menu

Thursday 23 August 2012

Sky Net ရုပ်သံလိုင်းမှ ဂြိုဟ်တု အင်တာနာအား အဖိုးအခယူကာ ပြန်လည်လဲလှယ်ခိုင်းသည့်အပေါ် သုံးစွဲသူများ ဝေဖန်




Sky Net ရုပ်သံလိုင်းမှဂြိုဟ်တု အင်တာနာ(LNB)အား အဖိုးအခယူကာ မလဲမနေရသဘောမျိုး ပြန်လည်လဲလှယ်ခိုင်းသည့်အပေါ် သုံးစွဲသူများက ဝေဖန်လျက်ရှိသည်ဟု သိရှိရသည်။
Sky Net ရုပ်သံလိုင်းသည် ဂြိုဟ်တုပြောင်းမည်ဖြစ်သည့်အတွက် Sky Net ရုပ်သံလိုင်းကို တပ်ဆင် အသုံးပြုနေသူများအနေဖြင့် ဂြိုဟ်တုပြောင်းလဲတပ်ဆင်ခ ထပ်မံပေး သွင်းရသည့်အပေါ်တွင် ယင်းသို့ ဝေဖန်မှုများ ထွက်ပေါ်နေခြင်းဖြစ်သည်။
အကယ်၍ လက်ရှိ မလဲလှယ်ဘဲ ဆက်လက်ကြည့်ရှုပါက စက်တင်ဘာလကုန်အထိသာ ကြည့်ရှုနိုင်မည်ဖြစ်ပြီး စက်တင်ဘာလကုန်သည်နှင့် လိုင်းများ ပျောက်ကွယ်သွားမည် ဖြစ်သည်ဟု Sky Net မှ တာဝန်ရှိသူတစ်ဦးက မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့သည်။

''တစ်လ တိုးပေးထားတယ်။ စက်တင်ဘာလကုန်အထိ လက်ရှိအတိုင်း ကြည့်လို့ရတယ်။ မလဲရင်တော့ စက်တင်ဘာလကုန်ရင် လိုင်းတွေပျောက်သွားမယ်''ဟု Sky Net မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
ဗဟန်းမြို့နယ်တွင် Sky Net တပ်ဆင်ထားသူတစ်ဦးက''ကျွန်တော်တို့က တစ်နှစ်စာ အရင်ကတည်းက ပေးပြီးသား။ ၀န်ဆောင်မှုတစ်ခုပေးတယ်ဆိုတာ ကုမ္ပဏီအလုပ်ပဲ။ မကောင်းရင် သူတို့ဟာ သူတို့ ပြောင်းပေါ့ဗျ။ မကောင်းရင် ပြောင်းပေးရမှာ သူတို့တာဝန်ပဲ။ အခု မပြောင်းရင်လည်း နောက်ကျ လိုင်းပျောက်သွားမယ်။ ပြောင်းတော့လည်း ကျွန်တော်တို့က ပိုက်ဆံထပ်ပေးရတယ်။ အစကတည်းက ရောင်းကတည်းက ငွေယူကတည်း က ပြောင်းရင်ပြောင်းမယ်လို့ ကြိုပြောထားလေ။ ဒါဆို ၀ယ်ချင်မှ ၀ယ်မှပေါ့။ အခုမှ မပြောင်းလို့ မရတဲ့အခြေအနေဖန်တီးပြီး အခုပစ္စည်းနဲ့ တပ်ခဆိုပြီး ၈၀၀၀ ပေးလိုက်ရတယ်။ ငွေကုန်တာထက် အမြဲတမ်းပဲ ကုမ္ပဏီတွေက သုံးစွဲသူတွေ၊ စားသုံးသူတွေအပေါ် အကြပ်ကိုင်ပြီး နားလှည့် ပါးရိုက်နေတာမျိုးတွေကို မခံချင်တော့လို့ ပြောတာပါ''ဟု ပြောပြခဲ့သည်။

အများပြည်သူအပေါ် မရိုးဖြောင့်တာတို့၊ လိမ်လည်သွားတာတို့ လုပ်ခဲ့တဲ့ လုပ်ငန်းတွေ ရေရှည်မခံကြပါဘူး။ အခုလို ရုပ်သံမီဒီယာနဲ့ ပတ်သက်တဲ့အလုပ်ကို လုပ်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ ပြည်သူရဲ့ ယုံကြည်မှုကို မရိုးမသားနည်းနဲ့တော့ ရနိုင်မှာ မဟုတ်ပါဘူး။

ထို့အပြင် ကမာရွတ်မြို့နယ်တွင် Sky Net တပ်ဆင် အသုံးပြုနေသူတစ်ဦးကလည်း ''ကျွန်တော်တို့က  LNB လဲစရာ မလိုဘူး။ နဂိုကတည်းက အနောက်တောင်ဘက် လှည့်ထားတော့ သိပ်လုပ်စရာမလိုဘူး။ ဒါပေမယ့်ဗျာ၊ စလောင်းဗန်းလေးကို နည်းနည်းရွှေ့ရုံလောက်နဲ့ လက်ခက ၅၀၀၀ နဲ့ လမ်းစရိတ်ဆိုပြီး တောင်းတယ်။ သူတို့အနေနဲ့ အလကားလုပ်ပေးသင့်တာကို customer စီက ငွေလိုက်ညှစ်နေသလို လုပ်တာကတော့ မဖြစ်သင့် ပါဘူး''ဟု ပြောဆိုခဲ့ပါသည်။
ယင်းအပြင် ယခင်ဝယ်ယူထားပြီးသူများသာလျှင် အပိုဆောင်းပေးပြီး မဖြစ်မနေ လဲလှယ်ရခြင်းဖြစ် သော်လည်း ယခုမှ Sky Net ရုပ်သံလိုင်းအား အသစ်ဝယ်ယူတပ်ဆင်သူများမှာမူ အဆိုပါအင်တာနာ လဲလှယ်ခပေးရန် မလိုကြောင်း၊ နစ်နာသူများမှာ ယခင်တပ်ဆင်ထားသူများသာဖြစ်၍ မျှတမှုမရှိသည့်လုပ်ရပ်ဟုလည်း ဝေဖန်ကြသည်။
''Customer ဆိုတာကတော့ တန်ရာတန်ကြေးနဲ့ ပေးထားရတဲ့ အဖိုးအခနဲ့တန်တဲ့ ၀န်ဆောင်မှုကို လိုချင်ကြတယ်။ အခုပြဿနာက Sky Net အနေနဲ့ သူတို့ဖြေရှင်းပေးရမှာ သူတို့တာဝန်ယူရမှာကို Customer တွေကို လွှဲချတဲ့သဘော ဖြစ်နေတယ်။ နောက်ထပ်အဆိုးဆုံးကတော့ Sincerity မရှိတာပဲ။ ဂြိုဟ်တုပြောင်းရမယ်ဆိုတာကို စပြီးကြေညာကတည်းက ရိုးသားမှုမရှိဘူး။ ဂြိုဟ်တုပြောင်းရမယ့်ကိစ္စက Customers ရဲ့ ရွေးချယ်မှု မဟုတ်ဘူး Sky Net ကုမ္ပဏီဖြစ်တဲ့ ရွှေသံလွင်ရဲ့ပြဿနာပါ။ ဒါကို Customers ပိုကောင်းဖို့ လဲရမှာလိုလို သူတို့က အဆင်ပြေအောင် လုပ်ပေးသလိုလို ပုံစံမျိုးက မဖြစ်သင့်ဘူး။ မလုပ်သင့်တဲ့ ပုံစံမျိုးပဲ။ အများပြည်သူနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေကိုလုပ်ရင် ရိုးသားမှုရှိဖို့ အရေးကြီးတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ အားနာတတ်တာတို့ အတွေ့အကြုံ ဗဟုသုတနည်းတာတို့အပေါ် အခွင့်ကောင်းယူပြီး လိမ်လည်အမြတ်ထုတ်တဲ့ ကုမ္ပဏီတွေ ရှိခဲ့ကြတယ်။ ဒါပေမယ့် အများပြည်သူအပေါ် မရိုးဖြောင့်တာတို့၊ လိမ်လည်သွားတာတို့ လုပ်ခဲ့တဲ့ လုပ်ငန်းတွေ ရေရှည်မခံကြပါဘူး။ အခုလို ရုပ်သံမီဒီယာနဲ့ ပတ်သက်တဲ့အလုပ်ကို လုပ်နေတဲ့ ကုမ္ပဏီတွေ အနေနဲ့ ပြည်သူရဲ့ ယုံကြည်မှုကို မရိုးမသားနည်းနဲ့တော့ ရနိုင်မှာမဟုတ်ပါဘူး။ ပြည်သူ့အတွက် Sky Net ဖြစ်ဖို့ဆိုရင်တော့ ရိုးသားဖို့ လိုတယ်ဆိုတာ ရှင်းပါတယ်ဗျာ။ ဒီကိစ္စမှာလည်း Sky Net အနေနဲ့ စဉ်းစားသင့်ပါ တယ်။ Customer တွေဘက်လည်း မျှမျှတတဖြစ်အောင် စဉ်းစားပေးပြီး နည်းလမ်းတကျလုပ်ဖို့ လိုမယ်ထင်တယ်။ ပိုက်ဆံနဲ့ အများပြည်သူရဲ့ ယုံကြည် မှုကိုတော့ မလဲသင့်ဘူးလို့ ထင်ပါတယ်''ဟု ဗဟန်းမြို့နယ်မှ Sky Net တပ်ဆင်ထားသူတစ်ဦးက ပြောသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis