menu

Wednesday 16 January 2013

အစိုးရ၀န်ထမ်းများကို လစာတိုးပေးရေး မလိုအပ်သောအသုံးစရိတ်များ လျှော့ချရန် ကြိုးပမ်းမည်ဟု လွှတ်တော်အမတ်များဆို

လာမည့်ဘဏ္ဍာနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏လစာများ တိုးမြှင့်ပေးနိုင်ရန်အတွက် မလိုအပ်သော စီမံကိန်းများ၏ ကုန်ကျငွေများကို ဖြတ်တောက်ရမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ကပြောသည်။

ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့တွင် နိုင်ငံတော်သမ္မတ ပေးပို့သည့် နှစ်သစ်ကူးသ၀ဏ်လွှာ၌လည်း လာမည့်ဘဏ္ဍာနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တိုးမြှင့်ပေးနိုင်တော့မည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။


“၀န်ထမ်းတွေကို လစာတိုးပေးဖို့က မဖြစ်မနေဆောင်ရွက်ရမယ့်ကိစ္စပါ။ ဒါပေမဲ့ တစ်ခုစဉ်းစားရမှာက နိုင်ငံမှာ ဘတ်ဂျက်က လိုငွေနဲ့သွားနေရတာလေ။ လိုငွေတွေရှိရင် ငွေစက္ကူတွေ ရိုက်ထုတ်ရတော့ ငွေကြေးဖောင်းပွမှုတွေ ဖြစ်လာနိုင်တယ်။ လစာတိုးပေးမယ်ဆိုရင် မလိုတဲ့ဘတ်ဂျက်တွေကို ဖြတ်ချမှရမယ်”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကဆိုသည်။

လာဘ်ပေးလာဘ်ယူမှု လျော့နည်းစေရေးအတွက် ၀န်ထမ်းများအား လစာတိုးပေးရန် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် လွှတ်တော်မှ တောင်းဆိုခဲ့သော်လည်း နိုင်ငံတော်သမ္မတက တိုးမပေးနိုင်သည့်အတွက် ယခုဘဏ္ဍာနှစ်တွင် တိုးပေးနိုင်ရန် စီစဉ်ခြင်းဖြစ်နိုင်ပြီး ရန်ပုံငွေလုံလောက်မှုရှိစေရန် မလိုသောဘတ်ဂျက်များ လျှော့ချခြင်း နည်းလမ်းသာမက ဖွဲ့စည်းပုံပိုလျှံနေသော ၀န်ထမ်းအဖွဲ့အစည်းများအား သေချာစိစစ်၍ လိုအပ်သော ဖွဲ့စည်းပုံအတိုင်းသာ ထားရှိလုပ်ဆောင်ရန်လိုကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကပြောသည်။

“၀န်ထမ်းလစာတိုးဖို့ဆိုတာ လွှတ်တော်က စလုပ်ခဲ့တာပါ။ မနှစ်ကတည်းက လစာတိုးတောင်းပေမယ့် မရလို့ အခုဝန်ထမ်းတွေ ခံစားနေရတဲ့ အပိုချီးမြှင့်ငွေ ကျပ် ၃၀၀၀၀ ရအောင် ဦးရွှေမန်းက လုပ်ပေးခဲ့တာ”ဟု ဦးဖုန်းမြင့်အောင်ကဆိုသည်။

တိုင်းပြည်တွင် လက်ရှိကာလ၌ ဘဏ္ဍာရေးအကျပ်အတည်း ကြုံတွေ့နေရသည်မဟုတ်ဘဲ မှန်မှန်ကန်ကန် သုံးစွဲနိုင်ရန် ညှိနှိုင်းနေရသည့် ကာလဖြစ်သဖြင့် ယခုဘဏ္ဍာရေးနှစ်တွင် ၀န်ထမ်းများအား လစာတိုးပေးမည်ဆိုသည်မှာ ဖြစ်နိုင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးကပြောသည်။

လာမည့်ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းကိုလည်း အစိုးရနှင့် လွှတ်တော်တို့အကြား ပွင့်လင်းမြင်သာမှုရှိရှိဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့သဖြင့် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကို တစ်နှစ်ထက်တစ်နှစ် ပိုမိုစနစ်ကျစွာ ပြဋ္ဌာန်းနိုင်တော့မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာတွင် ဖော်ပြထားသည်။


7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis