menu

Saturday 1 September 2012

ဖိုလ်ဝင်တောင်သို့ အလည်တစ်ခေါက်....(မိုတေး)


ဖိုလ်ဝင်တောင် ဘုရားဖူးများကိုတွေ့ရစဉ်။
ဓာတ်ပုံ - မိုတေး
ဖိုလ်ဝင်တောင်သို့ အလည်တစ်ခေါက် သွားကြည့်ချင်စိတ် .. အကြောင်းအရာ အထွေအထူး သမိုင်းကြောင်း သိပ်သိလို့ တော့ မဟုတ်ခဲ့။ လူတန်းစားမျိုးစုံ ခုံခုံ မင်မင် အသုံးများတဲ့ နေ့စဉ်ဘ၀ထဲက ဖေ့စ်ဘွတ်ခ်စာ မျက်နှာပေါ်က ဓာတ်ပုံ တွေကြောင့်ပါပဲ။
ပုံတွေထဲက တောရိပ်တောင်ရိပ်ကို မြင်လိုက်ရတာနဲ့ သွားချင်စိတ်က ခဏ ခဏ ထိန်းမရနိုင်ခဲ့။ ခရီးကလည်း မဝေးလှ။ မုံရွာဟိုဘက်ဆို တော့ သွားဖို့ကလည်း အခက်အခဲ ကြီးကြီး မားမား မရှိလှပါ။ မုံရွာက နေ နည်းနည်းလွန်လာ၊ ယင်း မာပင် မြို့နယ်လောက်ရောက်တော့ ဖိုလ်ဝင်တောင်ကို လှမ်းမြင်နေရပြီ။
လိုက် ပို့တဲ့ ကားဆရာက ရောက်တော့မယ်လို့ အမေရယ်၊ ညီမလေး ရယ်ပါ ပါတဲ့ ကျွန်မတို့သားအမိကို ပြောပြပါတယ်။ တောင်ခြေကျတော့ ဖိုလ်ဝင်တောင်သို့ ဆိုပြီး ရေး ထားတာတွေ့လိုက်ရပါတယ်။

ဖိုလ်ဝင်တောင်တက်တဲ့လမ်းကတော့ တော်တော်လေးကျဉ်းတယ်။ ကားတစ် စီးစာထက် နည်းနည်းလေးပို ကျယ် ရုံပါ ပဲ။ ရှေ့က တစ်စီးလာရင် ဘေးကိုနည်း နည်းလေး ကပ်ပေးလိုက်ရတယ်။ လမ်း ဘေးဝဲယာမှာ ကျောက်တုံး ကျောက်ဆောင်တွေ။ ဂ၀ံကျောက် တွေလား မသိ ဘူး။ (အဲဒါက ကျွန်မအထင် ပြောတာပါ) ကားမောင်းရင်း ရှေ့ဘက်က ဆိုင် ကယ်စီးလာတဲ့ လူငယ်တွေကို တွေ့ လိုက် တော့ သူတို့ရဲ့ ခေါင်းတွေက ပန်း ကပ် (သူက သစ်ရွက်အခွေအ၀ိုင်းမှာမှ ပန်းလေးတွေက အလှထိုး စိုက်ထား တယ်။) ဖိုလ်ဝင် တောင်ကို ရောက်ခါနီး လောက်မှာမှ စည်ကားတဲ့ ရွာတစ်ရွာကို တွေ့လိုက်ရပါတယ်။
သိပ်မကြာခင်ပဲ တောင်ခြေကို ရောက်သွားခဲ့ပါတယ်။ ကားထဲက ထွက်ထွက်ချင်း မျောက်စာ ကျွေးတဲ့သူတွေက ၀ိုင်းလာတာပါပဲ။ "၀ယ်ပါအစ်မရဲ့" အသံတွေက ညံနေကြ တာပါ။ ကျွန်မကလည်း ဘယ်လောက်လဲ လို့ မေးမယ်စိတ်ကူးမိပါတယ်၊ ဒါပေမယ့် ပါးစပ်က တကယ် မေးထွက်တာက 'မျောက်ဘယ်နှစ်ကောင်ရှိလဲ' ဆိုတာ ကိုပါ။ ဈေးသည်ကလည်း ခပ်ကြောင် ကြောင် ပြန်ကြည့်ရင်း 'ရှစ်ရာ ကျော် တယ်အစ်မ' ဆို ပြီး ပြန်ဖြေလိုက် ပါတယ်။
ကြည့်ရတာ မျောက်အကောင် ရှစ်ရာလုံး ကို ကျွေးတော့မလားလို့ ထင်သွားပုံပါပဲ။ အဲဒီတော့မှပဲ ငါဘာတွေ မေးမိပါလိမ့် ဆိုတာ စဉ်းစားမိရင်းရယ်လည်း ရယ်မိ သွားပါတယ်။ ဒါဖိုလ်ဝင်တောင်ခြေ အစမှာပါပဲ။ တစ်ထောင်ဖိုး မြေပဲထုပ် ၁၀ ထုပ်လောက်ရပါတယ်။ မျောက်စာကျွေးတဲ့ သူ ငါးယောက် ကလည်း ကျွန်မတို့နဲ့အတူ လိုက်လာပါ တယ်။ ကျွန်မတို့နဲ့ လိုက်လည်းလိုက်၊ ကျွန်မတို့ မေးသမျှ လည်းဖြေ။ တောင် အတက်လောက်မှာပဲ ပန်းကပ်တွေ ရောင်းနေကြတာတွေ့လို့ ကျွန်မတို့ ညီ အစ်မနှစ်ယောက် တစ်ခုလောက် ၀ယ် လိုက်ကြပါတယ်။
တစ်ခု ၃၀၀ လောက် ဆိုတာများလည်း မများ၊ တတ်လည်း တတ်နိုင်တာကြောင့် လမ်းတစ်လျှောက် တွေ့တဲ့ လူငယ်တော်တော်များ များ ၀ယ် ပြီး ဆောင်းကြပါတယ်။ ဖိုလ်ဝင်တောင် အမှတ်တရ ပန်းကပ်တွေပေါ့လေ။ ဖိုလ်ဝင်တောင်က မုံရွာရဲ့ အနောက် ဘက် ၁၆ မိုင်အကွာလောက်မှာ ရှိပါ တယ်။ ကျောက်သားတွေကို ဘုရား၊ ဂူ၊ ပျားအုံလို ထွင်းထု တည်ဆောက်ထား တဲ့ နေရာပါ။ သဲကျောက် တောင်တွေကို ဖောက်ပြီး ကျောက်ထွင်း ပန်းပုတွေ၊ ရှေးက ပျူခေတ်လက်ရာတွေ၊ ပုဂံခေတ် နံရံဆေးရေး ပန်းချီတွေ ရှိပါတယ်။ ကျွန်မ တောင် ဓာတ်ပုံရိုက်လာပါသေးတယ်။
ကျွန်မအတွက်တော့ ပထမဆုံး ရောက် ဖူးတဲ့ နေရာတစ်နေရာပဲ ဖြစ်ပါတယ်။ အမေကတော့ သူ ၁၆ နှစ် သမီး လောက် က တစ်ခါ ရောက်ဖူးပါတယ်တဲ့။ အခု ၆၂ နှစ်မှာ တစ်ခါထပ်ရောက်တော့ သူ့ အတွက်တော့ နှစ်ခေါက်ပေါ့။ အမေက လည်း ပါတာကြောင့် ဖိုလ် ၀င်တောင်သာ ရောက်ပေမယ့်လည်း သိပ်ခရီး မတွင်လှ ပါဘူး။ ဂူတစ်ခုချင်းစီကို အသေးစိတ် ၀င်မကြည့်နိုင်ပါဘူး။ ၀ိဇ္ဇာ ဦးဖိုးဝင်း နေထိုင်ရာ ဂူကိုပဲ သေချာလေး ကြည့် ဖြစ်မိပါတယ်။ ကျောက်ခုတင် (ခုတင် ဘေးမှ ပြတင်းပေါက် သေးသေးလေး) ဆေးကြိတ်ရာ ကျောက်ပျဉ်တွေပါ မြင်တွေ့ရပြီး တကယ့်ကို နေချင့်စဖွယ် လေးပါ။ ၀ိဇ္ဇာဦးဖိုလ်ဝင်ရဲ့ သမီးကတော့ ဒီဖိုလ်ဝင်တောင်ကို အပိုင်စိုးတဲ့ တောင် တော်ရှင်မပါ။ သူတို့ သမိုင်းကြောင်းကလည်း စိတ် ၀င်စားစရာပါ။

ဖိုလ်ဝင်တောင် စေတီအတွင်းမှ နံရံဆေးရေး ပန်းချီကားများကို တွေ့ရစဉ်။
ဓာတ်ပုံ - ခင်ဆုဝေ
အရှင်ဉာဏ၀ံသ (ခရေ ပင်တောရ) ရေးသားတဲ့ ဖိုလ်ဝင်တောင် သမိုင်း စာအုပ်ထဲမှာ နှစ် ၅၀၀ လောက်က သမိုင်းဖြစ်လို့နေပါတယ်။ ပုဂံပြည်မှာ စိုးစံခဲ့တဲ့ သီရိဇေယျသူရ နားတောင်းများ မင်းရာဇာလက်ထက်က ဖြစ်ခဲ့တဲ့ သမိုင်း ကြောင်းပါ။ ၀ိဇ္ဇာဦးဖိုလ်ဝင်ရဲ့ သမီးဟာ ပဒုမ္မာကြာဖူး ကြီးထဲကနေ ပေါ် ထွက်လာ တဲ့ သန္ဓေသူသမီးကညာလေး ဖြစ်ပါ တယ်တဲ့။
အဖေဖြစ်သူ ၀ိဇ္ဇာဦးဖိုးဝင်း ဆေးရှာစဉ်မှာ စားတော်မုဆိုး ခေါ်ဆောင် မှုကြောင့် သန္ဓေသူလေးနဲ့ နားတောင်းများမင်းတို့ ပျော်ရွှင်စွာ ပေါင်းဖက် ခဲ့ကြပါတယ်။ ၀ိဇ္ဇာဦးဖိုးဝင်း ပြန်လာတဲ့အခါ သမီး မရှိတော့တဲ့အတွက် ပြူလ၀ဘုရင်ထံ သွားရောက် ပြောဆိုပြီး စစ်သည်တွေနဲ့အတူ နား တောင်းများ မင်းထံ သွားရောက်ပြီး သမီးဖြစ်သူကို ခေါ်ဆောင်ခဲ့တာပါ။
နောက်သမီးဖြစ်သူ ကို ပြူလ၀ မင်းနဲ့ နားသွင်းခဲ့ပါတယ်။ သမီးဖြစ်သူက အဖေကိုလည်း မလွန်ဆန် ချင်၊ နား တောင်းများမင်းကိုလည်း လွမ်း ဆွတ်ရာက ရင်ကွဲနာကျပြီး သေဆုံးခဲ့ ပါတယ်။ နောက်တောင်တော်ရှင်မ ဖြစ်သွားခဲ့ပြီး အဖေဖြစ်သူကလည်း ဖိုကူးပြီး သိဒ္ဓိ ၀ိဇ္ဇာ ကြီး ဖြစ်သွား တယ်လို့ အဆိုရှိပါတယ်။ မျောက်စာရောင်းတဲ့ သူတွေကတော့ တန် ဆောင်မုန်းလမှာ ဘုရားပွဲတော်ရှိ ပါတယ်တဲ့။ အဲဒီအချိန်တွေ အစာကျွေး ချင်တောင် မျောက်တွေ တစ်ကောင်မှ မတွေ့ရတော့ဘူးတဲ့။ တောင် တော်ရှင်မ က လူတွေကို အနှောင့်အယှက်ပေးမှာ စိုးလို့ မျောက်တွေကို သိမ်းထားတာတဲ့။ ကျွန်မသိပ်တော့ အယုံအကြည်မရှိလှပါဘူး။
တောင်ရဲ့ ပထမအဆင့်ရောက် တော့ ဒီမျောက်တွေထဲက သင်းကွဲ မျောက်တွေ၊ အထီးတွေချည်းပဲ အစာ ကျွေးပါဆိုလို့ ကျွန်မတို့က သူ့ဆီကပဲ ၀ယ်ကျွေးလိုက်ရပါတယ်။ နောက်တစ် နေရာ ရောက်တော့ မျောက်သားသည် အမေတွေကို တွေ့ရပါတယ်။ အပေါ်က မျောက်တွေက ပိုဆာတယ် ဆိုလို့ ၀ယ် ကျွေးလိုက်ရပြန်ရော။ နောက်တစ်နေရာ ရောက်တော့ ဒီနေရာက နောက်ဆုံး ကျွေးရမယ့် နေရာဆိုလို့ ကျွေးခဲ့ရပြန် တယ်။ မျောက်စာကျွေးတဲ့သူတွေက အင် မတန်တော်ပါတယ်။
မျိုးစုံကျွေးချင် အောင် ၀ယ်ဖြစ်အောင် ရောင်းတာပဲ။ ဆန်စေ့တွေ၊ မြေပဲဆန်တွေ၊ သခွားသီး တွေ စုံအောင် ကိုရောင်းချတာပါ။ သူတို့ အကြောင်း အနည်းငယ်စပ်စုမိတော့ လည်း ပြောပြကြပါတယ်။ ဖိုလ်ဝင် တောင်ခြေက ရွာနားမှာ နေထိုင်ကြပြီး အမျိုးသမီးတွေက အဲဒီမျောက်စာ ရောင်းတဲ့ အလုပ်၊ ပန်းကပ်ရောင်းတဲ့ အလုပ်လုပ်ကိုင်ကြတာပါ။ သူတို့ဆီက မြေတွေကလည်း စိုက်ပျိုးဖို့ ခဲယဉ်းတဲ့ မြေ တွေလို့ ပြောပါတယ်။ သူတို့ဆီမှာ အဓိက ရေရှားတာလို့ ပြောပါတယ်။ ဟုတ်လည်း ဟုတ်ပါတယ်။ တစ်နေရာကနေ တစ် နေရာ ကူးတိုင်း ရေအလှူခံတဲ့ ဆိုင်း ဘုတ်တွေချည်း တွေ့ခဲ့ရတာပါ။
ရေတွင်း နှစ်တွင်းပဲရှိပြီး ရေငန်ပဲထွက်တယ်လို့ သိရပါတယ်။ မျောက်စာရောင်းတဲ့အဖွဲ့ ၁၃ ဖွဲ့ရှိပြီး တစ်ဖွဲ့ကို ငါးယောက် ရှိပါ တယ်။ အလှည့်ကျ ရောင်းချခိုင်းတယ်လို့ သိရပါတယ်။ သူတို့ငါးယောက် ကျွန်မတို့ ကားနဲ့ လိုက်ပါပြီး တက်ခဲ့တာပေါ့။ အများ အားဖြင့် နိုင်ငံခြားသားတွေက မျောက် စာဝယ်လေ့မရှိပဲ ဓာတ်ပုံရိုက်တာပဲ များ ပါတယ်တဲ့။ မျောက်စာဝယ်မယ့်သူ မရှိတဲ့ အခါကျရင် အဖွဲ့ အားလုံး ပေါင်ကာ တောင်တက်ပြီး မျောက်စာ ကျွေးကြ တယ်။ ကုသိုလ်ယူကြတယ်လို့ ဆိုပါ တယ်။ ဖိုလ်ဝင်တောင်မှာ အံဖွယ်တွေ အများ ကြီး ရှိတယ်လို့ စာအုပ်ထဲမှာ ဖတ်ရှုရပါ တယ်။
အကွေ့အကောက် များစွာနဲ့ ရုပ်ပွားများစွာရှိတဲ့ ၀င်္ကပါဂူ၊ ပြူလ၀မင်း-ပြုံးမင်းတို့ ရတနာ ရွှေငွေ အထွေထွေ ထည့်သွင်း သစ္စာဓိဌာန် ထားတဲ့ ကျောက် ခေါင်းကြီးကလည်း အံ့တစ်ပါး၊ သံတောင် သုံးဆယ့်သုံးတောင်ရှိတဲ့ ရွှေသာလျောင်း ရုပ်ပွားတော်ကြီးကလည်း အံ့တစ်ပါး စသဖြင့် အတော်လေး များပါတယ်။ ကျွန်မတို့ နောက်တစ်နေရာ အရောက် တောင်ထိပ်လို့ ပြောရမယ်ထင်ပါတယ်။ အပေါ်ရှုခင်းကတော့ အတော်လေးမိုက် ပါတယ်။ အဲဒီမှာ ဓာတ်ပုံဆရာက နောက် ကျောဘက်က ရန်အောင်တည်ခဲ့တဲ့ ဘုရားဆိုပြီး ရှင်းပြပါတယ်။ အမှန် အတိုင်းပြောရင် ဖိုလ်ဝင်တောင်ဘေးမှာ တောင်တွေလည်း ၀န်းရံနေ၊ နောက်ပြီး ဘုရားပုထိုးတွေလည်းရှိတော့ ဘယ် နေရာကို ပြောမှန်း အသေအချာ မသိနိုင် ခဲ့ပါဘူး။
ဖိုလ်ဝင်တောင်အမှတ်တရ ပန်းကပ်လေးနဲ့ ညီအမနှစ်ယောက် ဓာတ်ပုံရိုက်ခဲ့တာတော့ ပျော်စရာ။ ဥစ္စာစောင့် လိုလို၊ တောတွင်းသူမ လိုလို ထင်မှတ်မှားမိသေးရဲ့။ ကျွန်မအမြင် ပြောရမယ်ဆိုရင် ဖိုလ်ဝင်တောင်က အရိုင်းဆန်ပါတယ်။ သဘာဝဆန်ပါတယ်။ အဲဒီအ ချက်ကပဲ နှစ်သက်ဖို့ ကောင်းလှပါတယ်။ ဒီထက် ပိုပြောရမယ်ဆိုရင် အဖိုးမဖြတ်နိုင်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အနုပညာ လက် ရာတွေ ရှိနေတာပါ။ တောင်တော်ရှင်မ သန္ဓေသူလေးဆုံးတဲ့နေရာမှာ မင်းတွေက ဘုရားပုထိုးတွေတည်ခဲ့တာမို့လို့ မုံရွာနဲ့အလှမ်းမဝေး တဲ့ နေရာဖြစ်တဲ့ ဖိုလ်ဝင်တောင်ကို သွားကြည့်သင့်ပါတယ်။
တစ်ချက်ကတော့ ဖိုလ်ဝင်တောင် သွားတဲ့လမ်းတစ်လျှောက် သတ္တု ရှာကြလို့ တချို့တောင်တွေ အပိုင်းပိုင်း ပြတ်နေတာတွေကိုတော့ မျက်စိမှိတ် ထားကြပေါ့။ ဒီဖိုလ်ဝင်တောင်အကြောင်း ရေးစပ် ထားတဲ့ တေးထပ်နဲ့ပဲ ဒီဆောင်းပါးကို အဆုံးသတ်ပါရစေ။ မန္တလေးမြို့က ဦးဓာတ်ခိုး ဆိုခဲ့တာပါ။
ရွှေလသာ..၀ါဝါ၀င်း၊ ဘဂ၀ါ သေဌ်နင်း-စာရင်းယူ၊ မြန်မာမင်းတို့-အချင်းချင်း မတူအောင်၊ သတင်းပြန့် ကြူး-တည် ခါထား လေးသိန်း လေးသောင်း ခြောက်ထောင်ကျော်တယ်၊ လေးရာ လေးဆယ်နော် လေးဆူမြတ် ဘုရား၊ မုံရွာမြို့နဲ့ အရဟံဘဂ၀ါ တည် ရာမှာ၊ သလ္လာဝတီမြစ်ခြား၊ ဆယ့်လေးမိုင် ပျော်ပျော်သွားရအောင်၊ မော်တော်ကား စီးကာ။ ဆိုင်းဇာတ်အဖုံဖုံ-သဒ္ဓါတရား ငယ်နှင့်၊ ဘဂ၀ါ ဘုရားဖူးကြစုံစွာ။ ။ ထူးဆန်းလို့-အံ့ဩစရာမှာ၊ ပြန့်ပြောခါ တောင်တွေထပ်ပါလို့၊ တောင်ခြေ အရပ်ရပ် တောင်ကမူလိုဏ် တောင်လက် မောင်းတွေကဆိုင်။ ဖိုလ်ဝင်တောင်ဟု -ဝေါဟာရအမည်ပိုင်သည်၊ ဩကာသ မရေနိုင်အောင် ဖူးကြစို့လေး။
မုံရွာမြို့ကို ရောက်လို့ပဲဖြစ်ဖြစ် မရောက်ပေမယ့် တစ်ကူးတကပဲဖြစ်ဖြစ် ဖိုလ်ဝင်တောင်ကို သွားရောက်ဖူးမျှော် ကြဖို့ ကျွန်မအနေနဲ့ တိုက်တွန်းလို ပါတယ်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis