီးတွေရအောင် ကြိုးစားမယ်။ ပိုက်ဆံကို ဘယ်နည်းနဲ့မဆို ရအောင်ရှာမယ်" ဆိုတာတွေဟာ မမှန်တဲ့ ရည်ရွယ်ချက်ပေပဲပေါ့။ မိမိတတ် သိလိုတာတွေကို ကြိုးစားပြီး လူ့ဘောင်လူ့ဘ၀ တိုးတက်အောင် ဆောင်ရွက်ပေးဖို့ ရည်ရွယ်ချက်တွေ ရှိရမယ်။
တိုးတက်သူများအကြောင်း ဖတ်ကြည့်ပါ။ အဲဒီလို အကြောင်းအရာတွေဟာ လူတွေရဲ့စိတ်ကို နှိုးဆွတာပါပဲ။ ပန်းတိုင်ကို တည့်မတ်ပေးတာပဲ။ ဒါပေမဲ့ တက္ကသိုလ် ကောလိပ်တွေကို ယုံကြည်မှု နည်းလာတဲ့သူတွေ အများကြီးပါပဲ။ ဘွဲ့ရပြီး အလုပ်မရသူတွေ အများကြီးပါပဲ။ ဒါပေမဲ့ တကယ်တမ်း ဒီလိုဘွဲ့ရရုံနဲ့ သူတို့ဟာ ပညာတတ်တွေ ဖြစ်လာရဲ့သလား။ မိမိ မိသားစုနဲ့ တိုင်းပြည်ကို အကျိုးပြုရဲ့လား။
သူတို့ဟာ အရည်အသွေး ပြည့်ဝအောင် ကြိုးမှကြိုးစားရဲ့လား။ "မောင်ဘုန်းရေ၊ ဘ၀မှာဖြူစင်စွာ နေထိုင်နိုင်ဖို့ ကြိုးစားပါ။ စံပြဖြစ်ပါစေ။ ဘာဖြစ်ဖြစ် ဘွဲ့ရဖို့တော့ လိုတယ်"
 http://news-eleven.com/opinion/21128-%E1%80%98%E1%80%BC%E1%80%B2%E1%82%95%E1%80%9B%E1%80%90%E1%80%B2%E1%80%B7%E1%80%A1%E1%80%81%E1%80%AB-%E1%80%98%E1%80%AC%E1%80%B1%E1%80%90%E1%80%BC%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%9C%E1%80%AD%E1%80%AF%E1%82%94-%E1%80%9B%E1%80%99%E1%80%BD%E1%80%AC%E1%80%9C%E1%80%8A%E1%80%B9%E1%80%B8

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis