menu

Wednesday 1 August 2012

မရွှေဒေါင်း မရေသည် ငဘနှင့် ကြုံရာကျရာ မောင်ဘသာ(လေးလွင်လတ်)

()
ဘာမှမပေးရင် ဘာမှမရဘူးဆိုတဲ့ စကားဟာ အလွန်ရိုးစင်းတဲ့ စကားဖြစ်ပေမဲ့ ဒီကနေ့အထိ မရိုးနိုင်ဘဲ အသုံးဝင်နေဆဲ ဖြစ်ပါတယ်။ Give and Take ဆိုတာ လည်း ဒီသဘောပဲ ဖြစ်ပါလိမ့်မယ်။ အပေးရှိမှ အယူရှိနိုင်မယ်၊ မပေးရင်  မရနိုင်ဘူးဆိုတဲ သဘောပေါ့။ ကျောင်းပညာသင်ရာမှာလည်း ခေတ်အဆက်ဆက် အဲဒီသဘောတရားအတိုင်း ကျင့်သုံးခဲ့ကြတာဖြစ်ပါတယ်။ ပညာကို ငွေကြေးနဲ့ ဆက်ပြီး သင်ယူခဲ့ကြရတာပါ။
အခုအခါ မူလတန်းပညာ အခမဲ့သင်ကြားနိုင်ရေးဆိုတဲ့ အစိုးရရဲ့အစီအစဉ်ကို လက်တွေ့အကောင်အထည် ဖော်နိုင်ကြပြီ ဆိုရင်တော ၀မ်းပန်းတသာ ကြိုဆိုရမှာပါ။ တစ်ဆက်တည်းမှာပဲ ဆင်းရဲနွမ်းပါးမှု လျော့ကျရေးဆိုတဲ ဦးတည်ချက်နဲ့ ဆွေးနွေးတိုင်ပင်မှု သတင်းတွေ ကိုပါ ကြားရပြီး အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းနေတာတွေလည်း တွေ့နေရပါတယ်။
ဘာပဲဖြစ်ဖြစ် အားရှိစရာပါ။ မူလတန်းပညာ အခမဲ့ သင်ကြားနိုင်ရေးဆိုတဲ့ ကိစ္စ အကောင်အထည် ပေါ်ဖို့ဆိုရင် ဆင်းရဲနွမ်းပါးမှု လျော့နည်းကျဆင်းရေးဟာ မလွဲမသွေ လိုအပ်ပါတယ်။
ဘယ်မိဘမဆို  ကိုယ့်သားသမီးကို အနိမ့်ဆုံး သေစာရှင်စာတော တတ်စေချင်ကြပါတယ်။ စာမတတ်စေချင်တဲ မိဘရယ်လို့ မရှိလောက်ဘူး ထင်ပါတယ်။ အဖြူအစိမ်းလေး ၀တ်ပြီး ကျောင်းသွားနေတဲ့  ကိုယ့်သားသမီးပုံလေးကို  မမြင်ချင်လို့ ရေခဲထုတ် လည်ရောင်းခိုင်းထားတာမှ မဟုတ်ဘဲ။ ကော်ဘူး ကော်ခွက် လျှောက်ကောက်ခိုင်းနေတာမှ မဟုတ်ဘဲ။ လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုး လုပ်ခိုင်းနေတာမှ မဟုတ်ဘဲ။ အကြောင်းအမျိုးမျိုးကြောင် ကိုယ့်နိုင်ငံက ဆင်းရဲတာရှည်နေတော လူတွေလည်း မွဲတာ ရှည်ခဲ့ရတာပေါ့။

ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ စကားဟာ ရင်နင့်စရာ ကောင်းတာမှန်ပေမဲ  မိသားစု လူကုန် လက်လှုပ်မှ ပါးစပ် လှုပ်နိုင်မယ့် အခြေအနေမျိုးမှာ စာသင်ကျောင်းက ခေါင်းလောင်းသံကို မချိုနိုင်တဲ မိဘတွေ အများအပြား ရှိနေကြပါတယ်။ ဆင်းရဲချို့တဲ့လို့ ကျောင်းနဲ့ ဝေးနေရရှာတဲ ကလေးသူငယ်တွေအတွက် လှပတဲ့ အနာဂတ်ကို ဘယ်လို ဖန်တီးပေးကြမလဲ။
တစ်ချိန်သောအခါက ဘ၀ပေး အခြေအနေကြောင့် ကျောင်းပညာသင်ခွင့် မရ၊ သင်ခွင့် ရပြန်တော့လည်း  ကျောင်းတစ်ဖက် အလုပ်တစ်ဖက်နဲ့ ၀န်နဲ့အား မမျှအောင် ရုန်းကြရရှာတဲ့ ကလေးသူငယ်တွေရဲ့ ဘ၀ကို ကဗျာဆရာတွေက ကဗျာနဲ့ ဖွဲ့နွဲ့သီကျူး ခဲ့ကြတယ်။ ဒါကို ကလေးကဗျာလို့ပဲ ဆိုလိုက်ကြပါစို့။
ကျွန်တော်ပြောတဲ့ ကလေးကဗျာဆိုတာ လူကြီးတွေက ကလေးတွေ ဖတ်ပြီး ပျော်ရအောင်၊ အသိပညာရအောင် ရေးရိုး ရေးစဉ် ရေးထားတဲ့ ကလေးကဗျာမျိုး မဟုတ်ဘူး။ ကလေးတွေကိုယ်တိုင် စကား မပီ့တပီ ကာရန် မညီ့တညီနဲ့ ရေးတတ်သလို ရေးထားတဲ့ ချစ်စဖွယ်ကဗျာလေးများလည်း မဟုတ်ဘူး။ ကြည့်တတ်မှမြင်၊ စာနာတတ်မှ ခံစားနိုင်တဲ့ မျက်နှာမွဲ ဘ၀တွေထဲက ကလေးငယ်များ အကြောင်းကို လူကြီးများက နက်နက်ရှိုင်းရှိုင်း ခံစား ရေးဖွဲ့ထားခဲ့ကြတဲ့ ကလေးကဗျာများပဲ ဖြစ်ပါတယ်။ အခု ကျွန်တော်ဖော်ပြမယ် ကဗျာတချို့ဟာ ဖတ်ဖူးပြီးသား ဖြစ်နေရင်တောင်မှ  ပြန်ဖတ်ရတဲ့အတွက် ငြီးငွေ့ကြမယ် မထင်ပါဘူး။

()
၁၉၈၃ ခုနှစ်က စတုတ္ထအကြိမ်ထုတ်တဲ့သားသားချစ်တဲ့ ဗိုလ်တေဇကလေးကဗျာ စာအုပ်ထဲက ကဗျာလေးနှစ်ပုဒ်ကို ဖော်ပြပါရစေ။ ရေးသူက ကဗျာဆရာအောင်မှိုင်း ဖြစ်ပါတယ်။
မရွှေဒေါင်း
ကျောင်းတော်အ၀င် တံခါးတွင်တွေ့မြင်နေကျ သမီးလှဈေးဗန်းကလေးကို တမမ။
ယဉ်စစနဲ့ချစ်စရာသူ့အသံကသာကွာစိ ဇီးပေါင်း အော်၍ရောင်းကျောင်းဈေးသည်ကလေး မရွှေဒေါင်း။
ခေါင်းမှာ မြိုင်မြိုင် စပယ်ခိုင်
ယိမ်းနွဲ့ပါလို့ယိုင်စပယ်ခိုင်နုရှာသေးဈေးဗန်းပိလိမ့်လေး။    


မရေသည်
သမီးလေးငယ်ငယ် မရေသည်ဘူတာရှေ့မှာ တလည်လည်။
ရေချိုရမယ် ၀ယ်မလားပြေးပြေးလွှားလွှား သူမနား။
သနားစရာ သံစာစာချွေးစက်ကလေးတွေဖြာ။
အသပြာ  ငွေတမတ်ရထား တခါရပ်။
ရထားဝင်သော် သမီးလေးပျော်နေ့တွက်စီဖို့မျှော်။
ကူကူအော်  ရထားထွက်စိတ်တွေအလွန်ပျက်။
စိတ်ပျက်ပေမယ့် မညည်းနိုင်စာအုပ်ကလေးကိုင်။
ဘူတာတိုင် မှီလို့ရပ်သမီးကလေး စာတွေဖတ်။   
ဒီကဗျာလေးနှစ်ပုဒ်ရဲ့ သက်တမ်းကို ပြန်တွက်ရင် အနှစ် ၃၀ လောက် ရှိပါပြီ။ ဒါပေမဲ ကဗျာလေးတွေက ဟောင်းမသွားဘဲ အခုတိုင် မော်ဒန်ဖြစ်နေပါသေးတယ်။ ကျွန်တော်တို့ကိုယ်တိုင် ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ ခေတ်ပုံရိပ်တွေဟာ ဒီကနေ့ ၂၁ ရာစုအထိ လှမ်း ထင်ဟပ်နေတာကလည်း ထူးခြားမှုပါပဲ။
ဒီကဗျာလေးနှစ်ပုဒ်မှာ  ဘ၀ကို ရုန်းကန်လှုပ်ရှားနေရတဲ ကလေးငယ်နှစ်ဦးကို တွေ့ရပါတယ်။ မရွှေဒေါင်း ကဗျာမှာစပယ်ခိုင်နုရှာသေး၊ ဈေးဗိန်းပိလိမ့်လေးဆိုတဲ့ အရေးအသားက မချိတင်ကဲ ဖြစ်စရာ။ မရွှေဒေါင်းလေးအရွယ်က သူ့ခေါင်းပေါ်က စပယ်ခိုင်လေးလို နုနယ်လွန်းလှတယ်။ စံပယ်ခိုင်လေးကို ဈေးဗန်းပိလို့  နွမ်းကြေမှာ စိုးရသလို နုနုနယ်နယ် မရွှေဒေါင်းကိုလည်း ဘ၀ ၀န်ထုတ် ၀န်ပိုးတွေပိမှာ  စိုးရိမ်စရာ မဟုတ်ပါလား။

မရေသည်လေး ဘ၀ကလည်း ထူးမခြားနားပါပဲ။ ရေ၀ယ်သောက်ပြီး ပိုက်ဆံကို အလွယ်ထုတ်မပေးချင်သူတွေကြောင့် ရထားကို အမှီလိုက်ပြေးရင်း ပလက်ဖောင်းပေါ် လဲကျသွားတဲ့ ကလေးတွေကို တစ်ခါမဟုတ် တစ်ခါတော မြင်ဖူးကြမှာပါ။ ရထားစီးဖူးကြမယ် ဆိုရင်ပေါ့။ မရေသည်လေးကတော ရထားထွက်သွားလို့ စိတ်ပျက်ရပေမဲ ဘူတာတိုင် မှီရပ်ရင်း  ပါလာတဲ စာအုပ်ကလေးကို ဖတ်နေလိုက်ပါသတဲ့။ အင်း ဒီလိုဆိုတော့လည်း သူ့ခမျာ  စာဖတ်တတ်ပေသားပဲလို့ ကရုဏာပီတိ ဖြစ်မိရပါတယ်။
၁၉၇၀ ခုနှစ် ယဉ်ကျေးမှုစစ်မျက်နှာ ကဗျာစာအုပ်မှာပါတဲ ကျွန်တော်တို့ ရေးဘော်ကြီး ငသိုင်းချောင်း ၀ံသာရဲ့ ကဗျာလေး တစ်ပုဒ် ကလည်း  နှစ်သက်စဖွယ် အလှည့်လေးနဲ့၊ ပြီးတော့ ရင်မောစရာ အပြလေးနဲ့။

ကျောင်းအမီ
ဟဲ့-ဟဲ့ ငဘ၊ --ခွန်နှနာရီ ထိုးတော့မည်။
အာရည်စီးကြောင်း မြင်မကောင်းနှင့်ခေါင်းစုတ်ဖားလျ၊ လူးလဲထကာအမေပြင်ပေး၊ လွယ်အိတ်လေးကိုချိုင်းမှာလျှိုလျက်ကျောင်းတက်အမီ ပြေးသွား၏။
ကျောင်းသူ ကျောင်းသား၊ ပြည့်သိပ်ကြားမှာတိုးကာဝှေ့ကာ၊ ငဘမှာမွဲပြာညစ်နွမ်း၊ လွယ်အိတ်ထမ်းလျက်ပန်းကုံးလေးတွေ ရောင်းနေတယ်။
                                       (၁၉၆၆၊ ကုက္ကိုပေါက်ရွာ)
ဆရာကြီးမောင်ထင်ရဲ့ ဇာတ်လိုက်ကျော်ကြီးငဘကို သဘောကျလို့များ ဒီကလေးနာမည်ကို ငဘလို့ မှည့်လေရော့သလား။ ပညတ်သွားရာ ဓာတ်သက်ပါနေတော့မှဖြင့်။ တကယ်တော ကလေးတွေဟာ လောကဓံရဲ့ နေရာမှားချထားခြင်း ခံရပေမဲ သူတို့ရဲ့အားမာန်နဲ့ ရပ်တည်ရှင်သန်ရေး ကြိုးပမ်းနေကြတာကတော့ တကယ့် ပစ်တိုင်းထောင်လေးတွေလိုပါပဲ။

()
ဒေါက်တာငွေစိုးတဲ့။
စာဖတ်သူအများစုကတော့ ဒီနာမည်ကို ကြားဖူးမှာ ဖြစ်သလို ဆရာ့စာတချို့ကိုလည်း ဖတ်ဖူးကြမယ် ထင်ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်များက ထင်ရှားခဲ့တဲ့ စာရေးဆရာတွေထဲမှာ ဒေါက်တာငွေစိုးလည်း တစ်ယောက်  အပါအ၀င်ပါ။ နောက်ပိုင်းမှာ ဆရာ့စာတွေကို ကာလရှည်ကြာ မတွေ့ရတော့ဘဲ တစ်လောကမှ ဂျာနယ်သတင်းတစ်ပုဒ်မှာ ဆရာ့နာမည်ကို ပြန်တွေ့ရပါတယ်။ (ဆရာ ရေးနေပါလျက် ကျွန်တော် မတွေ့မိတာဆိုလျှင် ခွင့်လွှတ်ပါ။)
သတင်းကို ဖတ်ရတော့မှပဲ ဆရာ နာမကျန်းဖြစ်နေတာကို သိရတယ်။ --၂၀၁၁ နေ့က  နာမကျန်းဖြစ်နေသူ စာရေးဆရာများကို ထောက်ပံ့ငွေလှူဒါန်းတဲ့ သတင်းမှာ ဆရာ့နာမည်ကို ပြန်လည်တွေ့ရှိရခြင်း ဖြစ်ပါတယ်။ အဲဒီသတင်းကို ဖတ်ပြီး ဆရာ့ကျန်းမာရေး အတွက် စိတ်ပူနေတဲ့ ကြားကပဲ ကျွန်တော့်ရင်မှာ အခုထိတိုင်အောင် မပျောက်မပျက်စွဲနေတဲ ဆရာ့ကဗျာတစ်ပုဒ်ကို ပြေးသတိရလိုက်ပါတယ်။`
ဆရာက ကဗျာအပုဒ်ရေ များများတော ရေးသားခဲ့သူ မဟုတ်ပါဘူး။ အခုကဗျာက ၁၉၈၅ ခု မေလထုတ် စံပယ်ဖြူမဂ္ဂဇင်းမှာပါတဲ့ အချိုးကဗျာတစ်ပုဒ် ဖြစ်ပါတယ်။ ဆရာဝန်စာရေးဆရာတစ်ယောက်က နှလုံးသားနဲ့ ရေးခဲ့တဲ့ ကလေးတစ်ယောက် အကြောင်းပါ။
မောင်ဘသာ
ကျောင်းစာမှာ အမှတ်တစ်ရာ မရပေမယ့်ပြဒါးတိုင်မှာ အမှတ်တစ်ရာမကပါလားဖျားလှချည့် ကလေးရယ်။
ဟေ့ကောင် မောင်ဘသာအိပ်ယာစောစောဝင်၊ ဂျာကင်ထူထူဝတ်ကြက်စွပ်လေးပူပူသောက်လို့နှုတ်နယ်လွန် လျှာစည်းမပေါက်လိုက်ပေမယ်သူ့မျက်နှာ ဇီးရွက်လောက်ကိုဆရာဝန် အိမ်ပြန်ရောက်တောင်ဖျောက်ရခက်မယ်။
အီကြာကွေး မုန့်ဖက်ထုပ်ပြောင်းဖူးချိန် ပြောင်းဖူးပြုတ်တဲ့တောင်းထဲမှာ သားရေစာတွေအော်ဟစ်ကာ ခြေကုန်သုတ်နေကျညတကာ ဒီအလုပ်ဟာဖြင့်မိလက်ငုတ်ဆိုရဖွယ်အရွယ်ကို မငဲ့။
ဒီလိုပဲကွာ-ဘ၀ဆိုတာ ကျရာအနေအထားကွဲ့သူများနဲ့မိမိ ဘယ်ထပ်တူရှိမှာတုန်းနုံးတာ ပြုံးတာ၊ ဆုံးတာရှုံးတာ၊ သုံးတာဖြုံးတာ(ကွာ) အလိုက်သင့်မောင်ဘဦး တဲဖြစ်ချင်တာဖြစ် မောင်ဘချစ်တဲမင်းကော ကြုံရာကျရာ မောင်ဘသာ လို့ဆရာ မပိုမလို အမည်ပေးတပ်ပေမယ်ကဗျာချိုချို စီမရေးတတ်သူမို့ဘာစပရို ဒီဆေးဓာတ်နဲ့ပဲ(အင်း) ချွေးနပ်ကောင်းရဲ့။    
သာမန်ဆရာဝန်တစ်ယောက် ဆိုရင်တော့လည်း နေမကောင်းတဲ့ကလေးကို လိုအပ်သလို စမ်းသပ်ပြီး သင့်တော်ရာ ဆေးဝါးပေးလိုက်ရုံနဲ့ ကိစ္စပြီးပါတယ်။ ဒါပေမဲ့ ဒေါက်တာငွေစိုးက ဆရာဝန်တစ်ယောက် ဖြစ်ရုံသာမဟုတ်ဘဲ စာပေ အနုပညာရှင် တစ်ယောက်လည်း ဖြစ်ပြန်သေးတယ်လေ။
ဒါကြောင့် သူ့မှာ စာနာတတ်တဲ့စိတ်နဲ့ စူးစူးနင့်နင့် ခံစားတတ်တဲ့ နှလုံးသားရှိတယ်။ အောက်ခြေလူတန်းစားတွေရဲ့ဘ၀ကို သူ့လုပ်ငန်းသဘောအရ နောကြေအောင် သိနေတော့လည်း ဓာတ်စာညွှန်းဖို့ကလည်း ခပ်ခက်ခက်။ ညဘက်မှာ လမ်းတကာ လျှောက်ပြီး မုန့်လည်ရောင်းရတဲ့ မောင်ဘသာလေးရဲ့ အဖြစ်ကိုပါ သိထားလေတော အိမ်ရာစောစောဝင်၊ ဂျာကင်ထူထူဝတ်၊ ကြက်စွပ်လေး ပူပူသောက်လို့ ဆရာဝန်က ဘယ်မှာပြောရက်ပါ့မလဲ။
ကျောင်းစာမှာ အမှတ်တစ်ရာ မရပေမယ့်၊ ပြဒါးတိုင်မှာ အမှတ်တစ်ရာ မကပါလား။ ဖျားလှချည့်ကလေးရယ်ဆိုတဲ့ ကဗျာအစပိုဒ်က အတွေးနဲ့ အရေးမျိုးကို ဆရာဝန်ကဗျာဆရာမို့သာ ရနိုင်ပေတာပေါ့။ ဒါက ဆရာဝန်မဟုတ်သူတွေ ရနိုင်တဲ့ အတွေးမျိုးမဟုတ်ဘူး။
()
အခု ကျွန်တော် ဖော်ပြခဲ့တဲ့ ကလေးကဗျာမျိုးတွေကို တခြားကဗျာဆရာများလည်း ရှုထောင့်အမြင် အမျိုးမျိုးနဲ့ ရေးဖွဲ့ခဲ့ကြဖူးပါတယ်။ စာရေးဆရာများကလည်း ၀တ္ထုပုံစံအမျိုးမျိုးနဲ့ ရေးသားခဲ့ကြပါတယ်။ အားလုံးရဲ့တစ်ခုတည်းသော ရည်ရွယ်ချက်ကတော့ ဒီလိုကလေးတွေ အမှန်တကယ် ရှိနေကြတယ်ဆိုတာကို သိရှိလက်ခံပြီး သူတို့လေးတွေအတွက် လှပတဲ အနာဂတ်ကို စုပေါင်းပုံဖော် တည်ဆောက်ပေးကြဖို့ပဲ ဖြစ်ပါတယ်။ ဆင်းရဲလို့ စာမတတ်၊ စာမတတ်လို့ ဆင်းရဲဆိုတဲ ၀ိုင်းကြီးပတ်ပတ် သံသရာကြီးကို အမြန်ဆုံး ရပ်တန့်နိုင်အောင် ကြိုးစားကြရပါတော့မယ်။
မဝေးလှတဲ့ အချိန်လေးတစ်ခုမှာတော့ မရွှေဒေါင်းတို့၊ မရေသည်တို့၊ ငဘတို့၊ မောင်ဘသာတို့လို ကလေးတွေဟာ ပူပန် ကြောင့်ကြ ကင်းဝေးတဲ့ မိဘရဲ့ ရင်ခွင်ရိပ်ကို ခိုလှုံရင်း စာသင်ကျောင်းက ခေါင်းလောင်းသံရဲ့ ချိုမြိန်မှုကို အများနည်းတူ ရရှိ ခံစားနိုင် ကြလိမ့်မယ်လို့ ယုံကြည်စွာ မျှော်လင့်မိပါတယ်။
လေးလွင်လတ်
(ရနံသစ်၊ ၂၀၁၂ မတ်လ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis