menu

Sunday 20 January 2013

တရုတ်ဘက်မှ ၀ယ်လိုအား များနေခြင်းနှင့် လှောင်လက်များ ၀ယ်လှောင်နေခြင်းများကြောင့် ပြည်တွင်း ဆန်စပါးဈေး မြင့်တက်




w1-20-4
တရုတ်နိုင်ငံမှ ၀ယ်လိုအား များနေခြင်းကြောင့် ပြည်တွင်း ဆန်စပါးဈေးနှုန်းများ ယခုရက်ပိုင်းအတွင်း မြင့်တက်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀ါးတန်းလမ်းရှိ ဆန်စပါးကုန်စည်ဒိုင်မှ သိရသည်။
ထို့ပြင် အရန်ဆန်တန် ၃၀၀၀၀ ထပ်မံဝယ်ယူရန် စီစဉ်နေခြင်း၊ လှောင်လက်များမှလည်း ၀ယ်ယူ သိုလှောင်လာခြင်းကြောင့် စပါးနှင့် ဆန်ကြမ်းဈေး မြင့်တက်လာရခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊၀ါးတန်းလမ်းရှိ ဆန်စပါးကုန်စည်ဒိုင်မှ ဆန်ကုန်သည်တစ်ဦးကလည်း  ''ဒီရက်ပိုင်း ဆန်အကြမ်းဈေး နည်းနည်းတက်တယ်။ အချောက အရင်ရက်ပိုင်းက တက်ပေမယ့် ဇန်န၀ါရီ ၁၈ရက်က ပုံမှန်ပဲ ရှိနေတယ်။ ဇီယာနဲ့ မနောသုခက တစ်အိတ်ကို ကျပ် ၁၀၀၀ လောက် တက်သွားတယ်။ အရင်က တစ်အိတ်ကို ကျပ် ၁၄၂၀၀၊ ကျပ် ၁၄၃၀၀ ရှိတာတွေက အခုဆိုရင် ကျပ် ၁၅၅၀၀ အထိ ဖြစ်လာတယ်။
မြောင်းမြ ပေါ်ဆန်းရှယ်လို အချောတွေက တစ်အိတ်ကို ကျပ် ၃၀၀၀ လောက် တက်သွားတယ်။အရင် ကျပ် ၁၉၅၀၀၊ ကျပ် ၂၀၀၀၀ က အခု ကျပ် ၂၃၀၀၀ ရှိနေတယ်။ အခု အ၀င်များနေတာက မော်ကျွန်းနဲ့ ၀ါးခယ်မက များပါတယ်'' ဟု ရှင်းပြသည်။
ရန်ကုန်တိုင်းဒေသကြီး ဆန်စပါးကုန်စည်ဒိုင် (၀ါးတန်း) တွင် ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီ ၁၁ရက်နေ့ စပါးဆန်ဈေးကွက်မှာ ဧည့်မထ ဆန်လတ်စ တစ်အိတ် ကျပ်၁၄၀၀၀၊  ပေါ်ဆန်း ဆန်လတ်စ တစ်အိတ် ကျပ်၁၇၅၀၀ ဖြစ်ပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဈေးအနည်းငယ် ပြန်တက်လာကြောင်း စုံစမ်းသိရှိရသည်။
''တရုတ်ဘက်က အရင်ရက်က အ၀ယ်ရပ်ထားတယ်။ အခု ဒီရက်ထဲမှာ ပြန်ဝယ်တယ်။ အ၀ယ်လိုက်လာတာရော ပြည်တွင်းမှာလည်း အရန်ဆန် တန် ၃၀၀၀၀ လှောင်မယ့် အစီအစဉ်ကြောင့် ဆန်ဈေး အနည်းငယ် တက်လာတာပါ။ တချို့ မြောင်းမြဘက်က ဆန်တွေဆိုရင် ရန်ကုန်ကိုတောင် မ၀င်တော့ ဘဲ ပခုက္ကူကို သင်္ဘောနဲ့ တိုက်ရိုက်သွားတယ်။ ပခုက္ကူကနေ တရုတ်ကို တင်ပို့တာပါ။ ရန်ကုန်ကိုတော့ ဟင်္သာတ၊ တိုက်ကြီး၊ သုံးဆယ် ဘက်က ဆန်တွေ အ၀င်များနေတယ်'' ဟု ဘုရင့်နောင်ရှိ ဆန်စပါး ကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဆန်စပါး ကုန်စည်ဒိုင်(၀ါးတန်းလမ်း)သို့ တစ်နေ့လျင် ပျမ်းမျှ ဆန် ၂၅၀၀၀ အိတ်ခန့် ၀င်ရောက်လျက်ရှိပြီး ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) သို့ တစ်နေ့ ပျမ်းမျှ ဆန်အိတ်ရေ ၂၁၀၀၀ ကျော် ၀င်ရောက်လျက်ရှိကြောင်း သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis