menu

Monday 21 January 2013

ရဲအရာရှိက အရပ်သား တစ်ဦးကို ထိုးနှက်ပြီး သေနတ်ပြ ခြိမ်းခြောက်မှု အား စစ်ဆေး အရေးယူမည်

ဟိုပင်၊ ဇန်နဝါရီ ၂၀

ကချင်ပြည်နယ် မိုညှင်း ခရိုင် ဟိုပင် မြို့နယ်ခွဲ မြသီတာ ရပ်ကွက်တွင် နေထိုင်သော ဦးဝင်မြင့်အား ဟိုပင် ရဲစခန်းမှ ဒုရဲအုပ် ဦးအောင်မျိုးအေး က ဆိုင်ကယ် အချက်ပြမီး မပြသည့် ကိစ္စဖြင့် ထိုးနှက် ကာ လက်နက်ပြ ခြိမ်းခြောက် ခဲ့ခြင်းကို အမှုမှန် ပေါ်အောင် စစ်ဆေး သွားမည် ဖြစ်ကြောင်း မိုးညှင်းခရိုင် ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်း တွင် ပြည်ထောင်စု လမ်းမကြီး အတိုင်း မောင်းနှင် လာသော ဦးဝင်းမြင့်သည် အောင်သုခ ဆေးခန်းအနီး မြသီတာ ရပ်ကွက်သို့ အချက်ပြမီး မပြဘဲ ချိုးကွေ့ လိုက်စဉ် နောက်မှ ကပ်ပါလာသော ဒုရဲအုပ် အောင်မျိုးဝင်းက ကျော်တက်ပြီး ပြဿနာ ရှာကာ လက်သီးဖြင့် ထိုးသည့်အပြင် ခါးတွင် ပါလာသော သေနတ်ဖြင့် ချိန်၍ ခြိမ်းခြောက် ခဲ့သည် ဟု ဦးဝင်းမြင့်၏ တိုင်ကြားချက် အရ သိရသည်။


ယင်းကဲ့သို့ ထိုးနှက် ခဲ့သည့် အတွက် ဝဲဘက်ပါး နှင့် ဝဲဘက် အပေါ် နှုတ်ခမ်းတွင် ဖူးရောင် ညိုမဲ ဒဏ်ရာများ ရရှိ သွားကြောင်း အခင်း ဖြစ်ပွားရာ အနီးရှိ လက်ဘက်ရည် ဆိုင်တွင် ထိုင်နေသည့် မျက်မြင် သက်သေ တစ်ဦးဖြစ်သူ ကိုကျော်ဇင်သက် က ပြောကြားသည်။
“ငါ့ကို ဘာကောင် မှတ်လဲ၊ ပစ်သတ် လိုက်ရမလား” ဟုပြောဆိုကာ ခါးမှ သေနတ် ထုတ်၍ ခြိမ်းခြောက် ပြောဆို ခဲ့ကြောင်း ကိုလည်း ၄င်းက ပြန်လည် ပြောပြသည်။

ယင်း ခြိမ်းခြောက်မှု နှင့် ပတ်သက်၍ ဟိုပင် ရဲစခန်း နယ်ထိန်း ဒုရဲအုပ် အောင်မျိုးအေး ကို အရေး ယူပေးရန် ဟိုပင် ရဲစခန်းသို့ ယင်းနေ့ ညနေပိုင်း တွင် သွားရောက် တိုင်တန်း ခဲ့သော် လည်း ယာယီ စခန်းမှူး က စခန်မှူး ကြီးလည်း မရှိသည့် အပြင် ပြသနာ ရှုပ်ထွေး လာမည်ကို စိုးရိမ်သဖြင့် အမှုကို လက်မခံရဲ ဟု ပြောဆို ခဲ့ခြင်းကြောင့် မိုးညှင်း မြို့နယ်မှူး ထံသို့ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ဆက်လက် တိုင်တန်း ခဲ့ကြောင်း ဦးဝင်းမြင့်က ရှင်းပြ သည်။

ယင်းအမှုနှင့် ပတ်သက် ၍ စုံစမ်းရေး အဖွဲ့ ဖွဲပြီး အခင်း ဖြစ်ပွားရာ အနီး တဝိုက် ရှိ မျက်မြင် သက်သေ များကို စစ်ဆေး နေပြီ ဖြစ်ပြီး ပေါ်ပေါက် လာသော အမှု အခြေအနေ ကို သုံးသပ်ပြီး မှန်ကန်သော အရေးယူ ဆောင်ရွက်မှု များ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း မိုးညှင်း ခရိုင် ရဲတပ်ဖွဲ့ မှူးရုံး က ပြောကြားသည်။

“ဒုရဲအုပ်က လမ်းစည်းကမ်း နားမလည်ဘူးလား မေးလိုက် တာကို ဦးဝင်းမြင့်က စဆဲတာ လို့သိရတယ်။ သူ့ကို ထိုးလိုက်တာ မဟုတ်ပါဘူး။ ပါးရိုက် လိုက်တာပါ။ ဒါတော့ ကျွန်တော်တို့ ဘက်က လွန်တာပါ။ ရဲဆိုတာ ဘယ်လို ပဲဖြစ်ဖြစ် ပြည်သူကို သည်းခံ ရမှာပါ၊ ဒီအတွက် သူ့ကို အရေးယူ မှာပါ၊ သေနတ်နဲ့ ချိန်တယ် ဆိုတာလည်း မဟုတ်ပါဘူး။ ခါးမှာ သေနတ် ချိတ်ထား တာကို ပြောချင်တာပါ” ဟု ခရိုင် ရဲတပ်ဖွဲ့မှူး က The Voice Weekly သို့ ပြောကြားသည်။

  The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis