menu

Tuesday 7 August 2012

ဈေးရောင်းချခြင်းမပြုရန် တားမြစ်ခံရသည့် ဈေးသည်များ လှုပ်ရှားမှုပြုလုပ်ခဲ့သည့်အတွက် ထိန်းသိမ်းခံရ



အင်းစိန်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ အင်းစိန်ပန်းခြံအနီးတွင် ရောင်းချနေသော လမ်းဘေး ဈေးရောင်းသူများကို ဈေးရောင်းချခြင်း မပြုရန် တားမြစ်မှုများ ပြုလုပ်ခဲ့သည့်အပေါ် အဆိုပါ ဈေးသည်များမှ လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည့်အတွက် သက်ဆိုင်ရာမှ ဈေးသည်များကို ခေါ်ယူထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။
ဈေးရောင်းချခွင့် တားမြစ်ခြင်း ခံခဲ့ရသော ဈေးသည်များမှာ သြဂုတ်လ ၆ ရက်နေ့ မွန်းလွဲ ၃နာရီ ဝန်းကျင်ခန့်က ၎င်းတို့ ဈေးရောင်းချခဲ့သည့် နေရာဖြစ်သည့် အင်းစိန်ပန်းခြံအနီး တစ်နေရာတွင် 'ဈေးသည်များ ဈေးမရောင်းရ၍ အလှူခံနေပါသည်' ဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဈေးသည် ၃၀ ဦး ဝန်းကျင်မှ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသဖြင့် အင်းစိန်မြို့နယ် ရဲစခန်းမှ ညနေ ၅ နာရီအချိန်ခန့်တွင် ဈေးသည် ၁၁ ဦးဝန်းကျင်အား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ အင်းစိန်ပန်းခြံအနီးတွင် သစ်သီးရောင်းသူ ကိုအောင်အောင်က "ဒီမှာရောင်းလာတာ ဆယ်နှစ်ကျော်ပါပြီ။ ဈေးရောင်းခွင့် ပိတ်တာက ရက်နှစ်ဆယ်ကျော်ပြီဗျ။ အခုဟာက ဆန္ဒပြတာမဟုတ်ပါဘူး။ ဈေးသည်တွေ ဈေးရောင်းချခွင့် မရတော့ စားဝတ်နေရေး ခက်ခဲလို့ ကျွန်တော်တို့ကလည်း အခြားပညာတွေ မတတ်တော့ အခုလိုအလှူခံတာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် တောင်းစားနေတာပါဗျာ။ ဖမ်းရင်လည်း ခံရမှာပဲ။ မတတ်နိုင်တော့ဘူး"ဟု ပြောပြခဲ့သည်။
အင်းစိန်မြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူး ဦးလှထွေးက "အုပ်ချုပ်ရေးမှူး တစ်ယောက်ရဲ့ လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်တာပါ။ ကျွန်တော်တို့ စည်ပင်သာယာက လမ်းဘေးဈေးသည်တွေကို ရောင်းချခွင့် ဘယ်တုန်းကမှ မပြုခဲ့ပါဘူး။ ဈေးကောက် ကောက်ခြင်းလည်း မရှိပါဘူး။ အရင်တုန်းက အရေးမယူခဲ့ဘူးဆိုတာက ကျွန်တော်တို့ ဝန်ထမ်းတွေက အခွန်ကိစ္စတွေ လုပ်ငန်းတာဝန်တွေ များနေတဲ့အတွက်ကြောင့်ပါ။ ဈေးသည်တွေ ပလက်ဖောင်းပေါ်မှာ အပြည့်ခင်းပြီး ဈေးရောင်းနေရင် ခရီးသွား ပြည်သူတွေ အနေနဲ့ ကားလမ်းပေါ်က လမ်းလျှောက်တဲ့အခါ ယာဉ်အန္တရာယ် ဖြစ်ပွားနိုင်တာကြောင့်လည်း အခုလို ဈေးရောင်းချခွင့် ပိတ်ပင်တာပါ"ဟု ပြောပြခဲ့ပါသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ အင်းစိန်မြို့နယ်၊ မြို့နယ်မှူး ဒုရဲမှူးမြင့်သိန်းက "ဈေးသည်တွေက ကတ်ထူစက္ကူတွေပေါ်မှာ စာတွေရေး၊ လူစုပြီးတော့ ပြောဆိုနေကြတယ်။ အခုလိုလုပ်မယ်ဆိုရင် ဥပဒေတွေရှိတယ်။ ကြိုတင်ခွင့်ပြုချက် လျှောက်ထားပြီး မလုပ်ဆောင်တဲ့အတွက် ထိန်းသိမ်းရခြင်းဖြစ်ပါတယ်"ဟု ပြောကြားခဲ့ပါသည်။
အဆိုပါ လမ်းပေါ်တွင် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ အလှူခံခြင်းများ ပြုလုပ်နေသော ဈေးသည်များသည် ဟင်းသီးဟင်းရွက်၊ သစ်သီး၊ အသားငါးနှင့် စားသောက်ဖွယ်ရာများ စသည်တို့ကို ရောင်းချကြသူများ ဖြစ်ကြကြောင်း သိရသည်။
ထိန်းသိမ်းခံရသော ဈေးသည်များအနက် အများစုမှာ မိသားစု စားဝတ်နေရေးကို အဓိက ဦးဆောင် ရှာဖွေနေသူများ ဖြစ်ကြောင်း ထိန်းသိမ်းခံရသော ဈေးသည်များနှင့် နီးစပ်သူများက ပြောပြခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis