မျက်စိရှေ့က ဒေါ်ပြားသည် အရင်မြင်တွေ့နေကျ ဒေါ်ပြားမှ ဟုတ်ပါလေစ။ ကြည့်ကြပါဦး။ ခြေလှမ်းတွေက သွက်သွက်၊ အပြုံး မွဲမွဲတွေက မျက်နှာပေါ် ဟိုနားတစ်ကွက် ဒီနားတစ်ကွက်၊ ရင်ဘတ်ကြီးက ကော့ကက်တက်လို့။
မာန်ပါပါ လွှဲနေသည့် လက်တစ်ဖက်ထဲမှာ စက္ကူလိပ်ကြီး တစ်ခုကို တင်းတင်းဆုပ်လို့။ မထုံတက်သေး၊ ကုပ်ချောင်းချောင်း၊ ရှက်မရဲတရဲ စသည့် မွေးရာပါ အမူအရာတွေ ဒေါ်ပြားဆီမှာ ရှိမနေတော့ပါ။
ကြည့်နေတုန်းမှာပင် အပေါင်ခံသည့် အိမ်ခေါင်ရင်းက အိမ်ထဲ တန်းတန်း
မတ်မတ်ဝင် သွားလေ၏။ ချက်ချင်းဆိုသလို ပြန်ထွက်လာ၏။ အိမ်မှားပြီး
ဝင်သွားခြင်း ဖြစ်သည်။ အပေါင်ခံသည့် အိမ်ထဲမှာက သူ့ထက် အရင်ရောက်နှင့်
သူတွေအများ ကြီး။ အဲသည် အများကြီးသည် ဆီးရွက်သာသာ မျက် နှာလေးတွေကို
အောက်ချပြီး ကျုံ့ကျုံ့လေးတွေ ထိုင်နေကြ၏။ တစ်ယောက်နှင့် တစ်ယောက်
လက်ကုတ်ခြေကုတ် ဖြင့် အသံတိတ် ပြောဆိုကြ၏။ ဒါမှလည်း ချေးချင်
ငှားချင်စိတ်တွေ ယိုစိမ့် ထွက်လာမှာကိုး။ အကင်းမပါးလှ သည့် ဒေါ်ပြားတစ်ယောက်
ကတော့ သိန်းတစ်ထောင်ဆု ပေါက်လာသည့် အတိုင်းပင်။ ခါးကြီးထောက်လို့။ မကြောက်
မလန့်။
“ဟဲ့ မပြား ဘာကိစ္စလဲ”
သူ့ထက် အပြန် တစ်ရာမက
မောက်မာလှသည့် ဒေါ်သီတာ၏ ဆီးဟောက် ခြင်းကို ခံရပါတော့သည်။ နေ့ပြန်တိုး
ပေးစားနေသည့် ပါးစပ်ပဲ။ ခပ်ဆိုးဆိုး စပယ် ယာပါးစပ် ဆယ်ပါးစပ်ထက် သာသည်ပေါ့။
မျက်လုံးပြူး ကြီးတွေက အဆစ် ပါလိုက်သေး။
“ကျွန်မ အိမ်နဲ့ခြံကို ရောင်းပေါင် ဟိုလေ ပေါင် ချင်လို့ပါ”
ခန့်မှန်းရခက်သည့် အကြည့်စူးစူးတွေက ဒေါ်ပြား ကို ၀ိုင်းအုံကြည့်ကြပါတော့ သည်။ အနေရအထိုင်ရ ခက် လာ၏။
“ဒီမယ် မိပြား အိမ် ပေါင်တယ်ဆိုတာ လွယ်လွယ်လေး မမှတ်နဲ့”
ဒေါ်သီတာ စိတ်ထဲ ထိတ်ခနဲ ဖြစ်သွားလေ၏။ သို့သော် ဘယ်သူမှ မရိပ်မိခင်
သူ့စိတ်ကို ပြုပြင်လိုက် နိုင်၏။ ဒေါ်ပြားတို့ ခြေရင်း ခြံက ဒေါ်သီတာ့ခြံလေ။
ဒီလို ပဲအပေါင်ဆုံးနှင့် ရထားခြင်းပင်။ ဒါပေမဲ့ ဆယ်ပေကွက်၊ ရောင်းရခက်သည်။ နောက် ထပ်ရလာမည့် ဆယ်ပေပေါင်း မှ ရောင်းပန်းလှမှာ။
“သင်းသင်း ဟိုဘက် တိုးလိုက်စမ်း။ မပြား မတ်တတ်ကြီး လုပ်မနေနဲ့။ ညည်း ကလည်း ၀င်ထိုင်စမ်းပါ”
နောက်မှ ရောက်လာသူ ကို နေရာပေးလို့ တချို့မမ တွေက စူပွဲ၊ စူပွ။ ဒေါ်သီ တာ၏ အမိန့်အာဏာနှင့်ပဲ ဟာ၊ မကျေနပ်လျှင် စိတ်ထဲ တင်မှတ်။ အပြင်တော့ မထွက် စေနှင့်။ ဒေါ်သီတာ ပါးစပ် က ချက်မရွေးပေ။
“မိပြား ငါပြောတ သေသေချာချာ နားထောင်။ ထုံးစံ အတိုင်း အရောင်းအ၀ယ်
စာချုပ်ကို အသိ သက်သေတွေနဲ့ ချုပ်မယ်။ ပြီးရင် အိမ်ငှား ပုံစံနဲ့
ပြန်ထားမယ်။ ခြောက်လပြည့်လို့ ပြန်မရွေး နိုင်ရင် ငါပိုင်ပြီ။ တစ်ရက်
လေးတောင် အစွန်း မခံနိုင်ဘူး။ အိမ်ဂရန် မြေချပါမစ် အကုန် ပေးထားရမယ်”
လက်ထဲက အိမ်ဂရန် စာရွက်လိပ်ကြီးကို ဒေါ်သီတာထံ အတင်းထိုးပေးနေ ပြန်၏။ ဟိုက ဖြေတောင် မကြည့်။ “ဒါက အိမ်ဂရန် စာရွက်။ ကျွန်မ နားလည်း မလည်ဘူး။ သိလည်း မသိဘူး။ လိုချင်တဲ့ ငွေရရင်ပြီး တာပဲ။ အစ်မ ကြိုက်သလို လုပ်”
“ဒီမယ် မိပြား ညည်း လိုသလောက်ငွေ ကျုပ် မပေး နိုင်ဘူးနော်။ ရှင်းရှင်းပြော
ထားမယ်။ ညည်းအိမ်နဲ့ခြံ ရှစ်သိန်းပဲ ရမယ်။ ပိုမရဘူး။ အိမ်သားတွေနဲ့
ပြန်တိုင်ပင်လိုက်”
စိန်ရောင်ရွှေရောင်တွေ က ဒေါ်သီတာကို နှစ်လိုဖွယ်
အဆင်းဖြစ်အောင် အားပေး အားမြှောက် မပြုနိုင်ပေ။ ရပ်ကွက်သူ ရပ်ကွက်သား
တွေကတော့ ဆဲလားဆဲရဲ့။ ရှေ့တင်မှာတော့ ခခယယ။ ဒီအထဲမှာ ဒေါ်ပြားမပါ။
ကြားနေဘာသာလ၀ါသမား။ သူလိုချင်သည့် ငွေများရလို့ ကတော့ ကျေးဇူးရှင်စာရင်း
သွင်းချင်သွင်းမှာ။
“ဆယ်သိန်းလောက်တော့”
ဒေါ်ပြား စကားမဆုံး လိုက်ပါ။ ကျားဟိန်းသံကြီး အောက်တွင် ပျောက်ကွယ် ရလေ၏။
“တော်စမ်းပါအေ။ ညည်းပါးစပ်မို့ ပြောလို့ထွက်တယ်။ ရှစ်သိန်းပဲ ပိုမရဘူး။
ညည်းဆန္ဒ ရှိရင် မနက်ဖြန် ပြန်လာခဲ့။ ဒီနေ့ မအားသေး ဘူး။ ကျုပ်ပေးတဲ့
ဈေးနည်းတယ် ထင်ရင် ကြိုက်တဲ့ဆီ ကြွ”
“အဟင့် အစ်မရယ် ကျွန်မ ဒီလောက် မျက်နှာ မများပါဘူး”
ဒေါ်ပြား၏ စကား အဓိပ္ပာယ်ကို သဘောကျလို့ ထိုင်နေသူ အတော်များများ
ခပ်တိုးတိုး ရယ်ကြ၏။ သူ့ခြံ အနည်းဆုံး ဆယ်သိန်း တန်သည်ကိုတော့ ခပ်ထုံထုံ
ဒေါ်ပြား သိပြီးသား။ ဘယ်တတ်နိုင်မလဲ။ သူပေး သလောက်ပေါ့။ မောင် မောင်
ခေါ်တုန်း ဗျာ ထူးရမည်။ သည်မလာခင် လမ်းမှာ ပျော်ခဲ့သည့် အရွှင်ဓာတ်
ကလေးတွေကို မှန်းဆတမ်း တကြည့်သည့်အခါ ချိုမလို လိုနှင့် ခါးသွား၏။
လောကဓံတရား ရှစ်ပါး၏ ဖိနှိပ်ညှဉ်း ပန်းမှုဒဏ်ကို အဖန်ဖန် အထပ်ထပ် ခံခဲ့ ရလို့ ဒေါ်ပြား အခုလို ပြားပြားကပ်ကပ်၊ ပိန်ပိန်ညှော်ညှော်၊ လူမွေးလူရောင်
မပြောင်သည့်ဘ၀ ဖြစ်နေရ ခြင်းလား။ ပြောရခက်ခက်။ သူကတော့ အမှတ်သညာ မရှိပါ။
ငိုမယောင် မျက်နှာ ပေးက ဒေါ်ပြား၏ အမှတ် တံဆိပ်။ လူထဲ သူထဲလည်း အသွားနည်း၏။
မုဆိုးမ သက်တမ်း ဆယ်နှစ်ကျော်ပြီ။
အသက်က ငါးဆယ့် လေး။
သားသမီးက လေး ယောက်။ အကြီးဆုံးက သမီး မိန်းကလေး။ အားလုံး လောက်လောက်လားလား
တွေချည်းပါပင်။ အငယ်ဆုံး သားပင် ကိုးတန်းရောက်နေ သည်မှာ နှစ်နှစ်ရှိပြီ။
အကြီး သမီးသည် ဒီလှိုင်သာယာ အထည်ချုပ်စက်ရုံတော်တော် များများတွင်
အလုပ်ဝင်လုပ် ဖူး၏။ သူ၏ ညံ့ဖျင်းလှသည့် ကျန်းမာရေး၏ ခွင့်ပြုသလောက် သာ
အလုပ်ဆင်းပြီး ပျက် ရက်ရှည်ကြီးတွေကြောင့် စက်ရုံတစ်ရုံပြီးတစ်ရုံပြောင်း
ရွှေ့နေရသူပါ။ သူကိုယ်တိုင် က လင်စိတ်သားစိတ်ကုန်နေ သည်လား။ ဆန့်ကျင်ဘက်
ကိုကိုများက ဆေးဖိုးဝါးခ မရှိကြလို့ လက်ရှောင်နေကြ သည်လား မဆိုနိုင်။ ခုထိ
အပျိုကြီး သုံးဆယ် နီးပြီ။ သူ့ အမေနှင့် သူ့ကို ညီအစ်မဟု ထင်ရလောက်အောင်
အရွယ် ကျသည်။
ဒေါ်ပြား၏ ဒုတိယ သားသည် ဒီလှိုင်သာယာက
ဝပ်ရှော့တစ်ခုတွင် ပညာသင် ဘ၀ဖြင့် ပေးတာယူ ကျွေး တာစားနေလာသည်မှာ ဆယ်
နှစ်သာသာရှိပြီ။ သူ့ဆရာက သူ့အပေါ် လူပါးဝသည် မထင်ပါနှင့်။ ဒင်းက ဉဏ်
ကလည်းထိုင်း၊ လာဘ်က
လည်း မမြင်။ ဆရာသခင် ဆိုသည်ကလည်း တယ်မထူး ပါ။ သူလို လူစားကြီးပါပင်။
သူတို့ ၀ပ်ရှော့မှာ တစ်နေ့ ကားနှစ်စီးသုံးစီးထက် မပို။ ဒီလိုနှင့်
နေကုန်ရ၏။
နောက် သားတစ် ယောက် နို့ညှာကောင်က လည်း
ယင်းဝပ်ရှော့မှာ နှစ် နှစ်ခန့်ပညာသင်ပြီး ယာဉ် မောင်းဘ၀သို့ လှမ်းတက်
သွားလေ၏။ သူလက်ရှိ မောင်းနေသော ကားသည် အထည်ချုပ် စက်ရုံဖယ်ရီ ကားဖြစ်သည်။
အကျိုးကျေး ဇူးက ဇနီးကြင်ရာ ရှာဖွေရေး ကို များစွာအထောက်အကူ ပြုလေ၏။
မနေ့ညကပင် အမေ့ ချွေးမလှတပတလေး ကို အိမ်သို့ပါအောင် ဆောင် ယူနိုင်ခဲ့ပြီ။
ပြောစရာ နည်း နည်းရှိသည်က အသက်သည် သူ့ထက် ငါးနှစ်ကြီးနေခြင်း ဖြစ်သည်။
ကိစ္စမရှိပါ။ အချစ်တွင် မျက်စိ မရှိဆို သည့် စကားသည် ခုချိန်ထိ ခေတ်မီနေဆဲ။
ဒေါ်ပြားသည် သား သမီးတွေ၏ အရေးပေါင်း များစွာကို လျစ်လျူရှုကာ နေသာသလို နေ၏။
ပဲကြီး ရေစိမ် အချိန်တန်ပွ ဆိုသည့် ဗျူဟာအတိုင်း ပစ်ထားလေ၏။ သူလည်း
ဒီလိုပဲကြီး လာခဲ့ရသည်ကိုး။ သူတို့ ငွေ များများပေးသည့်နေ့ ဟင်းကောင်း
စားရမည့်နေ့။ ဒါသူ ၀တ္တရား အကုန်ပေါ့။ အမေတူ သားသမီးတွေကလည်း
ချက်ကျွေးသမျှကို ကောင်းဆိုးနှစ် တန် မဝေဖန်နေ။ ဗိုက်ပြည့် အောင်
လွေးကြမည်ဒါပဲ။ ငြိမ်းအေး သာယာလှသည့် အလိမ္မာ အိမ်ရာလေး။ ချွေးမ အသစ်လေး
အိမ်ပေါ်ရောက် မလာခင် အထိပေါ့။
မိန်းမ ခိုးထားသည့် သားက
အိမ်ကပ်သလောက် အမေလုပ်သူ ဒေါ်ပြား လတ်လျားလတ်လျားဖြင့် လမ်း သလားနေ၏။
ဒီအိမ်မှာက သူပဲကလေး သူပဲလူကြီး။ ဟိုကိစ္စ အဆင်ပြေသွားပြီ။ ကလေးတွေ မင်္ဂလာပွဲ
ကိစ္စ ပြောတာပါ။ ၀ပ်ရှော့ ဆရာ ကိုတိုးအောင်ကို ဆရာ့ဆရာ ကြီးတင်ပြီး
သွားရောက် ကြောင်းလမ်းကြသည်လေ။ လွယ်လိုက်သမှ သိပ်လွယ်။ မိန်းကလေး ဘက်က
ပြောလာ သမျှကို “ဟုတ်ကဲ့” “ဟုတ်ကဲ့ ပါ ခင်ဗျာ” “ဖြစ်အောင် လုပ် ပေးပါမယ်”
“စိတ်ချ စိတ် ချ”။ ဒီလိုနှင့် ပြီးလာတာ ဆိုပဲ။ ကားအကောင်းစား ကြီး
စီးသွားတာ ဆိုတော့ ရွာ သူရွာသားတွေ အထင်မသေး ၀ံ့တော့ဘူးပေါ့။ တလေး တစား
ဆက်ဆံကြတယ်ဆို ပဲ။
ဒေါ်ပြားကို ယောက္ခမ တော်မည့် ကောင်မလေးက
တွံတေးမြို့နယ်ရွာ တစ်ရွာက ဖြစ်ပါသည်။ ဒီလှိုင်သာယာ အထည်ချုပ် လာဆင်းရင်း
လူငယ်ချင်းချင်းတွေ့ကြရာ ကနေ စကားနောက် တရား ပါတွေ ဖြစ်ပြီး အခုလို ခိုး
ပြေးကြခြင်းပင်။ မင်္ဂလာပွဲ ကို အဲဒီရွာမှာပဲ စည်ကား သိုက်မြိုက်စွာ
ကျင်းပပေးဖို့ နေ့ကောင်းရက်သာတွေ ရွေး ခဲ့ပြီးပါပြီ။ ကျွေးဖို့ မွေးဖို့
ငွေအတွက်လည်း တစ်ခါတည်း အပ်ခဲ့ပါသည်။ ဒီကနေ ကားလေး လက်တင်စီးပြီး အကြော့သား
သွားရုံသာ။ ပိုင် ပါ့။
ဒေါ်ပြားကလည်း မိန်း မသားထဲမှာ ထူးမခြားနား
မိန်းမသား ဆိုတော့ တစ်ဘ၀ တစ်မင်္ဂလာဆိုတာကြီးကို ဖျတ်ဖျတ်လူး ရင်ခုန်လှိုက်မော
ခဲ့သည်ပေါ့။ သူ့မိဘတွေ ညံ့ လို့ သူမင်္ဂလာမဆောင်ရခြင်း ဟုပဲမှတ်ထား၏။
ထားလိုက် ပါတော့။ ကိုယ့်ကို မော့ကြည့် နေရသည့်ကလေးတွေ မျက်နှာ မငယ်စေချင်။
ဤကား ဒေါ်ပြားဆန္ဒအမှန်။
မင်္ဂလာပွဲ ကျင်းပရန် ငါးရက်သာ လိုတော့သည်။ ခန်းဝင်ပစ္စည်း အစုံအလင်နှင့် ဗီရို၊ ခုတင်
အိမ်ပေါ်အကုန် ၀ယ်တင်ပြီးသွားပြီ။ သူတို့ မှာသာ ခြင်ထောင် ကောင်း
ကောင်းမရှိတာ။ ၀င်းဝင်းဝါ ၀ါရှိလှသည့် ခုတင်နှင့် ဗီရို ကြီးကို
အိမ်နီးပါးချင်းတွေက ဘယ်လောက် ပေးရလဲ ၀ိုင်းမေးကြ၏။ ဒါကို ဖြေဖြေ နေရသည်ကို
ဒေါ်ပြား အာ တွေ့လှ၏။ အရင်မြင်ဖူးပေမဲ့ အခုလို ကိုင်ဖူးဖို့၊ ထိုင်ဖူးဖို့ အဝေးကြီး။ ကြီးလိုက်သည့် ဗီရိုကြီး။ အိမ်နှင့်တောင် မဆံ့ချင်။ အိမ်ကလည်း ဆယ်ပေမြေပေါ်မှာ ဆောက် ထားသည်ကိုး။
ဗီရိုကြီး၏ ဘယ်ဘက် အပေါ်ထောင့်မှာ ဘဲဥပုံ ကိုယ် လုံးပေါ်မှန်ကြီးပါသလို
အောက် ဘက်မှာက ရှိုးကေ့စ်ပုံစံ မှန် ချပ်ကြီးတွေနှင့် ကာလို့ ရံလို့။
အလယ်မှာ အံဆွဲ နှစ်ခုက ပါ လိုက်သေး။ တစ်ရေးနိုး ထကြည့် ကျက်သရေရှိ၏။
အိမ်နှင့်ခြံ ပေါင်နှံလို့ရသည့် ငွေရှစ်သိန်း စိမ်းကားသွား လိုက်ကြတာ
လက်ထဲတစ် သိန်းတောင် အနိုင်နိုင်။ ဘယ်နေရာမှာ ဘယ်လောက်ကုန် တယ် ဒေါ်ပြား
စိစစ်မနေ ပါ။ ကျန်တာ ကိုယ်ပိုက်ဆံပဲ ဟု နှလုံးသွင်း၏။
မနက်ဖြန် မင်္ဂလာပွဲကို စိတ်စောနေလို့ သူ့သမီး ဌေးဌေး ခေါ်လိုက်သည်ကို ဒေါ်ပြား မကြားလိုက်ပါ။ နားမလည်း လေးချင်ချင်။ “အမေ အမေ”
“ဟဲ့ ဌေးဌေး ဘာလို့ ကုန်းအော်နေရတာလဲ၊ အလန့် တကြားဟယ်”
ဒေါ်ပြား အိပ်နေရာက နေ ထကြည့်၏။ မနက်က သယ်သွားသည့် ဗီရိုနှင့် ခု တင်ကြီးတွေ ပြန်သယ်လာ ကြ၏။ ဘာများဖြစ်လို့ပါ လိမ့်။ “လူလေးအောင်ကို ဘာဖြစ်လို့ ပြန်သယ်လာကြသ လဲ”
ဒေါ်ပြားလိုပဲ လမ်းသူ လမ်းသားတွေလည်း တအံ့ တသြ ဖြစ်ကာ ၀ိုင်းအုံလာ ကြ၏။ စွာကျယ်ကျယ် မခင် လည်းပါ၏။
“အမေရေ ဖြစ်ပုံက တော့ မပြောနဲ့။ ဒီဗီရိုကြီးကို သေးလို့တဲ့။ ခုတင်အခင်း
တွေက သုံးထပ်သားဖြစ်နေ လို့ ကျွန်းခြောက် ငါးမူးပြားတွေနဲ့ လဲပေးပါတဲ့”
အောင်ကို ပြောသည့် စကားကို မျက်လုံး အ၀ိုင်းသား နှင့် ဒေါ်ပြား ငေးကြည့်နေ၏။ ထမီစွန်တောင်ဆွဲကို ခုထိ မ၀တ်ရသေး။ ကိုင်ထားဆဲ။ “မပြား ညည်းသိလား။ အလျှော့ပေးမှန်း သိလို့ ရောင့် တက်တာ။ ပြန်မလဲပေးနဲ့။ ဘာလဲအေ။ သက်သက်လူ ပါးဝတာ”
ဒေါ်ပြား အကျိုးကို လိုလားသူ တစ်ယောက်ထ ပြောလိုက်ခြင်းဖြစ်ပါသည်။ ဘယ်သူရှိမလဲ။ ပွဲတိုင်းကျော် မခင်ပေါ့။
“ပြန်မလဲ ပေးလို့ရမလား။ ဆင်ပြောင်ကြီး အမြီးကျမှတစ် အဖြစ် မခံနိုင်ပါ ဘူး။
အောင်ကို မပူနဲ့သား။ သူတို့ စိတ်တိုင်းကျ လဲပေး လိုက်စမ်းပါ။
ပိုက်ဆံကုန်တာ အရေးမကြီးပါဘူး။ ဒီ အချိန် ပျော်နေရမဲ့ အချိန်။ စိတ်ညစ်တာတွေ
မတွေးနဲ့”
“မှားပါတယ် မပြားရယ်။ ရှင်တို့က သူဌေးမ ကြီးတွေပါ၊ ပြောမိတဲ့ ကျုပ် ပါးစပ်...”
စွာကျယ်ကျယ် မခင်သူ ပြောချင်ရာတွေ နင်းပြောပြီး ခြံထဲက ထွက်သွားပါတော့
သည်။ ဒေါ်ပြား ဂရုစိုက် မနေပေ။ သူမှာရှိသည့် ပိုက်ဆံ လေးတွေ သူ့သား အောင်ကို
အား ထုတ်ပေးနေ၏။
ရက်မြတ်ချိန်ခါ ရောက်လာပါပြီ။ သတို့သားဘက်က
ဧည့်ပရိသတ်ကို ဒိုင်နာ ကားတစ်စီးဖြင့် အပို့အကြို လုပ်ပေးရန် စီစဉ်ထား၏။
အကြောင်း မညီညွတ်ပုံက ထို ကြိုပို့ယာဉ်သည် အချိန်နှင့် အခါနှင့်
ရောက်မလာပါ။ မင်္ဂလာပွဲသို့ အားခဲလာကြ သည့် လူအယောက် ၅၀ ခန့်သည်
ဟိုနားမိုးတိုးမတ်တတ် ဒီနားမိုးတိုးမတ်တတ်ဖြင့် ယောင်နန ဖြစ်နေကြ၏။
စိတ်မရှည်သူ အချို့က လက် ဖွဲ့ပစ္စည်းလေးတွေ တစ်ဆင့် ကမ်းကာ လာလမ်းသို့ ပြန်
ကြလေ၏။ သူတို့ အလွန် မဟုတ်ချေ။
ကိုးနာရီခွဲသာသာမှာ
စီးတော်ကား ရောက်လာ၏။ စောစောစီးစီး ရောက်လာဖို့ ဆိုသည်က စက်ရုံဖယ်ရီ
တစ်ခေါက် ပြေးကြိုရသေးသည်ကိုး။ သွားမယ်လည်း လုပ်ရော လူအယောက် ၃၀ တောင် မပြည့်ချင်။ တစ် ခေါက်နှင့်တင် ပြီး၏။
စည်စည်ကားကားမှ ဖြစ်ပါ့မလား။ စိုးရိမ်စိတ် များနေသည့် ဒေါ်ပြား၊ မဏ္ဍပ်နှင့်
မဆံ့အောင် တိုးကြိတ်နေသည့် ရွာခံလူများကို မြင်တော့မှပဲ စိတ်အေးရတော့သည်။
ဧရာမ ဆောင်းဘောက်ကြီး တွေမှ ထွက်ပေါ်လာသော သီချင်း သံညံစီစီတို့နှင့် အတူ
ပျိုပျိုအိုအို မှန်သမျှတို့သည် ပျော်ဝင် စီးမျောနေကြ၏။ ရေချိန်လွန် လူငယ်
တစ်စုကတော့ ကလို့ ခုန်လို့။ မိုးရေ ကောင်းစွာ ရရှိထားသည့်
ပိတောက်ပင်များကဲ့သို့ လူ တိုင်းကိုယ်စီမှာ ပင်လုံးကျွတ် အပြုံးပန်းတွေ
ထိန်ထိန် တောက်လို့ နေ၏။ မြင်ရသူ အပေါင်းကို ခဏအတွင်းမှာ အပျော်ဓာတ်တွေ
ကုပ်ခွစီး ကုန်၏။
အံ့ရော။ ဆယ်နာရီခွဲ ပြီ။ ခုထိ
ရုတ်ရုတ်လုပ်တုန်း။ လူစု မကွဲသေးချေ။ ဒေါ်ပြား အားရ၀မ်းသာ ရှိလိုက်တာ လေ။
ဘာအစားအစာမှ ဟုတ်တိပတ်တိ မစားရဘဲ ရင်ပြည့်နေ၏။ ပီတိ၏ အစွမ်း သတိ္တထူးတွေ
ဖြစ်ပေ လိမ့်မည်။ လူအတော်လေး ရှင်းသွားသည့် အခါ လက်ဖွဲ့ ငွေနှင့်
လက်ဖွဲ့ပစ္စည်းစာရင်း စစ်ကြည့်လိုက်၏။ လက်ဖွဲ့ ငွေက သုံးသိန်းခွဲ၊ လက်ဖွဲ့
ပစ္စည်းအထုပ်တွေက အထုပ် ခြောက်ဆယ်ခန့် ရရှိ၏။ အဲဒီ အထုပ်တွေ ဖြေကြည့်စရာ
တောင်မလို။ ပွဲတိုင်းကျော် ပန်းကန်ခွက်ယောက်တွေသာ ဖြစ်၏။
ဒေါ်ပြား ကုန်ကျထား သည့် ငွေက ရှစ်သိန်း၊ ပြန်ရ
တာက သုံးသိန်းခွဲ။ ဘယ် လောက်ရှုံးလဲ စိတ်မှန်းနှင့် တွက်မရခင် အသံတစ်သံက
ထွက်လာ၏။ လက်ဖွဲ့ငွေ သုံးသိန်းခွဲ အခု မရှိတော့ဘူး တဲ့လေ။ ယင်းသတင်းကြောင့်
ပါးစပ် အဟောင်းသား ဖြစ်ရပါတော့သည်။ မဟာ ကရုဏာကြီးမြတ်တော် မူသော
သတို့သမီး၏ အဘွားရယ်က သူ့မြေကွက်ကို သုံးသိန်းခွဲဖြင့် ဈေးဖြတ်ကာ
မြေးအနှစ်လင်မယားကို ရောင်းချလေ၏။ ယင်းအတွက် ငွေချက်ချင်းပေး ချေလိုက်၏။
မကြာမတင်က ကြည်နူးမှုလေးတွေ၏ နေရာ တွင် မခံချင်စိတ်တို့ အစား ၀င်လာ၏။ ထိုအခါ
မြင်နေကျ ငိုမဲ့မဲ့ အသွင်သည် ဒေါ်ပြား မျက်နှာပေါ် ထင်းထင်းကြီး
ပေါ်လာပါတော့သည်။
“ဌေးဌေး နင့်ဆီမှာ ဘယ်လောက်ကျန်သေးလဲ ကြည့်စမ်း”
ဒေါ်ပြား ဘာစိတ်တွေ ဘယ်လိုပေါက်ကုန်သည် မသိ။ အသံမာမာဖြင့် သူ့ သမီးကြီးကို
လှမ်းမေးလေ ၏။ ဌေးဌေး ဟန်အပြည့်ဖြင့် ကိုင်ထားသည့် အိတ်ထဲတွင်
အတင်းဖြဲရှာ၏။ ထောင်တန် ခြောက်ရွက်သာ ရှာလို့တွေ့ ၏။
“အမေ တစ်သောင်းတောင် မပြည့်တော့ဘူး။ အမေ ဘာလုပ်မလို့လဲ”
“ငါတို့စီးလာတဲ့ ကားခ မပေးလို့ ရမလား”
သားအမိနှစ်ယောက် အတွေး ကိုယ်စီဖြင့် ပြန်လည် ငြိမ်သက်သွားလေ၏။ ဌေး ဌေးအတွေးက ပိုနက်နဲသယောင် မျက်မှောင်လေး ကြုတ်လို့ နေပါသည်။ “အမေ သမီးတို့ အိမ်က ခြောက်လပြည့်လို့ ပြန်မရွေး နိုင်ရင် ဆုံးမှာနော်”
ဌေးဌေးစကားက နှစ်ကိုယ်ကြားပေမဲ့ ဒေါ်ပြားကို မူးဝေသွားစေ၏။ ခေါင်းထဲ
ငြီးစီစီကြီးဖြစ်လာ၏။ သို့ သော် ခဏ အတွင်းမှာ ထီမထင် မျက်နှာမျိုးဖြင့်
တုံ့ပြန် ၏။ မေးရိုးကြီးတွေ တဖြည်း ဖြည်း ထောင်တက်လာပါ သည်။
“ပူမနေစမ်းပါနဲ့ သမီးရယ်။ နင်လည်း တစ်နေ့ ယောက်ျား ရဦးမှာပါ။ အဲဒီ ခါကျရင်
အမေတို့ အခုနေတဲ့ မြေကွက်ထက်သာတဲ့ နေရာရအောင် အမေ ကြံပြပါမယ် ကြည့်ထား”
ဌေးဌေးရင်ထဲ လှိုက်ဖို သွားလေ၏။ ဗီရိုပေါ်ရှိ ကိုယ် လုံးပေါ်မှန်ထဲကနေ ကိုယ့်
ရုပ်ကို အမှတ်တမဲ့ လှမ်း ကြည့်မိသည့် အခါမှာတော့ အလိုလိုဝမ်းနည်းလာ၏။
သွင်ဆန်းမောင် (ရွှေအမြုတေ မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၂)
|
No comments:
Post a Comment